Friday, November 22, 2013

သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)

     “သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။
         “သာသနာ” ဆိုတာ ပါဠိစကားပါ။ အဆုံးအမလို့ အဓိပ္ပါယ် ရပါတယ်။ ၄၅ ၀ါ ကာလတိုင်
အောင် ဟောပြောဆုံးမတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ အဆုံးအမကို “သာသနာ” လို့ ခေါ်တာ ဖြစ်ပါ
တယ်။ ဘုရားရှင်ရဲ့ အဆုံးအမကို လေ့လာကြည့်ရင် အုပ်စု ၃ မျိုး ရှိကြောင်း တွေ့နိုင်ပါတယ်။
        ၁။ နားလည်တတ်ကျွမ်းအောင် သင်ကြားရတဲ့ အဆုံးအမ။
        ၂။ ကျင့်ကြံအားထုတ်ရတဲ့ အဆုံးအမ။
        ၃။ ထိုးထွင်းသိရတဲ့ အဆုံးအမတို့ ဖြစ်ပါတယ်။ ဒါကိုပဲ ကျမ်းဂန်တွေမှာ “ပရိယတ္တိသာသနာ၊
ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ” လို့ ညွှန်းဆို ဖေါ်ပြကြတာ ဖြစ်ပါတယ်။
         နားလည်တတ်ကျွမ်းအောင် သင်ကြားရတဲ့ အဆုံးအမက ဘာတွေလဲဆိုရင် ၀ိနည်း၊ သုတ္တန်၊
အဘိဓမ္မာတို့ ဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ရတဲ့ အဆုံးအမက စာရိတ္တ - ၀ါရိတ္တသီလ၊  သမာဓိ၊
ဝိပဿနာပညာဖြစ်ပြီး၊ ထိုးထွင်းသိရတဲ့ အဆုံးအမက မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်ဖြစ်ပါတယ်။
         ဒါနှင့်ပတ်သက်လို့ သာသနာ၊ သာသနာအလုပ်၊ သာသနာ့ဝန်ထမ်း၊ သာသနာ့ပရိဘောဂ၊
သာသနိက အဆောက်အအုံ၊ သာသနာကို ထောက်ပံ့သူ စတဲ့အရာတွေကို ခွဲခွဲခြားခြား သိမြင်ထား
သင့်ပါတယ်။ ဒါမှသာ ဘာသာရေးနှင့် ဆက်စပ်ပြီး မိမိလုပ်နေတဲ့ အလုပ်၊ သူတပါးလုပ်နေတဲ့ အ
လုပ်ဟာ ဘာလဲဆိုတာကို ခွဲခြားသိနိုင်ပါလိမ့်မယ်။
         သာသနာဆိုတာ ဘုရားအဆုံးအမဖြစ်ပြီး သာသနာအလုပ်ဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမ
အတိုင်း လိုက်နာဆောင်ရွက်တဲ့ အလုပ်ပါပဲ။ ၀ိနည်း သုတ် အဘိဓမ္မာကို နားလည်တတ်ကျွမ်း
အောင် သင်ကြား ပို့ချ ဟောပြော ရေးသားမှု၊ သီလစောင့်ထိန်း လိုက်နာမှု၊ သမာဓိထူထောင်မှု၊
ပညာပွားများမှု၊ မဂ်ဖိုလ်တရားများကို သိမြင်မှု၊ သိမြင်အောင် ကြိုးစားအားထုတ်မှုတို့ကို ခေါ်တာ
ဖြစ်ပါတယ်။
         သာသနာ့ဝန်ထမ်းဆိုတာ သာသနာအလုပ်ကို အဓိကတာဝန်တစ်ခုအဖြစ် သတ်မှတ်ပြီး
ကျေပွန်အောင် ထမ်းဆောင်သူများကို ခေါ်တာဖြစ်ပါတယ်။ အထူးသဖြင့် ရှင်ရဟန်းများသာ ထမ်း
ဆောင်နိုင်ကြတာမို့ ရှင်ရဟန်းများကို သာသနာ့ဝန်ထမ်းလို့ ခေါ်ပါတယ်။
         သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူကြတဲ့ ရှင်ရဟန်းများအတွက် ဘုရားရှင် ခွင့်ပြု
တော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်စတဲ့ အသုံးအဆောင်ပစ္စည်းများကို သာသနာ့ပရိဘောဂ
တနည်းအားဖြင့် သာသနာ့အသုံးအဆောင်လို့ ခေါ်ပါတယ်။ စေတီ၊ ပုထိုး၊ ကျောင်း၊ ဇရပ်၊ တန်
ဆောင်း၊ သိမ် စတဲ့ အဆောက်အအုံ မှန်သမျှကိုတော့ သာသနိက အဆောက်အအုံလို့ ခေါ်ပါတယ်။
         သာသနာ့တာဝန်ကို ထမ်းဆောင်နေသူတွေ ချမ်းသာစွာ ထမ်းဆောင်နိုင်ဖို့ ဆွမ်း၊ သင်္ကန်း၊
ကျောင်း၊ ဆေးစတဲ့ ပစ္စည်းများကို လှူဒါန်းသူများကို သာသနာကိုထောက်ပံ့သူ၊ သာသနာ့ ဒါယ
ကာ လို့ ခေါ်ပါတယ်။
         တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း သာသနာ၊ သာသနာနှင့်ဆက်စပ်တဲ့
အရာတွေကို ခွဲခွဲခြားခြား နားလည်သဘောပေါက်ကြပြီး သာသနာအတွက် မိမိလုပ်တဲ့အလုပ်၊
သူတပါးလုပ်နေတဲ့ အလုပ်ဟာ ဘာလဲ၊ ဘယ်လိုအမျိုးအစားထဲ ပါသလဲဆိုတာကို ခွဲခြားသိနိုင်ပြီး
တရားဓမ္မကိုကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ “ဘာသာရေး
  အနှစ်သာရများ” မှ ကောက်နုတ်ရေးသားပါသည်။}
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment