သစၥာ [သတ်] (သတ်+ယ) (န) ထင်ရှားယှိခြင်း ။ အမှန် ။ မှန်ခြင်း။ မှန်သောစကား။ သစ္စာတရား။
(တိ) မှန်သည်။ ဟုတ်မှန်သည်။ မဖောက်ပြန်သည်။
ဟုအဘိဓာန်တွင် ဖွင့်ဆိုထားပေသည်။
ထို့ကြောင့် မလိမ်မညာမှန်တာပြောပါက သစ္စာဟု ဆိုပေသည်။ ကောင်းသည် ဆိုးသည် ပဓာနမဟုတ်ပေ။
အမှန်အတိုင်းပြောဆို သစ္စာပြုသောကြောင့် သူငယ်တစ်ယောက် အသက်မသေ ချမ်းသာယာရဖူးခဲ့သည်။
တစ်ခါက ရသေ့တစ်ဦသည် ဥယျာဉ်တစ်ခု၌ ကျောင်းဆောက်ကာ သီတင်းသုံးနေထိုင်၏။ မိတ်ဆွေ ဒကာတစ်ဦးသည် ဇနီးနှင့်သားငယ်ကိုခေါ်၍ ရသေ့ထံရောက်လာကာ လှူဖွယ်တို့ကို ပေးလှူ၏။ ရသေ့နှင့် ဇနီးမောင်နှံ စကားလက်ဆုံကျနေခိုက် သားငယ်သည် ကျောင်းအောက် မြေတလင်းတွင် ဂျင်ပေါက်ကာ ဆော့ကစားနေသည်။ ကစားနေစဉ် ဂျင်သည်တောင်ပို့တွင်းသို့ကျသွားလေသည်။ သူငယ်သည် ဂျင်ပြန်ရလိုဇောနှင့် တောင်ပို့တွင်းသို့ လက်ဖြင့်နှိုက်ရာ တွင်းမှမြွေကိုက်ခံရသောကြောင့် အဆိပ်မွှန်ပြီး မေ့မြောလေ၏။
မိဘနှစ်ပါးသည် ကလေးကိုပွေ့၍ ရသေ့ထံခေါ်သွားပြီး မြွေဆိပ်ပြယ်စေရန် ကုသပေးပါဟု တောင်းပန်၏။ ရသေ့လည်း ဆေးဝါးမကျွမ်းကျင် ဒုက္ခရောက်နေ၏။ နောက်မှ အကြံရကာ သစ္စာဆိုလေ၏။
" ငါသည်ရသေ့ဝတ်ခဲ့သည်မှာ အနှစ်(၅၀)ကျော်ခဲ့ပါပြီ၊ ရသေ့ဝတ်ခါစ ခုနစ်ရက်မှသာ ပျော်ပိုက်၍ တရားအားထုတ်ခဲ့သည်။ ခုနစ်ရက်မှ ယခုအချိန်အထိ မပျော်ပိုက်သော်လည်း အောင့်အည်းသည်းခံ၍ နေခဲ့၏။ မပျော်ပိုက်သည်ကို မပျော်ပိုက်ပါဟူ၍ မည်သူ့အားမျှ မပြောကြားခဲ့ပါ။ ဤမှန်သော သစ္စာစကားကြောင့် ကလေး၏ရောဂါသည် အမြန်ပျောက်ကင်းပါစေ . . .။ "
ဤသို့ ရသေ့သစ္စာဆိုလိုက်သည်နှင့်တပြိုင်နက် ကလေးငယ်သည် မျက်လုံးကလေးဖွင့်၍ "အမေ" ဟုနှုတ်မှ ခေါ်လေ၏။ ရင်ဘတ်အထက်ပိုင်းရှိ အဆိပ်တို့သည် အောက်သို့လျောကျလာသောကြောင့် အနည်းငယ် သက်သာလာစပြုလေ၏။
တဖန် ဖခင်သည်လည်း ရင်သွေးငယ်၏ အဆိပ်ပြယ်စေရေးအတွက် -
" အကျွန်ုပ်သည် အလှူးပေးခြင်းကို လုံးဝ မနှစ်သက်ပါ။ အကျွန်ုပ်အိမ်သို့ အလှူခံပုဂ္ဂိုလ်များ လာသည်ကိုလည်း မကြိုက်ပါ။ ယင်းသို့မကြိုက်သော်လည်း နှမြောဝန်တို၍ ကပ်စေနည်းသူအဖြစ် တခြားသူများမရိပ်မိအောင် အစဉ်အလာမပျက် ပေးလှူခဲ့ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် သားလေး၏အဆိပ်သည် အမြန်ပျောက်ကင်းပါစေ . . .။ "
ဟု ဖခင်သစ္စာဆိုလိုက်သည်နှင့် ခါးအထက်ပိုင်းရှိ အဆိပ်တို့သည် အောက်သို့ လျောကျလာသောကြောင့် ကလေးငယ်သည် အိပ်ရာမှ ထ၍ထိုင်လေ၏။ထို့ပြင်မိခင်ဖြစ်သူလည်း ရင်သွေးငယ်၏ရောဂါ ပျောက်ကင်းရေးအတွက် -
" ချစ်စွာသောသားငယ် - အမေသည် သင်၏အဖေနှင့် ဤမြွေဆိုးကြီးကို လုံးဝ မချစ်ရိုးအမှန်ပါ။ ထပ်တူထပ်မျှ ရွံမုန်းလှပါ၏။ သင်၏အဖေနှင့် ဤမြွေဆိုးကြီးအပေါ်ထားရှိသော စိတ်ဓာတ်တို့မှာ အတူတူပင်ဖြစ်ပါ၏။ သင်၏အဖေ အိပ်ဦးနတ်အပေါ် ၀မ်းတွင်းကမချစ်သော်လည်း ဆွေမျိုးမိဘ အရှက်မရစေလိုသောကြောင့် ယနေ့ထိ အောင့်အည်းသည်းခံ ပေါင်းသင်းခဲ့ပါ၏။ ဤမှန်သော သစ္စာစကားကြောင့် သားငယ်၏ရောဂါသည် ပျောက်ကင်းပါစေ . . .။ "
ဤသို့ အမိ၏ သစ္စာစကားဆုံးသည်နှင့် တပြိုင်နက် ကလေးငယ်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ရှိသောအဆိပ် တို့သည် လျောကျပျောက်ကင်းပြီး ပကတိအတိုင်း ကျန်းမာ လန်းဆန်း၍ ဆော့ကစားလေ၏။ဤကား လိမ်လည်မုသားကင်း၍ (မုသာဝါဒ၀ိရတီ) သုစရိုတ်အကျိုးတည်း။
ထိုဖြစ်ရပ်တွင် အမှန်တရားဟူသည် လွန်စွာခါးသီးလွန်းသည် ဆိုသော စကားရပ်နှင့် ကိုက်ညီနေသည်ကို တွေ့ရပေသည်။ ရသေ့ ၊ ဖခင်၊ မိခင် တို့သည် သူတို့ တသက်လုံး ထိန်းသိမ်းလာသည့် သူတို့၏ အရှက်နှင့် သိက္ခာကို ကလေး၏ အသက်နှင့် လဲလှယ်လိုက်ကြခြင်းဖြစ်သည်။ သူတို့ ပြုသော သစ္စာစကားများသည် ကောင်းသည့်အရာများမပါစေကာမူ မှန်နေသောကြောင့် သစ္စာ၏သတ္တိစူးရောက်ကာ အဆိပ်ပြယ်သွားခြင်း ဖြစ်ပေသည်။
ထိုကဲ့သို့ အမှန်ကို အမှန်အတိုင်းပြောဆိုနိုင်ခြင်းသည် လူသာမာန်တို့ သာမာန်အချိန်တွင် မတတ်နိုင်ချေ။ ထိုသူသုံးယောက်သည်ပင်လျှင် ကလေးငယ်၏အသက် နှင့်ယှဉ်သည်ဖြစ်နေသောကြောင့် မိမိတို့ ဖုံးကွယ် ထားသည်များကို ဖွင့်ချပြောရန် ခွန်အားသတ္တိများ ဖြစ်လာကြသည်ဖြစ်သည်။
ကျွန်ုပ်တို့ရော အရေးကြုံလာလျှင် ထိုကဲ့သို့ သတ္တိကောင်းစွာ သစ္စာပြုရဲကြပါမည်လော?
(ဒသကနိပါတ်၊ ကဏှဒီပါယနဇာတ်၊ အဋ္ဌကထာ) မှထုတ်နှုတ်တင်ပြပါသည်။
No comments:
Post a Comment