ကျေးဇူးတရားဆိုတာ ကြီးသေးမဟူ ဘယ်တော့မှ မမေ့ကောင်းဘူး။
အားလုံး မှတ်ထားကြ။
ပြီးတော့ ကျေးဇူးသိတတ်သူတိုင်းဟာလည်း ဘယ်တော့မှ မဆင်းရဲဘူး။
အခု သည်မှာ ကြုံကြိုက်တုန်း သတိရလို့ ပြောရဦးမယ်။
ဘုန်းကြီးက ထီးဂဏန်း၊ ချဲဂဏန်းတွေပေးနေတယ်ဆိုပြီး
ပြောသံတွေ ကြားနေရတယ်။
ဘုန်းကြီးက ဝိနည်းတော်နဲ့အညီ ကျင့်ကြံနေထိုင်ရတဲ့
ဘုရားသားတော် သာသနာ့ဝန်ထမ်းလေ။
ဘယ်လိုလုပ်ပြီး ထီးဂဏန်း၊ ချဲဂဏန်းတွေ ပေးလို့ဖြစ်မလဲ။
အာပတ်သင့်ကုန်မှာပေါ့။
သူတို့ဟာ သူတို့ ကံရှိလို့ ပေါက်ကြ၊ ရကြတာပါ။
ချဲဆိုတဲ့ လောင်းကစားအလုပ်မျိုးဟာ စင်ကြယ်တဲ့အလုပ်မျိုးမဟုတ်ပါဘူး။
အဲ - မနေနိုင်လို့လုပ်မိရာက ပေါက်ကြတယ်ဆိုရင်
နောင်သံသရာအကျိုးအတွက် လှူဒါန်းလိုက်ကြပါ။
ကိုင်း . . . . ဘုန်းကြီးမေးမယ်။
အမှန်ပဲ ချမ်းသာချင်ကြသလား။
အမှန်ချမ်းသာချင်ရင် ဒါနအမှုကိုသာ တိုးပြီးပြုကြပါ။
အခု ဘုန်းကြီးကိုပဲ ကြည့်ပါ။
သင်္ကန်းဆိုရင် အစုံထောင်ချီပြီး လှူခဲ့တယ်။
နေ့စဉ်ထောင်ချီတဲ့ အရေအတွက်ရှိတဲ့လူတွေကို ကျွေးမွေးနေတယ်။
ဒီလောက်လှူဒါန်းနေတာတောင် ဘုန်းကြီးဟာ
မွဲမသွား၊ လျော့ပါးမသွားတဲ့အပြင်
အရင်ကထက်တောင် ပိုပြီးလှူလာနိုင်သေးတယ်။
အားလုံးအမြင်ပဲလေ။
(ကျေးဇူးတော်ရှင် သာမည ဆရာတော်ကြီး)
~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၃၅၄)မှ
ကောက်နုတ်ပူဇော်ပါသည်။
အေးချမ်းမွန် Credit & Copy From >ထေရဝါဒ ရနံ့
No comments:
Post a Comment