ဒကာ။ ။ ဆယ်ပါးသီလစောင့်သုံးလိုသောသူသည် မိမိမှာရှိသမျှ ရွှေငွေရတနာ တို့ကို အာလယပြတ် စွန့်ပစ်ပြီးမှသာ စောင့်ထိန်းကောင်းသည်၊ လုံခြုံသည်ဟု ပထမ ဆရာအချို့က ဟောကြားကြပါသည်။
ဒုတိယဆရာအချို့ကလည်း
မိမိထံမှာ ရှေးက ရှိနေပြီးသော ရွှေငွေရတနာ တို့ကို စွန့်ပစ်ဖို့ မလိုပါဘူး၊
ဇာတရူပ သိက္ခာပုဒ်က အသစ် အသစ် ရွှေငွေရတနာ တို့ကိုသာ မခံယူရ၊ မကိုင်တွယ်ရ၊
မသုံးစွဲရ၊ တောင်းခံခြင်းမပြုရဟု တားမြစ်တာပါ၊ လက်ရှိ ရွှေငွေရတနာတို့ကို
မစွန့်ဘဲလည်း ဆောက်တည် ကျင့်သုံးကောင်းပါတယ်၊ ကိုယ် မကိုင်တွယ် မသုံးစွဲရင်
ပြီးတာပဲ၊ သီလ မပျက်စီးနိုင်ဘူး လို့ ဟောကြားကြပါတယ်၊ အဲဒါ စာပေက
ဘယ်လိုများ အဆိုပြုထားပါသလဲ ဆရာတော်၊ တိုတိုပေါ့ ဘုရား သိပါရစေ။
ဆရာ။ ။ အင်း…တိုတိုနဲ့တော့ဘယ်နည်းနဲ့မှ
ဖြေလို့မရဘူးပဲ၊ ယခုမေးခွန်းရဲ့ယူဆပုံ နှစ်မျိုးထဲမှာ ဒုတိယဆရာယူဆပုံနည်းဟာ
သင့်လျှော်မျှတလို့ စာပေနဲ့ လျောက်ပတ်တယ်လို့ မှတ်ပေါ့။ ဒကာကြီးတို့
အားလုံးနားလည်အောင် ပြောပြမယ်၊ ဃဋိကာရအိုးထိန်းသည် ၀တ္ထုတွေ
ဝိသုဒ္ဓိမဂ်ဋီကာလာပုံတွေ ထုတ်ပြီး လျှာမရှည်နဲ့၊ ဟိုက အနာဂါမ်ပုဂ္ဂိုလ်ကြီး၊
ကာမဂုဏ်တရားနဲ့ ဒေါသများကိုပါ ပယ်စွန့်ထားတာဖြစ်တယ်၊ ဋီကာ ဆရာကလည်း
လူအများအားကျ နည်းယူရအောင် အမြတ်ဆုံးနယကို ထုတ်ပြသွားတာ။
စာပေကျမ်းဂန်တို့ အဆိုပြုထားပုံနဲ့ ညှိနှိုင်းကာ ပြတ်သားစွာ
ဆုံးဖြတ်ရမည်ဆိုလျှင် ဒီပြဿနာက ဆယ်ပါးသီလထဲမှာပါတဲ့ ဇာတ ရူပ
ရဇတသိက္ခာပုဒ်ကို စွဲပြီးကွဲပြားလာတဲ့ ပြဿနာဖြစ်တယ်။
ယင်းရဲ့မူရင်းက “ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ” လို့လာရှိတယ်၊
ဇာတရူပ, ပုဒ်က ရွှေကိုဟောတယ်၊ ရဇတ, ပုဒ်က ငွေကို ဆိုတယ်၊ ပဋိဂ္ဂဟဏ,ပုဒ်က
ခံယူခြင်း ကိုင်တွယ်သုံးစွဲခြင်း ကိုယ့်လာပေးတာကို မခံယူသော်လည်း အနားမှာ
ချထားခဲ့တဲ့ ရွှေငွေရတနာတွေကို သာယာခြင်း စသည်တို့ကို ဟောဆိုတယ်၊
ဝေရမဏိ,ပုဒ်က အဲဒီလို အသစ်အသစ် လာလှူပေးကမ်းတဲ့ ရွှေငွေ မြရွဲ ပုလဲ ပတ္တမြား
စတဲ့ ရတနာတွေကို မခံယူ မကိုင်တွယ် မသုံးစွဲ မသာယာဘဲ ရှောင်ကြဉ်ဖယ်ရှားခြင်း
အနက်ကို ဟောတယ်။
သည် သိက္ခာပုဒ်ရဲ့ ရည်ရွယ်ချက် ဆိုလိုရင်းက ဃဋိကာရ တို့လို
အနာဂါမ်အရိယာ မဟုတ်တဲ့ ပုထုဇဉ် လူသားဖြစ်သူများ ဆယ်ပါး
သီလစောင့်ထိန်းသောအခါ သီလနဲ့ ပြည့်စုံနေသော မိမိအား အသစ်အသစ် လာရောက်
ပေးလှူကြတဲ့ ရွှေငွေရတနာ တို့ကို မခံယူရ၊ ကိုင်တွယ်သုံးစွဲခြင်းလည်းမပြုရ၊
နောက်ဆုံး ကိုယ်က မခံယူလို့ အနားမှာချထားခဲ့တာကိုပင် သာယာခြင်းမပြုရဟု
ဆိုတယ်၊ မိမိတို့ အိမ်စသည်မှာ ရှိနေတဲ့ ရှိပြီးသား ရွှေငွေရတနာတို့ကို ဆိုတာ
မဟုတ်လို့ မှတ်ယူရမယ်၊ ဒါပေမဲ့ အိမ်မှာရှိတဲ့ ရွှေငွေကိုလည်း ကိုယ်တိုင်
တောင်းယူကိုင်တွယ်သုံးစွဲခြင်း အလျဉ်း မပြုရချေ လို့ မှတ်ယူထားဦး။
ယုံကြည်စရာ ညှိနှိုင်းချက် စာပေကျမ်းဂန်ကတော့
ရဟန်းတော်များဘက်က လူတို့ ဆယ်ပါးသီလထဲမှာပါတဲ့ ဇာတရူပ သိက္ခာပုဒ်ထက် အဆ
ရာ,ထောင်မကအောင် မြင့်မြတ်သိမ်မွေ့တဲ့ ရွှေငွေ ခံယူခြင်းနဲ့စပ်တဲ့
“ရူပိယသိက္ခာပုဒ် ဆိုတာရှိတယ်” အဲဒီသိက္ခာပုဒ်က မိမိအား ရွှေငွေ လာလှူလျှင် (၁)
ကိုယ်တိုင်လည်းမခံယူရ၊ (၂) သူတပါးကိုလည်း အယူမခိုင်းရ၊ (၃) အနားမှာ
ချထားခဲ့ရင်လည်း မသာယာရ၊ ငြင်းပယ်တားမြစ်ရမည်၊ အဲဒီသုံးချက်နဲ့ မလွတ်ကင်းဘဲ
တချက်ချက်နဲ့ ငြိစွန်းခဲ့သော် ထိုရဟန်းမှာ အာပတ်လည်း သင့်၍ ယင်းပစ္စည်းကို
စွန့်ပစ်ရမည် ဟု ပညတ်တော်မူထားတယ်။
သို့သော်လည်း ဒကာတယောက်က ရဟန်းတပါးထံ ရွှေငွေကို လာလှူ၏၊
ရဟန်းက ၀ိနည်းတော်အရ အာပတ်လွတ်ကင်းအောင် မခံယူဘဲ တားမြစ်ပယ်ရှား ပါသော်လည်း
ဒကာက နားမထောင်ဘဲ ဇွတ်အတင်း ထားခဲ့ကာ ပြန်သွား၏။
ယင်းနောက်အခြားဒကာတဦး ရောက်လာ၍ ထိုရွှေငွေ
အကြောင်းဖြစ်ရပ်ကို သိသောအခါ ဒီလိုဆို ရွှေငွေထားရန် လုံခြုံသောနေရာကိုသာ
ပြတော်မူပါဟု ဒကာက လျှောက်ထားငြားအံ့၊ ဘုံခုနစ်ဆင့်ရှိသော ပြာဿဒ်ပေါ်သို့ပင်
ဒကာကို ခေါ်တက်စေလျက်”ဟောဒီနေရာဟာ လုံခြုံတဲ့နေရာပဲ”ဟု ပြောပြပေးနိုင်ခွင့်
ရှိသည်တဲ့၊ “ဤနေရာ၌ ထားခဲလော့, ထားခဲ့ပါ ” ဟူ၍ကား မပြောကောင်းချေတဲ့။
ဒကာက ရဟန်းပြတဲ့နေရာ၌ ရွှေငွေကိုကောင်းစွာထား၍
ပြန်သွားသောအခါ ရဟန်းသည် အခန်းတံခါးကို လုံစွာပိတ်လျက်
စောင့်ထိန်းနေနိုင်၏တဲ့၊ ဤလို ရွှေငွေစောင့်ထိန်းနေသည့်အတွက်
အာပတ်မသင့်ကြောင်း ကို အဲဒီ ရူပိယ သိက္ခာပုဒ်အဖွင့် အဋ္ဌကထာဆရာက
မိန့်ဆိုထားတယ်၊ ကိုင်း…လူများအတွက် ဆယ်ပါးသီလ ဇာတရူပသိက္ခာပုဒ်နဲ့
ရဟန်းတော်များ၏ ၀ိနည်းတော်လာ ရူပိယ သိက္ခာပုဒ်ကို နှိုင်းယှဉ်ကာ
ဆုံးဖြတ်ကြစို့။
ဆယ်ပါးသီလ စောင့်သုံးလိုသော လူများသည်
ဇာတရူပသိက္ခာပုဒ်တော်အရ မိမိမှာ ရှိသမျှ ရွှေငွေတွေကို အာလယပြတ်
စွန့်ပစ်ပြီးမှသာ ခံယူစောင့်ထိန်းကောင်းသည် သီလမပျက်ဟု ဆိုလို့ရှိရင်….
လူ့ဆယ်ပါးထက် အဆ ရာထောင်မကအောင် အထက်တန်းကျပြီး
သိမ်မွေ့မြင့်မြတ်တဲ့ ဖော်ပြပါ ရူပိယ သိက္ခာပုဒ်အရ ထိုရဟန်းသည်
ဘယ်နည်းနှင့်မျှ ယင်းရွှေငွေ တို့ကို စောင့်ရှောက်ကောင်းတော့မည် မဟုတ်ပေ၊
အာလယပြတ် စွန့်ပစ်ရမည်သာ ဖြစ်၏။
ယခုမှာမူ ထိုဒကာထားခဲသော ရွှေငွေကို ထိုရဟန်းသည်
စောင့်ရှောက်ခြင်းကြောင့် အာပတ်မသင့်၊ သီလမပျက်သလို အကျင့်သီလ
သိက္ခာမပျက်တာကို ထောက်ဆ၍ ဆယ်ပါးသီလ စောင့်သုံးသောလူများမှာလည်း
မိမိတို့ပိုင် သင့်လျော်လုံခြုံရာမှာထားရှိသော ရွှေငွေရတနာ တို့အတွက်
ဇာတရူပ သိက္ခာပုဒ် မပျက်စီးပါ၊ သီလအပြည့်အစုံ ရရှိနေသည်သာ ဟူ၍မှတ်ယူရမည်။
ကဲ…ဘယ်လိုလဲ ကျေနပ်ကြရဲ့လား၊ ဆယ်ပါးသီလကိုကော
စောင့်ထိန်းခံယူဖူးကြရဲ့လား၊ လူများရဲ့ သီလထဲမှာ ဆယ်ပါးသီလဟာ အထွတ်အထိပ်
အကြီးအမြတ်ဆုံးပဲ၊ သာသနာတော်နဲ့ တွေ့ကြုံယုံကြည်ခံယူလိုက်နာတဲ့ လူတယောက်ဟာ
အထွတ်အထိပ်ဆုံးဖြစ်တဲ့ ဆယ်ပါးသီလမြတ်ကိုမှ မပန်ဆင် မကျင့်သုံးဖူးရင်
လူဖြစ်ရှုံးတယ်လို့ ပြောရမှာပဲ။
ဒကာ။ ။ အနို့…ဃဋိကာရ အိုးထိန်းသည် စောင့်သုံးတဲ့
ဆယ်ပါးသီလကျတော့ ဘာကြောင့် ရွှေငွေကို မကိုင်မတွယ်ဘဲ တခါတည်း
ပယ်စွန့်လိုက်ရတာလဲ ဆရာတော်၊ သူလည်း အိုးရောင်းနေတဲ့ ဥစ္စာပဲဟာ။
ဆရာ။ ။ လာပြန်ပြီလား၊ ဃဋိကာရ။ အစကတည်းက
ပြောခဲ့တယ် မဟုတ်လား၊ (ဃဋိကာရ အိုးထိန်းသည် ၀တ္ထုတွေ, ၀ိသုဒ္ဓိမဂ်ဋီကာ
လာပုံတွေ ထုတ်ပြီး လျှာမရှည်နဲ့၊ ဟိုက အနာဂါမ်ပုဂ္ဂိုလ်ကြီး၊
ကာမဂုဏ်တရားနဲ့ဒေါသများကိုပါ ပယ်စွန့်ထားပြီးသားဖြစ်တယ်လို့)
ဝိသုဒ္ဓိမဂ်ဋီကာ ကလည်း အလွယ်ဆုံးနည်းကို ထုတ်ပြသွားတာလို့မှတ်။
ဆယ်ပါးသီလက နိယာမသီလမျိုး၊ ရံဖန်ရံခါ
စွမ်းနိုင်သမျှ လူတို့စောင့်ကြတာဖြစ်တယ်၊ အမြဲစောင့်သုံးရတဲ့ သီလမျိုး
မဟုတ်ဘူး၊ မင်းကျင့်တရား ဆယ်ပါးထဲမှာပါတဲ့ “သီလ”ပုဒ်အရကို အသီတိနိပါတ်
မဟာဟံသဇာတ်တော်မှာ အဋ္ဌကထာဆရာက ငါးပါးသီလနဲ့ ဆယ်ပါးသီလကို
ထုတ်ဆိုဖွင့်ပြထားတယ်၊ ရှင်ဘုရင်တွေလည်း ဥပုသ်ဆောင်ဝင်ကာ ရံဖန်ရံခါ
စွမ်းနိုင်သမျှ ဆယ်ပါးသီလ စောင့်ကြတာပဲ၊ မိမိပိုင်တဲ့ ရွှေတိုက်ငွေတိုက်တွေ
မပယ်စွန့်ပါဘူး၊ အဗြဟ္မစရိယသိက္ခာပုဒ်တော်အရ မိဖုရားမောင်းမတွေကိုလည်း
မကွာရှင်း မပယ်စွန့်ပါဘူး၊ အသစ် အသစ် မလွန်ကျူးတာကိုသာ ယူရမှာဖြစ်တယ်၊
ဒကာကြီးတို့ မစွမ်းနိုင်ရင်လည်း မစောင့်သုံးဘဲ နေကြပေါ့၊ လူအများ
ကုသိုလ်တရားယုတ်လျော့အောင် ကပ်တီးကပ်ဖဲ့တွေတော့ လျှောက်မပြောကြနဲ့၊
ပိဋကတ်တော်မှာ တခြားပုံစံထုတ်ကိုးကားယုံကြည်စရာ စောင့်သုံးကောင်းပုံတွေ
အများကြီးပဲ ကျန်သေးတယ်၊ ကဲ…တော်ကြစို့။
ဒကာ။ ။ ဒီလိုရှင်းလင်းထုတ်ဖော်ပေးတာတွေကို
ယုံကြည်စွာခံယူပါတယ် ဆရာတော်၊ ဒကာကြီးတို့လည်း လူ့ဘ၀မှာ ရတဲ့အခါ
လူတို့စောင့်သုံးရတဲ့ သီလတွေထဲမှာ အထွတ်အထိပ်အမြတ်ဆုံးဖြစ်တဲ့
ဆယ်ပါးသီလတော်မြတ်ကိုတော့ စောင့်ဖူးတယ်ရှိအောင် ခံယူစောင့်သုံးကြပါဦးမည်
ဘုရား။
http://www.thamameggin.blogspot.com မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
No comments:
Post a Comment