Thursday, June 21, 2018

ဘုရားဆုပန်ထားသူများအတွက် အမေး+အဖြေ



အမေး။ ။ အရှင်ဘုရား အကြောင်းက ဆုကြီးပန်နှင့် ပတ်သက်ပါတယ်ဘုရား။ တပည့်တော် သိလိုသည်မှာ ဆုကြီးပန်သူတို့တွင် ရှိသင့်သည့် အကြောင်းများ၊ ထို့နောက် ဆုကြီးပန်သူတို့ ၀ိပဿနာ အားထုတ်ရင်း အရိယာ ဖြစ်သွားနိုင်ပါသလားဘုရား၊။
တပည့်တော် သိလိုသည်မှာ အထက်ပါအကြောင်းအရာတို့ပင်ဖြစ်ပါတယ် ဘုရား။ အဘယ်ကြောင့်ဆိုသော် မကြာခင်က အချို့  သော ပုဂ္ဂိုလ် တို့မှာ ဆုကြီးပန်ဖြစ်၍သေသေချာချာ အားမထုတ် တော့ကြောင်း၊သောတာပန်ဖြစ်သွားမည်ကိုစိုးရိမ်ဟန် စသဖြင့် ရေးထားပါတယ်ဘုရား။ပြီးနောက်အခြားတစ်ဖက်က ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ပင်လျှင် အလောင်းတော် ဘ၀မှာပင်လျှင် ကြိုးစားအားထုတ်ခဲ့ဖူးကြောင်းစသည်ဖြင့်ရေးသားထားပါတယ်ဘုရား။

တပည့်တော်ကိုယ်တိုင်လည်း ထိုမေးခွန်းကိုအလွန်စိတ်ဝင်စားပါတယ်ဘုရား။ ထို့ကြောင့် အရှင်ဘုရားမှ ကရုဏာရှေ့ထားဖြေကြားပေးပါရန် ရိုသေစွာလျှောက်ထားအပ်ပါသည် အရှင်မြတ်ဘုရား။ှ
တပည့်တော် အထက်က ဖော်ပြထားသော ကြိုးစားအားထုတ်သည် ဆိုသည်မှာ ၀ိပဿနာ ကို ဆိုလိုပါသည်ဘုရား။
အဖြေ။ ။ ဘုရားအလောင်း ဖြည့်ကျင့်ရသော ပါရမီ(၁၀)ပါး အပြား(၃၀)တို့တွင် ပညာပါရမီအရာ၌ ပရမတ္တရုပ် နာမ်နှင့်စပ်သော ဝိပဿနာပညာသည်သာ အကြီးဆုံး အမြတ်ဆုံးဖြစ်လေသည်။ ပညာပါရမီကို မဖြည့်သော ဘုရားအလောင်းတို့မှာ ပညာပါရမီသည် အလိုလိုပြည့်လိမ့်မည် မဟုတ်ပေ။ ဘုရားဆုပန်သော ပုဂ္ဂိုလ်များသည် ဝိပဿနာတရားအလုပ်ကို အစွမ်းကုန် အားထုတ်ကြသော်လည်း မိမိတို့ပန်ဆင်ထားသော ဘုရားဆုက တားမြစ်နေသဖြင့် မဂ် ဖိုလ်သို့ မဆိုက်ရောက်နိုင်ပေ။ လွန်စွာ့အဆုံး အနုလောမဥာဏ်၊ ဂေါတြဘူဥာဏ်သို့ ဆိုက်ရောက်ရုံသာ (ဝါ) သင်္ခ`ါရုပေက္ခာဥာဏ်သို့ ဆိုက်ရောက်ရုံသာ ဆိုက်ရောက်နိုင်လေသည်။ ရှေ့သို့မတက်တော့ဘဲ ၄င်းဥာဏ်တို့၌ပင် တန့်နားရပ်ဆိုင်း၍ နောက်သို့ ပြန်နစ်နေရလေတော့သည်။
ဘုရားဆုပန်သော ဗောဓိသတ္တများသည် ဘဝကို အပြစ်လို့ရှုမြင်နေတဲ့အတွက် အကျင့်ပဋိပတ်ကို မျက်ခြည်အပြတ်မခံပါဘူး။ ဘုရားအဖြစ်ဆိုတာ တစ်ဘဝ၊ နှစ်ဘဝနဲ့ရတာမဟုတ်လို့ ရလာတဲ့ ဘဝမှာ ပါရမီကိုအထူးကြိုးစားအားထုတ်ကြပါတယ်။ ဒါန သီလ ပညာ စတဲ့ပါရမီဖြည့်ခန်းနဲ့ကြုံလာရင်သားမယား စည်းစိမ်ဥစ္စာတွေကို မငဲ့ကွက် စွန့်လွှတ်ပြီးဖြည့်ကျင့်လေ့ရှိပါတယ်။ ကိုယ်အင်္ဂ`ါတွေကို စွန့်ပြီး ဖြည့်ကျင့်လေ့ရှိပါတယ်။ အသက်ကိုပင် စွန့်ဝံ့တဲ့ ဆန္ဒပြင်းပြမှုရှိပါတယ်။ သောတာပန်ဖြစ်မှာစိုးလို့ တရားအားမထုတ်ဘူးဆိုတာ သဘာဝမကျလှပါ။
၁။ တတော ပုရိမပုရိမေသု ဟိ ဘဝေသု သဗ္ဗညုတဗောဓိသတ္တာ ဗုဒ္ဓသာသနေ ပဗ္ဗဇိတွာ၊ တီဏိပိဋကာနိ ဥဂ္ဂဟေတွာကတပစ္စာ ဂတဝတ္တံ အာရုယှကမ္မဋ္ဌာနံ အနုလောမ ဂေါတြဘု အာဟစ္စ ဌပေန္တိ။
၂။ သမဏဓမ္မံကရောန္တော ဝိပဿနံ ဝဍ္ဎေတွာ ယာဝအနုလောမဥာဏံ အာဟစ္စ တိဋ္ဌတိ။
၃။ ပုဗ္ဗယောဂေါ နာမ ပုဗ္ဗဗုဒ္ဓါနံ သာသနေ ယောဂေါဝစရတာ ဂတာပစ္စဂတိကသာဝေန ယာဝအနုလောမဂေါတြဘု သမီပံ ပတ္တဝိပဿနာနုယောဂေါ။
၎။ အနုလောမဂေါကြတု သမီပန္တိ အနုလောမဂေါတြဘုနံ သမီပေ အာသန္ဓေ သင်္ခ`ါရုပေက္ခံ။
အထက်ပါ ကျမ်းဂန်လာ သာဓကစကားများအရ ဘုရားဆုပန်ဆင်ကြသော ပုဂ္ဂိုလ်များသည် အမှန်ကို သိကြရပြီးဖြစ်သည့်အားလျော်စွာ ရှေးအခါက မိမိတို့၏ အယူအဆဝါဒအမှားများကို စွန့်လွှတ်ပြီး ပါရမီဥာဏ်ရင့်သန်ရန်အတွက် ဝိပဿနာတရားအလုပ်ကို ကြိုးစား၍ အားထုတ်ကြရမည်သာဖြစ်ပေသည်။ မဂ် ဖိုလ် ရမည့်အတွက် စိုးရိမ်ဖက်၍ မကြောက်သင့်လှပေ။ အကယ်၍ဝါဒမှားကို မစွန့်လွှတ်ဘဲ ကြောက်မြဲကြောက်နေကြပါမူကား
၁။ မြေကြီးကုန်သွားမှာကြောက်၍ မြေကိုမစားသောတီကောင်။
၂။ မြေကြီးပြိုမှာကြောက်၍ ခြေတစ်ဖက်သာထောက်လျှက် ရပ်သော ကောန္တမည်သောငှက်။
၃။ မိုးပြိုလာမည်ကြောက်၍ ခြေကိုထောင်ကာ ပက်လက်အိပ်သော တစ်တီတူးငှက်။
၎။ လောကကြီးမှာ လူပြတ်သွားမှာကြောက်၍ တရားကျင့်သော ပုဏ္ဏား။
ဤလေးဦးသားတို့သည် မကြောက်သင့်သော အရာကို ကြောက်ကြကုန်၏ဟူ၍ (ဥပရိပဏ္ဏာသ=ဋ္ဌ) ၌ဖွင့်ပြတော်မူခဲ့သည်။
ထို့ကြောင့် ဘုရားဆုပန်သူများအနေဖြင့် သောတာပန်ဖြစ်မည်စိုးသဖြင့် တရားမကျင့်ဘူးဆိုတဲ့ အယူအဆအမှားကို စွန့်လွှတ်သင့်လှကြောင်း အသိပေးလိုက်ရတော့၏။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
C/O MS

No comments:

Post a Comment