ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့ လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်
ရွက် နေတာတွေကိုကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာမရှိကြပါ။
ပုထုဇဉ်သတ္တ၀ါတွေဟာ ဘ၀တစ်ခုရလာရင် ဒီဘ၀ကြီးဟာ နိစ္စထာဝရလို့ အောက်မေ့
လာတယ်။ စည်းစိမ်ချမ်းသာတွေ ရလာလို့ရှိရင်လည်း ထာဝရစည်းစိမ်ကြီးလို့ သတ်မှတ်လာ
ကြတယ်။လူတွေက ရာထူးဌာနန္တရ ရလာလို့ ရှိရင်လည်း ထာဝရကြီးလို့ ထင်နေကြတယ်။ အဲ
ဒီလို အထင်တွေ ရောက်လာတဲ့အခါကျတော့ မာနဆိုတဲ့ အထင်အမြင်တွေ ၀င်လာတယ်။ အ
ထင်မှားမှုကြီးတွေ ၀င်လာကြတယ်။
မာနဆိုတဲ့ အထင်မှားမှုတွေကြောင့် “သက္ကာယ”ကို စည်းစိမ်ချမ်းသာ ခံစားစရာကြီး
အဖြစ် လူတွေက ယူဆလာကြတယ်။ ကိုယ့်ခန္ဓာနဲ့ မောက်မာလာကြတယ်။ လှတဲ့သူကလည်း
အလှမာန်တက်လာတယ်။ ငယ်ရွယ်တဲ့သူကလည်း “ယောဗ္ဗနမဒ” ဆိုတဲ့ ငယ်ရွယ်မှုမာန်တွေ
တက်လာတယ်။ ပညာတတ်တဲ့သူကလည်း ပညာမာန်တွေ တက်လာတယ်။ ရာထူးအာဏာရှိ
တဲ့သူကလည်း ရာထူးအာဏာမာန်တွေ တက်လာတယ်။
ဒီတော့ တို့တစ်တွေလည်း ခန္ဓာ ၅ ပါး ရထားတဲ့အခါ ဒီခန္ဓာ ၅ ပါးကို အကြောင်းပြုပြီး
တော့ မာန်မာနတွေ တက်လာတာပဲ၊ ဒါတွေဟာ တစ်ခါတစ်လေ အလွန်သိမ်မွေ့တယ်၊ မာန်
မာနတက်တာကို တက်မှန်းတောင် မသိနိုင်အောင် ဒီတရားတွေက သိမ်မွေ့တယ်။
အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကလည်း လူတစ်ယောက် မတော်တဆ ဆုံးသွားလို့ရှိရင် ပြော
ကြတယ်၊ “ဒီလူက အစားမရှောင်ဘူး၊ ဒီလူက ဘာမလုပ်ဘူး” နဲ့ ၊ ဒီလို အပြစ်အပြောခံ ကျန်
ရစ်ခဲ့ကြရတယ်။ သို့သော်လည်း ကိုယ်ကျတော့ ဒီလိုဖြစ်မယ်လို့ လူတိုင်းဟာ စဉ်းစားခဲတယ်။
စီးပွားဥစ္စာကို အကြောင်းပြုပြီး မာန်မာနတွေ တက်ကြတယ်၊ ရုပ်ရည် ရူပကာယ အ
လှအပအပေါ်မှာ မာန်မာနတွေတက်တယ်၊ ဒါတွေဟာ မာနနဲ့ပတ်သက်တဲ့ “မာနမညနာ” လို့
ခေါ်တဲ့ အထင်မှားမှုတွေချည်းပဲ။
ဒီလို အထင်မှားမှုတွေကို မှန်ကန်တဲ့ အသိဉာဏ်, မှန်ကန်တဲ့ အတွေးနဲ့ ဖျောက်ရမယ်၊
မှန်ကန်တဲ့ အတွေးဆိုတာ “နေသောဟမသ္မိ တကယ်ကတော့ ဒါတွေဟာ ငါ မဟုတ်ဘူး” ဒီလို
အတွေးလေးရှိဖို့ လိုပါတယ်။ “ဒါ ငါမဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတွေ ညီညွတ်
နေတဲ့အခိုက် ဖြစ်တာ၊ နုပျိုတာလည်း ငါမဟုတ်ဘူး” ၊ သူ့အချိန်က မရင့်ကျက်သေးလို့ နုပျို
တယ်လို့ ထင်တာ၊ တကယ်တော့ တဖြည်းဖြည်း ရင့်ကျက်နေတာပါ။
“အဆင်ပြေနေတဲ့အချိန် အကြောင်း အကျိုး ညီညွှတ်လို့ ဖြစ်နေတာ၊ တကယ်ကတော့
ငါ မဟုတ်ဘူး၊ တခဏတာမျှအတွင်းမှာ ပြောင်းလဲနေတယ်” ဆိုတဲ့ အတွေးတွေတွေးဖို့ လိုအပ်
ပါတယ်။ “နေသောဟမသ္မိ- ငါ မဟုတ်ဘူး” ဆိုတဲ့ အတွေးမျိုး မှန်ကန်တဲ့ အမြင်မျိုးရှိမှသာ
လျှင် အခု “မာနမညနာ” ဆိုတဲ့ ဒီ အတွေးအထင်ကြီး အထင်မှားကြီး ပျောက်ကင်းနိုင်ပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓမြတ်စွာဟောကြားခဲ့တဲ့အတိုင်း တို့ရဲ့သန္တာန်မှာ ဒီ အထင်မှားမှုကြီးတွေ
ရှိနေသလား၊ ရှိနေလို့ရှိရင် တို့တစ်တွေ ဖယ်ရှားဖို့ ကြိုးစားရမှာဖြစ်ပါတယ်၊ ဖယ်ရှားတဲ့ နည်း
စနစ်တွေကို မှတ်သားပြီးတော့ လုံးဝကင်းစင် မဖယ်နိုင်သေးရင်လည်း အားပျော့သွားအောင်၊
တဖြည်းဖြည်းချင်း ပါးသွားအောင်၊ နည်းနည်းသွားအောင် ဒီ အထင်မှားမှုကြီးတွေကို ဖယ်
ရှားရမယ်လို့ ကိုယ်စီကိုယ်စီ သဘောကျပြီး၊ ဖယ်ရှားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၇၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၌
အရှင်နန္ဒမာလာဘိဝံသ(Ph.D) ဟောကြားသော “အထင်မှား အမြင်မှား” တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
------------------------------------------------------------------------------
“စိတ်ငြိမ်းချမ်းမှု”
==========
* အတွယ်ရှိသမျှ၊ စိတ်သောက
မုချ ရှိလိမ့်မည်။
* တွယ်တာကင်းမှ၊ စိတ်သောက
လုံးဝ ကင်းနိုင်သည်။
* သောကမလွှမ်း၊ စိတ်ငြိမ်းချမ်း
တက်လှမ်း နိဗ္ဗာန်ပြည်။
(ဒေါက်တာအရှင်နန္ဒာမာလာဘိဝံသ)
No comments:
Post a Comment