Saturday, April 5, 2014

သူဌေးသမီးရပြီး ချမ်းသာမယ်ဆိုရင်။

        ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းဘုရား ငယ်ရွယ်စဉ် အချိန်ကာလ
ဖြစ်၏။ ရွှေဘိုနယ်သို့ ဘိုးတော်လိုလို၊ ၀ိဇ္ဇာလိုလို ရှမ်းဆရာကြီးတစ်ယောက် ရောက်လာပြီး လူ
ငယ်များကို အခကြေးငွေဖြင့် ပီယသိဒ္ဓိဆေးများ စုတ်တံဖြင့် ပေါက်ပေးလျက်ရှိ၏။

         ထိုဆေးပေါက်ပြီးလျှင် သူဌေးသမီးကို တစ်ခါလှမ်းကြည့်ရုံနှင့် နောက်မှ တစ်ခါတည်း
လိုက်လာမည်ဟု မက်လုံးပေးထားသောကြောင့် အတွေးအခေါ် နည်းပါးသော တောသားလူငယ်
များမှာ အသားလည်းနာ၊ ငွေလည်းအကုန်ခံပြီး ဆေးပေါက်နေကြ၏။ အတွေးခေါ်ရှိသော မောင်
ဇေယျကား ရိုးသားပြီး နားမလည်သူတို့ထံမှ ငွေချူစားနေသော ဘိုးတော်ကို လက်ပိုက်ပြီး ခပ်
တည်တည်ကြည့်နေ၏။ ဆေးလည်းမပေါက် သူကိုယ်လည်း မကြည်သလို စိုက်ကြည့်နေသော
မောင်အောင်ဇေယျကြောင့် ဘိုးတော်မှာ မလုံမလဲ ဖြစ်လာကာ မောင်အောင်ဇေယျကို စကား
စ၍ လာရော၏။
         “ မောင်ရင်ကော ဆေးမပေါက်ဘူးလား ? ”
         “ မပေါက်ပါဘူး ”
         “ ဘာဖြစ်လို့ မပေါက်တာလဲ ? ”
         “ မယုံလို့ပေါ့ ”
         “ ဘာဖြစ်လို့ မယုံတာလဲ ? ”
         “ ခင်ဗျား .. စဉ်းစားကြည့်လေ။ ခင်ဗျားလည်း အနာဂါမ်၊ ရဟန္တာမဟုတ်တော့ သူဌေး
သမီးကလေးရမယ်ဆိုရင်  ယူမှာပဲ။ တကယ်သာ ဒီဆေးပေါက်ထားလို့ သူဌေးသမီးရပြီး ချမ်း
သာမယ်ဆိုရင် အခုလို တစ်မူးတစ်ပြားနဲ့ နယ်တကာလှည့် အပင်ပန်းခံပြီး သူတစ်ပါးကို ဘယ်
လိုက်ပေါက်ပေးနေမလဲ။ ကိုယ့်ကိုယ်ကို ပြန်ပေါက်ပြီး သူဌေးသမီးယူ ငြိမ့်နေမှာပေါ့ ”
          နောက်နေ့မှာပင် ဘိုးတော်သည် ရွှေဘိုမှ မြန်မြန်လစ်ထွက်သွားလေတော့၏။  ယခု လည်း နှစ်လုံးဂဏန်း၊ သုံးလုံးဂဏန်းပေးကြသော အရဟန်း အချို့နှင့် ဘိုးတော်အချို့သည်
တကယ်သာ ထွက်မည့်ဂဏန်းကို အတိအကျ သိခဲ့လျှင် သူတို့ဘာသာ ထိုးပြီး ငြိမ့်နေကြမည်သာ
ဖြစ်၏။ ထိုသို့ သေချာမသိသောကြောင့် တစ်ပါးသူများကို ဂဏန်းပေးပြီး ပေါက်သောသူထံမှ
အချောင်ငွေယူနေခြင်း ဖြစ်၏။ ။
{မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့် စီးပွားရှာခြင်းမှတဆင့် ကူးယူရေးသားပူဇော်ပါသည်}
   (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment