သာသနာတော်ကြီး စင်စင်ကြယ်ကြယ် သန့်သန့်ရှင်းရှင်းနဲ့
အဓွန့်ရှည်တည်တန့်ဖို့အတွက်ဆိုရင် ``ကောင်းမွန်သော
မျိုးဆက်သစ်လူငယ်များမွေးထုတ်ခြင်း´´သည်သာလျှင် အဓိကပဓာနကျသော
အကြောင်းရင်းဖြစ်ပါတယ်။ ဘုရားရှင်က အရှင်မဟာကဿပ အရှင်အာနန္ဒာ
အရှင်အနုရုဒ္ဓါတို့လို ကောင်းမွန်သော မျိုးဆက်သစ်တွေ မွေးထုတ်ခဲ့ပြီး
အရှင်များမြတ်များကလည်း အရှင်ရေ၀တ အရှင်သဗ္ဗကာမီ အရှင်ဒါသ အရှင်စဏ္ဍ၀ဇ္ဇီစတဲ့
ထေရ၀ါဒသူရဲကောင်းများကို မွေးထုတ်နိုင်ခဲ့ပါတယ်။ ထိုအတူပဲ
အရှင်စဏ္ဍ၀ဇ္ဇီဟာလည်း အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်တည်းဟူသော ထေရ၀ါဒသာသနာရဲ့
အကျော်အမော်မထေရ်ကြီးတစ်ပါးကို မွေးထုတ်ပေးခဲ့ပါတယ်။
သာသနာတော်ကြီး နှစ်ပေါင်းနှစ်ထောင့် ငါးရာကျော်တိုင်အောင်
အသက်ဆက်လာနိုင်ခဲ့တာဟာ ခရီးဆက်လာနိုင်ခဲ့တာဟာ ``ဆရာကောင်းများက
မျိုးဆက်သစ်တပည့်ကောင်းများ မွေးထုတ်ခဲ့ခြင်း´´ဆိုတဲ့ အဓိကပဓာနပင်မ ကျသော
အကြောင်းတရားကြောင့်သာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်း ပြောပြရရင်
ရဟန်းအလုပ်ကိုပဲလုပ်ဆောင်သော ဆရာများက ရဟန်းအလုပ်ကိုလုပ်ဆောင်တတ်သော
တပည့်များမွေးထုတ်ပေးခြင်းကြောင့်သာ ဖြစ်ပါတယ်။ ဒီအပြင်
အခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။
သိပ်မဝေးတဲ့ နှစ်တွေတုန်းက မြန်မာနိုင်ငံ
သာသနာ့ဦးသျှောင်မထေရ်ကြီးတွေလည်း ဒီပုံဒီနည်းအတိုင်းပဲ
သာသနာတော်ကိုအသက်ဆက်ပေးသွားခဲ့တာပါ။ အဘယာရာမဆရာတော်ဆိုရင် ပါဠိစာပေ
သင်ယူလေ့လာဘူးသူတိုင်း မသိသူမရှိသလောက်နည်းပါတယ်။ အဘယာရာမဆရာတော်ကြီးဟာ
စာဖတ် စာရေး စာချပေးခြင်းအလုပ်ကလွဲရင် လူပုဂ္ဂိုလ်တွေကို
သီလပေးခြင်းအလုပ်ကိုတောင် လုပ်မသွားခဲ့ပါဘူး။ ဆရာတော်ဘုရားရဲ့ ကျောင်းအမက
ဥပုသ်နေ့တိုင် ကျောင်းလာပြီး ``ဆရာတော်ဘုရား နေကောင်းပါရဲ့လား´´လို့မေးရင်
``အင်း ကောင်းပါ၏´´လို့ ဖြေပြီး ``သီလချီးမြှင့်တော်မူပါဘုရား´´လို့
ထပ်မံလျှောက်ထားရင် ``အောက်ထပ်မှာ ပဏ္ဍိတို့ရှိတယ် သူတို့ဆီမှာ ယူပေါ့´´လို့
ပြောပြီး ဘာတစ်ခွန်းမှ ဆက်မပြောတော့ပဲ စာပဲဆက်ကြည့်ပါတယ်တဲ့။
တစ်ခါတုန်းက သံဃာဥပုသ်ပြုအပြီးမှာ
ရွှေကျင်သာသနာပိုင်ဒီပဲယင်းဆရာတော်ဘုရားကြီး ``ဦးအဂ္ဂဓမ္မလည်း တရားဟောရင်
ဖြစ်ရမှာပေါ့´´လို့ မိန့်တော်မူလိုက်ရာ ``ကိုယ်တိုင်မှ အကုန်မကျင့်နိုင်ပဲ
သူတစ်ပါးကို မဟောလို´´ဟု ပြန်လည်လျှောက်ထားပါတယ်တဲ့။
ဆရာတော်ရဲ့ ညီရင်းဖိုးထင်နဲ့ နှမရင်း ဖွားမယ်တို့က
သားရှင်ပြုအလှုလုပ်မှာဖြစ်တဲ့အတွက် ရွာကျောင်းဘုန်းကြီးက မန္တလေးလာပြီး
အဘယာရာမဆရာတော်ကြီးကို လာရောက်ပင့်တော်မူရာ ``ငါတို့ ခရီးထွက်နေလျှင်
စာချပျက်မည်ဖြစ်၍ အလှုကိစ္စအတွက် မလာနိုင်၊ ဖွားမယ်စီးပွားရေးချောင်သူဖြစ်၍
လှုသော်လည်း သူ့စေတနာကိုလည်း ထိခိုက်မည်မဟုတ်၊ စီးပွားရေးကိုလည်း
ထိခိုက်မည်မဟုတ်၊ ဖိုးထင်ကတော့ ကြွေးယူပြီး လှုရမှာဖြစ်လို့ လှုလဲပြီးရော
စေတနာလည်းပျက် ဖြစ်မှာပဲ။ ဒါကြောင့် ဖွားမယ်လှုလိုက လှုစေ၊ ဖိုးထင်
မလှုစေနဲ့´´လို့ မိန့်တော်မူခဲ့ပါတယ်။
အဘယာရာမဆရာတော်ကြီးဟာ ယနေ့စာသင်သားတိုင်း စာချဘုန်းကြီးတိုင်း
လက်မလွှတ်တမ်း သုံးနေကြတဲ့ အဘိဓာန်နိဿယသစ်ကျမ်းကို ပြုစုတော်မူခဲ့သလို
ပါဠိတတ်မြောက်ကျွမ်းကျင်ရုံမျှဖြင့် ပြုဖို့မလွယ်ကူသော ပဉ္စိကာနိဿယနဲ့
မောဂ္ဂလာန်နိဿယကျမ်းတို့ကိုလည်း ပြုစုတော်မူခဲ့ပါတယ်။
သက္ကတဘာသာသင်ယူလိုသောများ အလွယ်တကူသင်ယူနိုင်ရန် ဟိတောပဒေသနိဿယစတဲ့
သက္ကတကျမ်းတွေလည်း ပြုစုတော်မူခဲ့ပါတယ်။ ဆရာကြီးပါရဂူကတော့
``မြန်မာနိုင်ငံမှာ သက္ကတအတတ်မြောက်ဆုံး ဆရာတော်နှစ်ပါးကတော့
မောင်းထောင်ဆရာတော်နဲ့ အဘယာရာမဆရာတော်ဖြစ်တယ်´´လို့ မှတ်ချက်ပေးပါတယ်။
ဒီလိုမျိုး ထူးချွန်ထင်ရှားတဲ့ အဘယ်ရာမဆရာတ်ာကြီးကို ပခုက္ကူအလယ်တိုက်တည်
ရေစကြိုဆရာတော်ဘုရားကြီးနဲ့ မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးတို့က
မွေးထုတ်ပေးခဲ့တာပါ။ ဆရာတော်ကြီးဟာ ၀ိနည်းတော်ကို အလေးဂရုပြုပြီး ဂန္ထဓူရ
ဝိပဿနာဓူရတွေနဲ့ပဲ ဘ၀တစ်သက်တာ ကုန်လွန်သွားတာပါ။
၁၂၈၁ခုနှစ်လောက်က ဟုမ္မရူးရရှိရေးအတွက် ရဟန်းတော်များ ပါတီနိုင်ငံရေး
ဝင်ရောက်လုပ်ဆောင်တာတွေ ရှိလာတဲ့အတွက် ရွှေကျင်ဂိုဏ်းဝင်သံဃာများ
လုံးဝမပါဝင်ရလို့ အမိန့်ထုတ်တားမြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆရာတော်ကြီးက
ဒုတိယသာသနာပိုင်ဖြစ်နေပါပြီ။
ဒီလိုမျိုး သီလတောင်မပေးတဲ့ ဆရာတော်ဘုရားကြီးက အမရပူရမဟာဂန္ဓာရုံဆရာတော်
သပြေကန်ဆရာတော် မဟာစည်ဆရာတော် ၀ိဇ္ဇာလင်္ကာရဆရာတော် အနီးစခန်းဆရာတော်၊ ပါဠိ
အင်္ဂလိဂ် မြန်မာအဘိဓာန်ကျမ်းပြု ဦးဟုတ်စိန်စတဲ့
မျိုးဆက်သစ်တပည့်ကောင်းတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
အနီးစခန်းဆရာတော်ဘုရားကြီးက သူ့တစ်သက်မှာ တပည့်တစ်ပါးပဲ
မွေးထုတ်ခဲ့ပါတယ်။ အဲဒီတပည့်တစ်ပါးကတော့ ယနေ့အခါမှာ နေလိုလလို
ထင်ရှားတော်မူတဲ့ သီတဂူဆရာတော်ဘုရားကြီး ပဲဖြစ်ပါတယ်။
အမရပူရမဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ယနေ့ပရိယတ္တိစာမေးပွဲတိုင်းမှာ
တစ်နှစ်သုံးနေရာ ကို အမြဲမူပိုင်ရရယူထားနိုင်တဲ့ တပည့်အများအပြားကို
မွေးထုတ်ပေးနေတဲ့ စစ်ကိုင်းမြစင်္ကြာဆရာတော် အောင်ချမ်းသာဆရာတော်စတဲ့
တပည့်အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။
သာသနာတော်ကြီး နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ခရီးဆက်လာနိုင်ခဲ့ဟာ
ဆရာကောင်းတွေက တပည့်ကောင်းတွေ မျိုးဆက်သစ်ကောင်းတွေ
မွေးထုတ်ပေးနိုင်ခဲ့တာကြောင့်ပါ။ အခြား ဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။
သာသနာတော်ကြီး ကောင်းကောင်းမွန်မွန် ရှေ့ခရီးဆက်နိုင်ဖို့ရင် တစ်ခုတည်းသော
လုပ်ရမှာက ကိုယ်တိုင်ကောင်းမွန်စွာနေထိုင်ပြီး မျိုးဆက်သစ်တပည့်ကောင်းတွေ
မွေးထုတ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒီသာသနာတော်ကြီး ဖရိုဖရဲနဲ့
မပြိုကွဲစေချင်ဘူးဆိုရင် ဆရာဘုန်းကြီး အများစုက သာသနာနဲ့မဆိုင်တဲ့
အလုပ်တွေလုပ်ကာ အချိန်ကုန်နေပြီး မျိုးဆက်သစ်အများစု လမ်းပေါ်ရောက်
ဘောပွဲကြည့်ပြီး အချိန်ကုန်ကာ ပိုးထိုးလောက်ကိုက်ဖြစ်နေတာကို အချိန်မှီ
ပြုပြင်ထိန်းသိမ်းပေးနိုင်ဖို့လိုပါတယ်။ အတွင်းလှိုက်ခြစားနေတဲ့တိုင်တွေကို
ဖြုတ်ထုတ်ပြီး အသစ်မထည့်ပဲ ရေနံဂျီးပဲသုတ်နေလို့ကတော့ မကြာခင်
တစ်အိမ်လုံးပြိုကျသွားမယ်ဆိုတာ ဗေဒင်မေးနေဖို့ မလိုပါဘူး။ (မိုးသု-မန္တလေး)
No comments:
Post a Comment