Sunday, March 9, 2014

ဘုရားရှင်လောင်းရဲ့ ဆရာ။

        မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

ကြီးက ဈာန်အဆင့် အားဖြင့် “ရူပါဝစရဈာန” လေးဆင့်အထိ ပေါက်ရောက်အောင်မြင်တဲ့အပြင် အရူ
ပါဝစရဈာန် မှာ တတိယ အဆင့်အထိ ရောက်ထားတဲ့ပုဂ္ဂိုလ်ပါ။ သူက သာမန်ပုဂ္ဂိုလ်မဟုတ်ဘူး၊ ခုနစ်
ဆင့်ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ ဘုရားအလောင်းက သူ့ဆီကသင်ပြီးတော့ တရား အားထုတ်လိုက်တာ
သူနဲ့တန်းတူ သူ့အဆင့်ကို ရရှိဖူးပါတယ်။
         တစ်ဖန်  ဥဒကရာမပုတ္တ ဆိုတဲ့  ရသေ့ ဆရာကြီးက သူကိုယ်တိုင်ကတော့   ဈာန်ရှစ်ဆင့်ထိ
အောင်မပေါက်သေးဘူး၊ သူလည်း ဘုရားအလောင်းနဲ့ တွေ့တဲ့အခါက ခုနစ်ဆင့်ပဲရောက်သေးတယ်။
ဒါပေမဲ့လို့ သူက ရှစ်ဆင့်မြောက် နေ၀သညာနာသညာယတန ဆိုတဲ့ နောက်ဆုံးအဆင့် ဘယ်လို အား
ထုတ်ရတယ်ဆိုတဲ့ နည်းစနစ်ကို သူ့ဆရာဆီကရထားလို့ ဘုရားအလောင်းကို သင်ပေးတယ်။ ဘုရား
အလောင်းက အားထုတ်လိုက်တာ သူ့ဆရာကြီး ပေါက်ရောက်တဲ့အဆင့်ထိအောင် ပေါက်သွားလို့ ဘု
ရားအလောင်းကို သူက ဆရာတင်ထားပါတယ်။ နောက်ပိုင်းမှာ သူလည်းပဲ ရှစ်ဆင့်ထိအောင် ပေါက်
ပြီးသွားတယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးနှစ်ဦးဟာ ဘုရားအလောင်းရဲ့ ဆရာကြီးတွေပါ။
         ဘုရားဖြစ်ပြီးတဲ့အခါ ဓမ္မစကြာတရား ဟောခါနီး ကြည့်လိုက်တော့ အာဠာရ ကာလာမ ဆိုတဲ့
ရသေ့ကြီးက တရားမဟောခင် ခုနစ်ရက်လောက် အလိုမှာသေသွားပြီတဲ့။ သေသွားပြီး ခုနကပြောတဲ့
ရုပ်မရှိ နာမ်သာရှိတဲ့ အရူပဘုံကို ရောက်နေတယ်။ အကယ်၍ ရုပ်ရောနာမ်ရော ရှိမယ်ဆိုလို့ရှိရင်  ဘု
ရားက လိုက်ပြီးတော့ တရားဟောမှာပါ။ ဘာဖြစ်လို့တုန်းဆိုရင် သူ့ဆရာ တော်ဖူးတာကိုး၊   ကျေးဇူး
ဆပ်ချင်တယ်။ တစ်ခါ ဥဒကရာမပုတ္တ ဆရာကြီး ကြည့်လိုက်တဲ့အခါကျတော့ ညဥ့်ဦးယံကပဲ ကွယ်လွန်
သွားပြီ။ သူလည်းပဲ အရူပဗြဟ္မာ့ဘုံမှာ သွားဖြစ်နေပါတယ်။
         ဘုရားလောင်းရဲ့ ဆရာတွေက “ဒီရုပ်ခန္ဓာကိုယ်ကြီးရှိလို့ ခေါင်းကိုက်တာ, ဗိုက်နာတာတို့  ဆို
တာတွေ ဖြစ်နေတာ၊ အိပ်ရတာ စားရတာတို့ ဆိုတာလည်း ဟောဒီရုပ်ခန္ဓာကိုယ်ကြီးကြောင့်ပဲ၊ ဒုက္ခမှန်
သမျှ ဟောဒီ ရုပ်ခန္ဓာကိုယ်ကြီးရှိနေလို့ ဖြစ်နေတာ၊ စိတ်ကလေးချည့်ဆို ဘယ်လောက်ကောင်းမတုန်း”
သူ့အတွေးက အဲဒီလို သွားတွေးပြီးတော့ “နောင် ဘ၀ ငါ့မှာ ရုပ်ခန္ဓာကြီး မရပါရစေနဲ့၊  စိတ်ကလေးပဲ
ရပါရစေ” လို့ တောင့်တပါတယ်။ တောင့်တတဲ့အတိုင်း အရူပ ဗြဟ္မာ့ဘုံ သွားပြီးဖြစ်ကြပါတယ်။
         သူတို့နှစ်ယောက်ဟာလည်းပဲ မြတ်စွာဘုရားနဲ့ တေ့လွဲလွဲသွားကြတာ။ တစ်ဦးက တရားဟော
မလို့ ခုနစ်ရက်အလို၊ ကျန်တစ်ဦးက တစ်ရက်အလိုလေးမှာ နှစ်ဦးစလုံးသေဆုံးသွားကြပြီ၊ တရားလိုက်
ဟောလို့ရတဲ့ ဘ၀မျိုး မဟုတ်သည့် အတွက်ကြောင့် ဘယ်လိုမှ သူတို့ ဘုရားနဲ့တွေ့ဖို့  အခွင့်အရေးဟာ
မရှိတော့ပါ။ တရားနာယူမှတ်သား ကျင့်ကြံပြီး ရလာမယ့် အခွင့်ကောင်းတွေ    လက်လွတ်ဆုံးရှုံးသွားရ
ပါတယ်။ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။ ။
 { ၁၃၆၈ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၈ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၌   အရှင်နန္ဒမာ
   လာဘိဝံသ (Ph.D) ဟောကြားသော ရှစ်ယောက်နှင့် တစ်ယောက် တရားတော်မှ ကောက်နုတ်
         ရေးသားပူဇော်ပါသည်။ }
  (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment