Wednesday, May 29, 2013

အင်းဝမြို့  ရဟန္တာ အရှင်သဒ္ဓမ္မာလင်္ကာရ

ဘကြီးတော်လက်ထက် အင်းဝမြို့  မိုးထိကျောင်း၌ စာပေပရိယတ္တိသင်ယူနေဆဲ
သီတင်းသုံးဖော် မိတ်ဆွေရဟန်း နှစ်ပါးရှိ၏။ တစ်ပါးက အရှင်သဒ္ဓမ္မာလင်္ကာရ၊
တစ်ပါးက အရှင်ဝိသုဒ္ဓါစာရ၊ ၀ိနည်းအရာ၌ ရိုသေလေးစား၍ တစ်ပါးကိုတစ်ပါး
အလွန်ချစ်ကျွမ်းဝင်ကြသည်။ စာပေပရိယတ္တိလည်း ကျွမ်းကျင်ကြ၏။

တစ်နေ့ သောအခါ အရှင်သုဒ္ဓမ္မာလင်္ကာရက အရှင်ဝိသုဒ္ဓါစာရအား -
“ငါ့ရှင် ၊ ငါတို့ သည် ရခဲသော လူ့ ဘ၀တွင် ရဟန်းဘ၀ကိုလည်း ရခဲ့ကြပြီ။

စာပေပရိယတ္တိလည်း စွမ်းအားရှိသလောက် တတ်မြောက်ကြပြီ၊ အပြစ်မရောက်ရုံနေသည်မှအပ
ရဟန်းကိစ္စကားမလုပ်ရသေး၊ ရဟန်းကိစ္စ မပြီးသေးသမျှ သံသရာဘေးကား
ရင်လေးစရာဖြစ်ပေသည်။ အလွန်ကြီးမားသော ပိင်္ဂလငါးကြီး တစ်ကောင်မှာ လွန်ခဲ့သော ဘ၀က ကျောင်းတိုက်ပေါင်းများစွာ တပည့်ပေါင်းများစွာကို ပရိယတ္တိသင်ကြားပေးခဲ့သော
လွန်စွာကျမ်းဂန်တတ် မထေရ်ကြီးတစ်ပါးဖြစ်သတတ်။ ပရိယတ္တိမျှဖြင့် အပါယ်ဘေးမှ
မအေးနိုင်သေးချေ။ “ပရိယတ္တိ ဗဟုလော နော ဓမ္မ၀ိဟာရီ” စာပေကျမ်းဂန် တတ်သိရုံမျှဖြင့်
တရားရှုသူမမည်သေး။ ၀ိပဿနာတရားအားထုတ်ရန် အချိန်တော်ပြီဟု အောက်မေ့သည် ငါ့ရှင်” ဟု
တိုင်ပင်လေသည်။
အရှင်ဝိသုဒ္ဓါစာရလည်း နဂိုကပင် သံဝေဂဥာဏ် ပါရမီဓါတ်ခံရှိသည့်အားလျော်စွာ၊
“ယခုအခါ မဂ်ဖိုလ်နိဗ္ဗာန် ဈာန်အဘိဥာဏ် တရားများရကောင်းသည်ဟု
တပည့်တော်ယုံကြည်ပါသည်၊ ရှေးမဆွကပင် ၀ိပဿနာအားထုတ်ရန် ဆန္ဒရှိပါသည်ကို
ယခုကဲ့သို့ အမိန့် ရှိ၍ ၀မ်းမြောက်လှပါသည်၊ သို့ သော်လည်း ဤအလုပ်သည် ဆရာနှင့်ကင်း၍
မလုပ်အပ်ပါ။ ‘ယထာဘူတံ ဥာဏာယ သတ္တာ ပရိယေသိတဗ္ဗော’ ရုပ်နှင့် နာမ်ကို အမှန်တကျသိရန်
ဆရာရှာရမည်ဟုလည်း ဟောတော်မူပါသည်၊ ဆရာတွေ့ ပါပြီလားဘုရား” ဟု ပြန်လည်လျှောက်ထား၏။
” ငါ့ရှင်ပြောသည်ကိုလည်း သဘောကျပေ၏၊ ဤသို့ ဖြစ်လျှင် ကျမ်းဂန်လည်း တတ်မြောက်၍
တရားပေါက်အောင်လည်း ပြနိုင်စွမ်းသော ဆရာကို ရှာကြမည်၊ ဥပတိဿ ၊ ကောလိတ တို့ ကဲ့သို့
ငါ့ရှင်လည်း တစ်လမ်းကြွ၊ တပည့်တော်ကလည်း တစ်လမ်းထွက်ပါမည်၊ ဆရာကိုတွေ့ လျှင်
တစ်ဦးကိုတစ်ဦး အသိပေးစတမ်း”ဟု အရှင်သဒ္ဓမ္မာလင်္ကာရကပြော၍ အချင်းချင်းကတိက၀တ်ထားကာ
သပိတ်တစ်လုံး သုံးထည်သော သင်္ကန်းဖြင့် ဆရာရှာထွက်ကြရာ နှစ်နှစ်ကျော်ကြာခဲ့လေသည်။
အရှင်သဒ္ဓမ္မာလင်္ကာရသည် ရောက်လေရာရာ သတင်းကို စုံစမ်းနားခံရင်း နောက်ဆုံးတွင်
စစ်ကိုင်းတောင်သို့ ရောက်လေသည်၊ ထိုအချိန်က ရေစကြိုမှ ဈာနာလာဘိ အရှင်မြတ် ပဘာချောင်၌
သီတင်းသုံးတော်မူစဖြစ်သည်။ အရှင်သဒ္ဓမ္မာလင်္ကာရသည် အရှင်ဝိသုဒ္ဓါစာရ ဘယ်အရပ်သို့ ရောက်နေကြောင်း စုံစမ်းမရသဖြင့် ပဘာချောင်သို့ တစ်ပါးတည်းကြွလာခြင်းဖြစ်၏။
အရှင်သဒ္ဓမ္မာလင်္ကာရသည် ပဘာချောင် ဈာနာလာဘိပုဂ္ဂိုလ်ထံသို့ ခြေတော်ဦးခိုက်ရှိခိုးကာ
ကမ္မဋ္ဌာန်းတရားချီးမြှင့်ရန် ရိုသေစွာလျှောက်ထားသည်။ ထိုအခါ ယောဂီတို့ လိုက်နာရမြဲဖြစ်သော
ကမ္မဋ္ဌာန်းဘာဝနာ၏ ပရိကံ (ရှေ့ပြေးပြင်ဆင်မှု) များကို မိန့် တော်မူသည်။
ပလိဗောဓ ဆယ်ပါးကို တင်းကြပ်စွာရှောင်ခိုင်းသည်။
“ငါ့ရှင် ၊ သီလကို ဦးစွာစင်ကြယ်စေရမည်။ သီလခြေထောက်မပါဘဲ သွား၍မရ။ ၂၂၇ သွယ် အကျယ်အားဖြင့် များပြားလှသော်လည်း ကိုယ်နှုတ်စိတ် သုံးပါး စောင့်နိုင်လျှင် ပြီးတော့သည်။ ထိုသုံးမျိုးတွင်လည်း
မိမိစိတ်တစ်ခုကို နိုင်လျှင် မည်သည့်ကျင့်ဝတ်မျှ ၀န်မလေး။ အလုံးစုံပေါ့ပါးသွားတော့သည်။
ပရိက္ခရာ ၈ ပါးမှ တစ်ပါးအပို မိမိအပိုင်မထားရ၊ ပစ္စည်းအပိုထားလျှင် တစ်ပါးတည်းနေသော်လည်း
ဧကစာရမမည်။ ‘မီးခိုးမစဲ ရဟန်းမွဲ’ ဆိုသကဲ့သို့  လျှာအလိုလိုက်လျှင် ဆုံးဖွယ်မရှိ’ရသမျှနှင့်ရောင့်ရဲရမည်၊
ငါ့ရှင်တတ်နိုင်မည်လော” ဟု မေးတော်မူ၏။
အရှင်သဒ္ဓမ္မာလင်္ကာရကလည်း “ဆရာခိုင်းသမျှ မဖြစ်မနေလိုက်နာပါမည်” ဟုလျှောက်သည်။
ထိုအခါ ဆရာက ဆက်၍ မိန့် သည်မှာ “ငါ့ရှင် ကောင်းလှပေ၏၊ ဤသို့ ဆိုလျှင် ဘုရားရှေ့ မှာ
ဂုဏ်တော်ကို အာရုံပြု ၀တ်တက်ရလိမ့်မည်၊ ကိုယ်နှင့်အသက်ကို ဘုရားရှင်အား ရဲရဲဝံ့ဝံ့ စွန့်လှူပြီး
မေတ္တာကို စူးစူးစိုက်စိုက်ပွား၊ နိဗ္ဗာနဓာတ်ကို စိတ်ကုန်လွှတ်ပြီးနောက် အာနာပါန ကမ္မဋ္ဌာန်းကို ပွားများရမည်။ ထွက်လေ၀င်လေ နှာသီးဝမှ ထွက်တိုင်းဝင်တိုင်း ထိသည်ကို သိအောင် စောင့်ကြည့်ရမည်၊
စိတ်ကို အပြင်သို့ မထွက်စေရ။ ကမ္မဋ္ဌာန်းကားမခက်၊ လုပ်နိုင်သည့်သဒ္ဓါ ၀ိရိယသာ လိုတော့သည်။
ငါ့ရှင် တစ်ခုတည်းသော အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်ကိုသာ ရှေးရှုရမည်။”
“ထိနမိဒ္ဓ အ၀ိဇ္ဇာမောဟ နှိပ်စက်လွန်းအားကြီး၍ လဲလျောင်းအိပ်ရစေကာမူ နှာသီးဝမှ သတိကို မလွှတ်ရ။
ခြင်္သေ့မင်းများ အိပ်သကဲ့သို့  နိုးလာသောအခါတွင်လည်း အိပ်စက ကိုယ်နေခြေလက် မပျက်စေရဘူး။
ထိုမှတစ်ပါး ဥစ္စာထောင်ထုပ်နှင့် ရတနာများကို ဆောင်ယူ၍သွားသော ခရီးသွားယောက်ျားသည် အိပ်လိုသော်လည်း မအိပ်စက်၊ မောပန်းလှသဖြင့် တစ်ခုသော သစ်ပင်ရိပ်၌ အိပ်ပျော်သွားစေကာမူ
ဥစ္စာ၌ ကြောင့်ကြ၍ စိတ်ချလက်ချမအိပ်ဘဲ နိုးလျှင် နိုးချင်း ဥစ္စာထုပ်ကို ကိုင်မိလျက်သား ရှိသကဲ့သို့ ထွက်လေ၀င်လေကို ဤကဲ့သို့ စောင့်ရှောက်ရမည် ငါ့ရှင်”
“အာနာပါန ကမ္မဋ္ဌာန်း မထင်နိုင်သေးလျှင် ဆွမ်းခံသွားရာ၊ ရေခပ်သွားရာ စသည်တို့ ၌ ဘယ်ခြေလှမ်းလျှင် ဘယ်ခြေလှမ်းသည်၊ ညာခြေလှမ်းလျှင် ညာခြေလှမ်းသည်ဟု ခြေ၌ သတိကပ်၍ အာရုံစိုက်မှတ်သားရမည်။
“ငါ့ရှင်ကား စာပေပရိယတ္တိ ကျွမ်းသဖြင့် တော်ပေသည်။ စာမတတ်သူများကား မိမိအသိကို
ထင်စားလွန်း၍ ပျက်စီးတတ်သည်၊ အရာရာ သဒ္ဓါ ပညာ ၀ိရိယ သမာဓိ မျှတအောင်ကြိုးစားပေတော့ ငါ့ရှင်”
စသည်ဖြင့် ကမ္မဋ္ဌာန်းနှင့် စပ်သမျှ လိုလေသေးမရှိ ရအောင် နည်းပေး ညွှန်ပြတော်မူသည်။
မအိပ်မနေ သေစေတော့
အရှင်သဒ္ဓမ္မာလင်္ကာရလည်း ပဘာချောင် ဂူတစ်ခု၌ နေရာရ၍ အားထုတ်တော်မူ၏။
ဦးစွာဝတ်တက်၏။ ဘုရားရှင်အား ခန္ဓာကိုယ်ကို မငဲ့မကွက် အပြီးအပိုင်လှူသည်။
နောက် မေတ္တာပို့ အမျှဝေသည်။ ဤနည်းဖြင့် အားထုတ်ရာ မောဟတရား ထိနမိဒ္ဓများက နှိပ်စက်သဖြင့်
နေ့ အားထုတ်လိုက် ညအခါ မောဟဖုံးလိုက်၊ မောဟတစ်ထပ် အမောဟ(ဥာဏ်ပညာ ၀ိဇ္ဇာ) တစ်ထပ်ဖြစ်နေသည်။ စင်္ကြန်သွားခြင်း၊ ရေအေးအေးနှင့် မျက်နှာသစ်ခြင်း၊ စာရွတ်ခြင်း၊ နားရွက်ဆွဲခြင်း စသည်ဖြင့် အိပ်လိုစိတ်ကို ဖြေရသည်။
လေးငါးရက် ရသောအခါ ဆရာက “ငါ့ရှင် အိပ်လိုခြင်းကို သည်းမခံနိုင်၍ အိပ်လျှင် တစ်သံသရာလုံးနိုးတော့မည်မဟုတ်၊ အိပ်ခဲ့ရလှပြီ၊ ယောဂီတို့ အတွက် မအိပ်ချင်သောနေရာရှိသည်။
ငါ့ရှင်ရောက်အောင် သွားရမည်” ဟု မိန့် တော်မူရာ အားကျမခံသော သဒ္ဓါ ၀ီရိယဖြင့်
“တပည့်တော် နိသဇ်ဓုတင် ခွင့်ပြုလျှင် ဆောင်ပါမည်”ဟု လျှောက်ရာ ဆောင်ရန် တိုက်တွန်းတော်မူသည်။
နိသဇ်ဓုတင်ဟူသည် နေ့ ရောညပါ မအိပ်ပါဟု ဆောက်တည်ရသော အကျင့်ဖြစ်သည်။
မအိပ်ရုံသာမဟုတ် နိုးလျက်လည်း ကျောခင်း၍မနေရ။ မောဟနှင့်ထိနမိဒ္ဓကို အပြတ်တိုက်သော အဓိဋ္ဌာန်နည်းတစ်မျိုးပင်ဖြစ်သည်။ အရှင်မြတ်သည် မအိပ်မနေ သေသော်သေစေတော့ဟု နာမကျမ်းဖြစ်သည်ကိုပင် ဂရုမထားဘဲ ပွားများရာ ထိနမိဒ္ဓပြင်းပြ၍ စင်္ကြန်လျှောက်ရင်းက လဲကျသည့်အခါကျသည်၊ ကျလျှင် ပြန်ထ၍ လျှောက်၏။
တစ်ခုသော ညဥ့်ဦးယံတွင် ပဘာချောင်မှ ပုညရှင်စေတီသို့ တက်၍ ဆရာသမားရှေ့ တွင်မျှမက
မြတ်စွာဘုရားရှေ့ ၌ပင် နိသဇ်ဓုတင်ကို လျှောက်ထား၍ ထပ်မံတင်းကြပ်စွာ ဆောက်တည်သည်။
“ငါသည် အသက်ရှင်သမျှ ရဟန္တာမဖြစ်သမျှ မအိပ်တော့ပြီ” ။ ပထမတွင် ခက်ခဲသည်ထင်ရသော်လည်း
သဒ္ဓါ ဆန္ဒ ၀ီရိယတက်လျှင် လွယ်ကူတော့သည်။
မကြာမီ တရုဏ၀ိပဿနာ ယထာဘူတဥာဏ်သို့  သက်ဝင်၍ ရုပ်နာမ်ဖြစ်ပျက်များကို မြင်ရလေတော့သည်။
ကိလေသာကို တဒင်္ဂ ၀ိက္ခမ္ဘန အားဖြင့် ပယ်သတ်နိုင်တော့၏။ ဤသို့ သောလုံ့ လဖြင့် ၀ိပဿနာသမာဒိဋ္ဌိပွားသူမှာ ယခုဘ၀၌ပင် ရဟန္တာဖြစ်လျှင်ဖြစ် မဖြစ်သော် ခုနစ်ဘ၀ထက်မလွန်ပြီဟု
အင်္ဂုတ္တရ အဋ္ဌကထာ၌ မိန့် ဆို၏။
ပဘာချောင်ရှိ ရဟန်းရှင်လူယောဂီများတွင် အရှင်သဒ္ဓမ္မာလင်္ကာရ၏ သတင်းသည် တစ်နေ့ တစ်ခြား
ကျော်ကြား၍ ဆရာ၏ အားရကျေနပ်ခြင်း ခံရသူဖြစ်လေသည်။
တစ်နေ့ သောအခါ ဈာနလာဘီ ပုဂ္ဂိုလ်ထံ ခွင့်ပန်၍ ယခင်ကတိရှိဖူးသော အရှင်ဝိသုဒ္ဓါစာရအား
အသိပေးရန် တာဝန်လည်းရှိသည်အတွက် ပဘာချောင်မှ ထွက်ခွာခဲ့လေသည်။
ထွက်လာသည့်အချိန်မှစ၍ အရှင်ဝိသုဒ္ဓါစာရ၏ သတင်းကို စုံစမ်းရာ သတင်းအစအန မရရှိသဖြင့်
မိမိနေခဲ့ဖူးသော အင်းဝမြို့ မိုးထိတိုက်သို့ သွား၏။ အရှင်ဝိသုဒ္ဓါစာရလည်း နှစ်နှစ်သုံးနှစ်လှည့်လည်၍ ဆရာရှာမရသည့်အဆုံး စိတ်ပြေလက်ပျောက် မိုးထိတိုက်မှာ စာချနေခိုက်ဖြစ်၍ ပက်ပင်းတွေ့ ကြလေသည်။
သို့ နှင့် ပဘာချောင်ဆရာတော်အကြောင်းများကို အလာပသလ္လာပ ပြောဆိုကြပြီးလျှင် အရှင်ဝိသုဒ္ဓါစာရလည်း ပဘာချောင်သို့  လိုက်ရန် သဘောတူလက်ခံလိုက်၏။ မိုးထိကျောင်းမှ နှစ်ပါးအတူ ထွက်လာ၍ ဈာနလာဘီပုဂ္ဂိုလ်ထံ၌ အတူတရားထိုင်ကြလေသည်။
များမကြာမီ အရှင်သဒ္ဓမ္မာလင်္ကာရကား အားရကျေနပ်လောက်အောင် အားထုတ်ပြီးနောက် ဆရာအားရိုသေစွာလျှေက်ထား၍ ပဘာချောင်မှ ထွက်ခွာခဲ့သည်။ အမရပူရမြို့ ၏ အရှေ့ လမိုင်းနယ် စီရင်စု
နတ်စုရွာကို ဂေါစရဂါမ်ပြု၍ သီတင်းသုံးနေတော်မူ၏။ သမထ ၀ိပဿနာတရားများကို မိမိလည်း ကျင့်မြဲကျင့်၍ ရဟန်းရှုလူအပေါင်းကိုလည်း နည်းပေးညွှန်ပြတော်မူသည်။
ရောဂါတိုးလေ ကြိုးစားလေ
ကာလတောင်တာ ကြာလတ်သော် အရှင်သဒ္ဓမ္မာလင်္ကာရ၌ သေ၀ပါးနီး ကြောက်ဖွယ်သည်းသော
ရောဂါကြီးတစ်မျိုး စွဲကပ်လေတော့၏။ မည်မျှလောက် ရောဂါပြင်းထန်စေကာမူ
ကြိတ်မှိတ်သည်းခံတော်မူလျက် ဦးခေါင်းနှင့် ကျောကုန်းကို ခေါင်းအုံးနှင့်အိပ်ယာ၌ မည်သည့်အခါမျှ မချဘဲ
(မအိပ်စက်ဘဲ) ငုတ်တုတ်အားထုတ်မြဲ အားထုတ်တော်မူရာ မြင်ရသူ တပည့်များအတွက် စိတ်စက်မသာ
ကရုဏာဖြစ်ကြရသည်။ နောက်ဆုံးတပည့်များတိုင်ပင်ကြ၍
“ဆရာတော်ဘုရား ပင်ပန်းလှပါပြီ၊ ရောဂါလည်းသက်သာလာပါတော့မည်၊ နိသဇ်ဓုတင်ကို ခဏချထား၍ ကျမ်းမာလာမှ ဆက်လက်အားထုတ်ရန် သင့်ပါမည်”ဟု တောင်းပန်ကြ၏။
ထိုအခါ လေသံအားနွဲ့ ၍ ယဲ့ယဲ့မျှရှိသည့်ကြားက “တပည့်တို့  နိသဇ်ဓုတင်ကို အဓိဋ္ဌာန်ကြောင့်သာ
ဆောင်သည်မဟုတ် ၊ ကမ္မဋ္ဌာန်းတရားဟူသည် သေခါနီးလေ ဖိ၍ကြိုးစားရလေ လုပ်ရသည်။
ရောဂါမရှိသူပင် ပေါင်ကို ကျောက်တုံးနှင့်ထု၍ ဝေဒနာလုပ်ယူကြရဖူးသည်။ ရောဂါကို ခုခံနိုင်သည်မှ ကမ္မဋ္ဌာန်းတရားတစ်ခုသာရှိသည်။ တပည့်တို့ သေခြင်းတရားကား အဆန်းမဟုတ်။ ဘုရားရဟန္တာများသော်မှ လွန်ဆန်နိုင်ရိုးမရှိပြီ” ဟု မိန့် တော်မူ၏။ တပည့်များလည်း ဆိတ်ဆိတ်နေကြရတော့သည်။ အတန်ကြာအမောဖြေပြီးနောက်
“တပည့်တို့  ငါတို့ ကို မြတ်နိုးလျှင် သေအံ့ဆဲဖြစ်နေချိန်မှာ အားမထုတ်ရဖူးသေးသော တရားများးဖြစ်ပေါ်စေရန်သာ တိုက်တွန်းကြ။ အားထုတ်ဆဲတရားများကိုကား လျော့ပါးဆုတ်ယုတ်အောင်
မတားမြတ်ချင်ကြနှင့်” ဟု နောက်ဆုံးစကားကို မိန့် တော်မူ၏။ တပည့်များလည်း ရှေ့ ဆက်၍ မလျှောက်ရဲကြတော့ဘဲ ဂီလာန၀တ်ကိုသာ ကြိုးစားပြုစုကြရတော့သည်။
မကြာမီပင် စုတိကမ္မဇရုပ် ချုပ်ငြိမ်း၍ ခန္ဓာဝန်သိမ်းတော်မူလေသည်။
အချိန်ကား အမရပူရမြို့ နေပြည်တော၌ ပုဂံမင်းနန်းတက်ချိန်ဖြစ်၏။ တပည့်များလည်း
အလောင်းတော်ကို ပြင်ဆင်၍ နန်းတော်သို့ သတင်းပို့ လွှတ်ရသည်။ အကြောင်းမှာ
ဆရာတော်သည် ညီတော်အိမ်ရှေ့ မင်းသား (မင်းတုန်းမင်း) ဆည်းကပ်ကိုးကွယ်သော ဆရာတော်ဖြစ်ခဲ့ပေ၏။ မကြာမီပင် မင်းတုန်းမင်းသား (နောင်အခါ ပဉ္စမသံဂါယနာတင် မင်းတရားကြီးဖြစ်သူ) ကဦးစီး၍ မီးသဂြိုလ်ရသည်။
တပည့်များလည်း အလောင်းတော်ပြာကျ၍ မီးငြိမ်းသောအခါ သူ့ ထက်ငါ ရေဖြင့်ပက်ဖျန်း၍ အရိုးကို
ရှာဖွေကောက်ယူ ပူဇော်ကြ၏။ အခြားအရိုးများမှာ ကြေမွကျွမ်းခြစ်သွားသော်လည်း တံတောင်ဆစ်မှ လက်ကောက်ဝတ်အတွင်းရှိ လက်ဖျံရိုးနှစ်ချောင်းမှာမူ အသစ်စက်စက် ရွှေပိန်းချထားသကဲ့သို့
ရွှေရောင်များ ၀ါဝင်းလှပလျက် ကျန်ရှိရစ်သည်တို့ ကို ဖူးမြင်ကြရ၏။
အရပ်ဝေးနီး ကျော်ကြားပြန့် ပွားလျက် လူအများလာရောက် ဖူးမြော်ကြလေသည်။
ရဟန္တာအရှင်မြတ်ဟူ၍ ပြောစမှတ်ပြုကြလေသည်။
(ဓမ္မာစရိယ ဦးဋ္ဌေးလှိုင် ရေးသားသော
ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ – မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
http://www.infinitydhamma.com/မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

No comments:

Post a Comment