Monday, March 31, 2014

ဘုရားရှင်ရဲ့ ဖြေရှင်းရခက်ခဲတဲ့ စွပ်စွဲမှုကြီး။

         ဂေါတမမြတ်စွာဘုရားရဲ့ဘ၀မှာ အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းဖြစ်အောင်
စွပ်စွဲမှုကြီးဟာ (၂) ကြိမ် ကြုံခဲ့ပါတယ်။ ၁။ ရဟန်းဂေါတမနဲ့ သူ့တပည့်တွေ သုန္ဒရီလေးကို
မတရားပြုကျင့်ပြီး လူသတ်မှုထိအောင် ကျူးလွန်ကြတယ်ဆိုတဲ့ သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာ။

၂။ မြတ်စွာဘုရား တရားဟောနေတဲ့ ပရိသတ်အလယ်မှာလာပြီး မြတ်စွာဘုရားနဲ့ရတဲ့ ကိုယ်ဝန်
ဆောင် အမျိုးသမီးယောင်ဆောင်ပြီး ဘုရားကို လာစွပ်စွဲတဲ့ စိဉ္စမာဏ၀ိကာရဲ့ ပြဿနာ။
         အင်မတန်မှ ဖြေရှင်းရခက်တဲ့ စွပ်စွဲမှုကြီး (၂) ခု မြတ်စွာဘုရားဘ၀မှာ ကြုံခဲ့တယ်။ အဲ
ဒီလို ကြီးမားတဲ့ စွပ်စွဲမှုကြီး (၂) ခု ကြုံတာဟာလည်းပဲ ကံကြမ္မာ ၀ဋ်ကြွေးကို ပေးဆပ်ရတာပါ။
တစ်ချိန်တုန်းက သူကိုယ်တိုင် စွပ်စွဲခဲ့ဖူးတယ်။
         “ဖုဿ” မြတ်စွာဘုရား လက်ထက်အခါ ကာလမှာ သူက “မုနာလိ” ဆိုတဲ့ လူဆိုးလူပေ
တစ်ယောက် ဖြစ်ခဲ့တယ်။ ပါဠိစာပေက ဓုတ္တလို့ ဆိုတဲ့ အသုံးနဲ့သုံးတယ်။(ဓုတ္တဆိုတာ အပျော်ကြူး
သမား၊ ကစားကြူးတယ်။ အရက်ကြူးတယ်။ ကာမကြူးတယ်ဆိုတဲ့ အဲဒီ အပျော်အပါးလိုက်စား
ပြီးတော့ မကောင်းတာဆို အကုန်လုပ်တဲ့ လူမျိုးကို ဓုတ္တ လို့ခေါ်တယ်။)
         အဲဒီ မုနာလိ ဆိုတဲ့ လူဆိုးဘ၀မှာ  သူက သုတပိ ဆိုတဲ့ ပစ္စေကဗုဒ္ဓမထေမြတ်ကို မဟုတ် 
တရုတ်နဲ့  မတော်မတရား စွပ်စွဲခဲ့ဖူးတယ်။ အဲဒီ စွပ်စွဲခဲ့တဲ့ ပြဿနာ၊ ကံကြမ္မာကြောင့် ဒီ ဘုရား
ရှင် ဘ၀မှာ အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းအောင် အင်မတန်မှ ဖြေရှင်းရခက်တဲ့ စွပ်
စွဲမှုကြီး ခံရတယ်။
            အဲဒါကြောင့် မကောင်းတာတွေ မလုပ်မိအောင် တို့တတွေ သတိကြီးစွာထားပြီး ရှောင်
ကြရမယ်လို့ သိရှိ သဘောပေါက်ပြီး ကံကြမ္မာဝဋ်ကြွေးတွေ မိမိသန္တာန်မှာ မတင်ရအောင် ကျင့်
ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ တော်သလင်းလဆန်း ၁၀
ရက်၊ ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံ အိမ်တော်
   ရာဘုရား ရတနာဃရဓမ္မဗိမာန်တော်ကြီးတွင် အရှင်နန္ဒမာလာဘိဝံသ(Phd) ဟောကြားသော
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ တရားတော်မှကောက်နုတ်ရေးသား
ပူဇော်ပါသည်}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment