( စွဲနေသော အတွေးများနှင့် လွဲနေသော အရေးများ)
သံသရာတစ်လျှောက် ကျွန်ောတ်တို့တစ်တွေ ၃၁ ဘုံတွင်ကျင်လည်နေကြရသည် ဟူသည့် အရေး နှင့် အပြောများကို ကျွန်တော်တို့ မကြာခဏ ဖတ်ဖူးကြားဖူးနေ ကြရပေသည်။အရေး၊ အပြော များနေသော အယူအဆ တစ်ခုအဖြစ် တွင်ကျယ်စွာပြောဆို သုံးစွဲနေကြ သော်လည်း ကျွန်တော်တို့လူသားများသည် ၃၁ ဘုံတွင် အမှန်ပင် ကျင်လည်ဖူးကြပါသလော ဟု ဆန်းစစ်ရန်လိုအပ်သည်ဟု ထင်မြင်မိပါသည်။
ရှေးဦးစွာ စကြာဝဠာ တစ်ခုတွင်ရှိသော ၃၁ ဘုံ ကို သိရှိရန်လိုအပ်ပါသည်။ ဘုံ ၃၁ ၊ ဖြစ်ဖြစ်သမျှ ဝေနေယျ ဟူသည်မှာ
၁။ ငရဲ ၊ တိရိစ္ဆာန်၊ ပြိတ္တာ ၊ အသူရကာယ် ဟူသော (အပါယ် ၄ ဘုံ )
၂။ လူ့ဘုံ နှင့် နတ်ပြည် ၆ ထပ်ဟူသော ( ကာမသုဂတိ ၇ ဘုံ )
၃။ (ရူပဗြဟ္မာဘုံ ၁၆ဘုံ) ဖြစ်သော ပထမဈာန် ၃ ဘုံ ၊ ဒုတိယဈာန် ၃ ဘုံ ၊တတိယဈာန် ၃ဘုံ ဝေဟပ္ဖိုလ် ၊ အသညသတ် နှင့် သုဒ္ဓါဝါသ ၅ ဘုံ ဟူသော စတုတ္ထဈာန် ၇ဘုံ
၎။ အရူပဗြဟ္မာဘုံ ၄ဘုံ ဟူ၍ စုစုပေါင်း ၃၁ဘုံ ကိုဆိုလိုခြင်းဖြစ်ပါသည်။
လောကရှိသတ္တ၀ါမှန်သမျှတို့သည် နိဗ္ဗာန် မရမီ ကာလပတ်လုံး ၃၁ ဘုံတွင်ကျင်လည်နေကြရပါ၏။သို့ရာတွင် ၃၁ ဘုံလုံးသို့ အားလုံးရောက်ရှိ ကျင်လည်နေကြသည်တော့မဟုတ်ပါ။ အထူးသဖြင့် ကျွန်တော်တို့ လက်ရှိတည်ရှိနေရာ ကာမဘုံသားများကိုအထူးပြု ပြောလိုပါသည်။
ကာမဘုံသားများအနက် ***ဒုဂ္ဂတိအဟိတ် ၊ သုဂတိ အဟိတ် ၊ဒွိဟိတ် နှင့် ဈာန်မရ သော တိဟိတ်ပုဂ္ဂိုလ်တို့သေလွန်လျှင် ကာမ ၁၁ ဘုံသို့သာ ရောက်ရှိနိုင်ကြပါ၏။ ( ကာမ ၁၁ ဘုံဟူသည်မှာ အပါယ် ၄ဘုံ နှင့် ကာမသုဂတိ ၇ ဘုံဖြစ်ပါသည်။) ***ဈာန်ရ တိဟိတ်ပုဂ္ဂိုလ်တို့သေလွန်လျှင် သုဒ္ဓါဝါသ၅ ဘုံကြဉ် ဗြဟ္မာ ၁၅ ဘုံသို့သာ ရောက်နိုင်ကြပါ၏။ ***ဈာန်မရသော သောတာပန် နှင့် သကဒါဂါမ် ပုဂ္ဂိုလ်တို့ သေလွန်လျှင်မူ ကာမသုဂတိ ၇ ဘုံသို့သာရောက်နိုင်ပါ၏ ***ဈာန်ရသော သောတာပန် နှင့် သကဒါဂါမ်ပုဂ္ဂိုလ်တို့ သေလွန်လျှင်မူကား သုဒ္ဓါဝါသ ၅ ဘုံ နှင့် အသညသတ်ကြဉ် ဗြဟ္မာ ၁၄ ဘုံသို့သာ ရောက်နိုင်ကြပါ၏။ ***အနာဂါမ် ပုဂ္ဂိုလ်တို့မှာမူ အသညသတ်ကြဉ် ဗြဟ္မာ ၁၉ ဘုံသို့ရောက်ရှိနိုင်ကြပေသည်။
(ဗြဟ္မာ ဘုံ ၂၀ ဟူသည်ကား ရူပဗြဟ္မာဘုံ ၁၆ ဘုံ နှင့် အရူပဗြဟ္မာဘုံ ၄ဘုံ တို့ ဖြစ်ပါသည် )
(ဗြဟ္မာ ဘုံ ၂၀ ဟူသည်ကား ရူပဗြဟ္မာဘုံ ၁၆ ဘုံ နှင့် အရူပဗြဟ္မာဘုံ ၄ဘုံ တို့ ဖြစ်ပါသည် )
သုဒ္ဓါဝါသ ၅ ဘုံ အကြောင်းဆက်ပါဦးမည်။
အ၀ိဟာ ၊ အတပ္ပါ၊ သုဒဿာ ၊ သုဒဿီ ၊ အကနိဋ္ဌ ဟူ၍ သုဒ္ဓါဝါသ ၅ ဘုံရှိရာ ထို သုဒ္ဓါဝါသ ၅ ဘုံသို့အနာဂါမ်ပုဂ္ဂိုလ်များ သာရောက်ရှိကြစမြဲဖြစ် ပါသည်။ထို ဘုံ ၅ ဘုံ တွင် အနာဂါမိ မဂ္ဂဋ္ဌာန် ၊အနာဂါမိ ဖလဋ္ဌာန် နှင့်ရဟန္တာ ပုဂ္ဂိုလ်များသာ ရှိကြပါသည်။ အနာဂါမ် ပုဂ္ဂိုလ်မှန်သမျှတို့သည် ဈာန်မရသူဟူ၍မရှိပါ၊ အကယ်၍ ရှေးရှေးက ဈာန်မရခဲ့လျှင်လည်းသေခါနီးအချိန်တွင် ဈာန်ရစမြဲဖြစ်ပါသည်။သုဒ္ဓါဝါသ ဘုံများသို့ရောက်ရှိနေကြသော အနာဂါမ်ပုဂ္ဂိုလ်တို့ စုတိရာတွင်မူ အထက် အထက် သော သုဒ္ဓါဝါသဘုံများတွင်သာ ပဋိသန္ဓေ နေကြမြဲဖြစ်ပါသည်။ အ၀ိဟာ ဘုံတွင်စုတိသော အနာဂါမ်ပုဂ္ဂိုလ်သည် အတပ္ပါ ဘုံတွင်လည်းကောင်း အတပ္ပါ ဘုံတွင်စုတိသော အနာဂါမ်ပုဂ္ဂိုလ်သည် သုဒဿာ ဘုံတွင်လည်းကောင်း သုဒဿာ ဘုံတွင်စုတိသော အနာဂါမ်ပုဂ္ဂိုလ်သည် သုဒဿီ ဘုံတွင်လည်းကောင်း သုဒဿီ ဘုံတွင်စုတိသော အနာဂါမ်ပုဂ္ဂိုလ်သည် အကနိဋ္ဌ ဘုံတွင်လည်းကောင်း ဘုံစဉ်စံကြပြီးပရိနိဗ္ဗာန်စံကြစမြဲဖြစ်ပါသည်။ အကိနိဋ္ဌဘုံသားအနာဂါမ်ပုဂ္ဂိုလ်တို့သည်ကား မည်သည့်ဘုံတွင်မှပဋိသန္ဓေ မနေကြတော့ဘဲ ဧကန် ရဟန္တာ ဖြစ်ကြသည်သာဖြစ်ပါသည်။
ထို့ကြောင့် သုဒ္ဓါဝါသ ၅ ဘုံ သို့ရောက်ရှိကြပြီးသူ (အနာဂါမ် ပုဂ္ဂိုလ် )တိုင်းသည် ကျွန်တော်တို့လူ့ဘုံအပါအ၀င် (သုဒ္ဓါဝါသ၅ ဘုံ )မှလွဲ၍မည်သည့်ဘုံကိုမျှ မရောက်ကြတော့ပါ။
အများပြောနေကြသည့်၃၁ ဘုံတွင် ကျွန်တော်တို့ ကျင်လည်နေကြသည်ဆိုသည်မှာ.. လွဲမှားနေသော အယူအဆ တစ်ခုသာဖြစ်ပြီးအမှတ်စင်စစ်ကား ( သုဒ္ဓါဝါသ ၅ ဘုံ )ကြဉ်သော ၂၆ ဘုံကိုသာ ရောက်ဖူးကြခြင်းဖြစ်ပါသည်။
၃၁ ဘုံ ၊အလုံးစုံ ၊အကုန်မရောက်ဖူးသေးပါ
၂၆ ပါ့ ၊ရောက်ဖူးကြ ၊ကြွင်းပ သုဒ္ဓ၀ါ။
၂၆ ပါ့ ၊ရောက်ဖူးကြ ၊ကြွင်းပ သုဒ္ဓ၀ါ။
No comments:
Post a Comment