သာသနာပွဲဆိုတာ တစ်နည်းအားဖြင့် ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။ ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။ သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။
တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ်သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့်ဘုဉ်းပေးသုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။ သံဃာတော်တွေက အုန်းသီးကို ကိုယ်တိုင်ခွဲ၊ ငှက်ပျောသီးကို ကိုယ်တိုင်အုပ်ပြီးစားတာ တွေ့ဖူးလို့လား။ အဲဒီလိုလုပ်ရင်လည်း အာပတ်တွေ သင့်တော့မှာပေါ့။ နောက်ပြီး စားသောက်ဖွယ်ကိုလှူရင်လည်း မွန်းမတိမ်းခင်လှူရတယ်။ မွန်းတိမ်းသွားရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေက အဲဒီ လှူဖွယ်ဝတ္ထုကို အကပ်မခံကြဘူး။ ကာလလွန်ပြီ ဖြစ်တဲ့အတွက် အလှူဒါန်းသူမှာလည်း အလှူရဲ့အကျိုးကို ရသင့်သလောက် မရဘူး။ အခုတော့ အုန်းပွဲငှက်ပျောပွဲကို ၂၄နာရီပတ်လုံးသာမ ငှက်ပျောသီး မမှည့်မချင်း၊ အုန်းမသီးမခြောက်မချင်း ဘုရားစင်ပေါ် တင်ထားတာဆိုတော့ ဘုရားရှင်ကို စောင့်ကြည့်ခိုင်းထားသလို ဖြစ်မနေဘူးလား။ ငှက်ပျောသီးလည်း မှည့်ရော၊ အစိမ်းနဲ့ လဲ၊ အမှည့် စားလိုက်ကြရော မဟုတ်လား။ တစ်ခါတလေ ငှက်ပျောသီးဟာ အမှည့်လွန်ပြီး ပုပ်နေတာတောင် တွေ့ဖူးတယ်။ အဲဒီတော့ သာသနာပွဲလှူတဲ့အဓိပ္ပာယ်က ဘယ်လိုအကျိုးသက်ရောက်တော့မှာလဲ။ တကယ်ဆိုရင် ပွဲက အဓိကမဟုတ်ပါဘူးဗျာ။ ကိုယ်ကျင့်တရားကသာ အဓိကပါ။ ကိုယ်ကျင့်တရားမကောင်းဘဲ ပွဲတွေ လမ်းတွေ ဘယ်လောက်လုပ်နေနေ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အရှင်ဘုရားအဲ.ဒါဟုတ်သလားဖြေပေးပါ။ သာသနာပွဲလှုတာကောင်းမကောင်း။ (ဒကာမကြီး တစ်ဦး)
သာသနာလို့ဆိုလိုက်တာနဲ့ ရတနာသုံးပါးနှင့်ဆက်နွယ်လျှက်ရှိနေမည်ဖြစ်သည်။ ဆိုတော့ သာသနာပွဲ မလှူကောင်းဘူးလို့တော့ မပြောလိုပါ။ ဒါပေမယ့် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ အပေါ်ကစာသားများက မှန်ပါတယ်။ဒကာမကြီး။ ဖြစ်သင့်တာက ငှက်ပျောသီးအမှည့် အုန်းသီးအမှည့်များကို အရုဏ်တက်ပြီးသည့်အချိန်မှာ ကပ်လှူပြီး မွန်းမတည့်ခင် စွန့်တာပိုပြီးကောင်းလှပါတယ်။ ပြီးတော့ အထက်ကပြောတဲ့အတိုင်း ငှက်ပျောသီးဆိုပါလျှင် အဆင်သင့်ဘုဉ်းပေးလို့ရသည့်အနေအထား အုန်းသီးဆိုပါလျှင်လည်း အဆင်သင့်ဘုဉ်းပေးနိုင်မည့် အနေအထား ဖြစ်အောင် စီမံလျှက် လှူဒါန်းသင့်လှပါတယ်။သို့မှသာ ဝိနည်းနဲ့လည်းညီပါတယ်။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာဝင်များသည် သဒ္ဓါတရားတော့ ကေင်းကြပါလျှက် ပိုင်းခြားဝေဖန်နိုင်တဲ့ ပညာက မလိုက်တော့ အလွဲတွေမှာ အမှန်ထင်လျှက် လုပ်ဆောင်နေကြတာတွေ့ရပါတယ်။ အထူးသဖြင့် အပေါ်ကပြောတဲ့အတိုင်း သာသနာပွဲဆိုပြီး အုန်းသီးစိမ်း၊ ငှက်ပျောသီစိမ်းများကို မှည့်သည်အထိ ပွဲထိုးတာကို တွေ့နေရပါတယ်။ တချို့ဆိုပါလျှင် ပလပ်စတစ်နှင့် ပြုလုပ်ထားသော အုန်းသီးအတု၊ ငှက်ပျောသီးအတု၊ သစ်သီးအတုများကို ဘုရားစင်တင်ကာ လှူဒါန်းထာတာမျိုးကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကမလုပ်ကောင်းပါဘူး။ အုန်းသီး၊ ငှက်ပျောသီးလို့ ဆိုလိုက်တာနဲ့ နေ့လွဲသွားရင် (အကာလ) အခါမဟုတ်ချိန်ဖြစ်သွားလျှင် ဥပုသ်သည်များ၊ ရဟန်းသံဃာများနှင့် ဘယ်လိုမှ မအပ်စပ်တော့ပါ။ ထိုနည်းတူစွာ မြတ်စွာဘုရားရှင်အတွက်ဆိုပါအလျှင် ပိုလို့ပင် မအပ်စပ်တော့ပါ။ ယာဝကာလိကမှာ အရုဏ်တက်ချိန်မှစ၍ မွန်းတည့်ချိန်အထိ ကာလအတွင်း၌ စားရသည့် စားဖွယ်၊ ခဲဖွယ်များဖြစ်၏။ ဟင်းချက်၍ စားရကောင်းသော မုန်လာဥ၊ မျှစ် စသောအမြစ်ခဲဖွယ်၊ ပိန္နဲသီး၊ထန်းသီး အုန်းသီး၊ သရက်သီး၊ စသော အသီးခဲဖွယ်၊ မုန့်ခဲဖွယ်များနှင့် နို့ရည် နို့ဓမ်းစသော အာဟာရများဖြစ်သည်။ ထို့ကြောင့် ယာဝကာလိကလို့ခေါ်တဲ့ အုန်းသီး ငှက်ပျောသီးများကို အခါမဟုတ်သည့် အချိန်များတွင် သာသနာပွဲဆိုပြီး ၃ရက်၊ ၇ရက်၊ အောက်ထစ်ဆုံး (၂၄)နာရီစတဲ့ မမှည့်မချင်းသော်ကောင်း၊အချိန်အခါမဟုတ်သည့် အချိန်များတွင်လည်းကောင်း၊ အသင့်ဘုဉ်းပေးသုံးဆောင်နိုင်သည့်အနေအထား မရှိသည့် အခြေအနေများတွင်လည်းကောင်း တင်လှူသည့်လုပ်ရပ်များကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းပြောလိုသည်မှာ မိမိတို့ အိမ်တွင် အလှူအတန်းလုပ်သည့်အခါ အချိုပွဲစသည်များကို ရဟန်းသံဃာများ ကပ်လှူသည့်အခါ၌လည်း အသင့်ဘုဉ်ပေးနိုင်စေရန် အသီးများကို ခွဲစိတ်၍လည်းကောင်း၊ အခွံခွာ၍လည်းကောင်း၊ လှူဒါန်းဆက်ကပ်ရမည်ဖြစ်ပါသည်။ ဆွမ်းလောင်းသည့်အခါ၌ကား သစ်သီးများကို အရှင်ဘုရား ကျောင်းရောက်သည့်အခါ အပ်စပ်အောင် စီမံ၍ ဘုဉ်းပေးပါဟု လျှောက်ထားလှူဒါန်းမည်ဆိုပါက ဝိနည်းနှင့်ညီသလို၊ အပြစ်ကင်းလည်း ကင်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment