Monday, July 28, 2014

ဘာသာရေးအရ ဥပုသ်စောင့်ခြင်းနှင့် ဆေးပညာရှုထောင့်မှ ကျန်းမာရေး အကျိုးကျေးဇူး



ဥပုသ်သီလ စောင့်ထိန်းခြင်းမှာ ဘာသာတိုင်းလိုလိုတွင်ရှိသော မိမိ၏ စိတ်နှလုံးအကျင့်ကို ထိန်းသိမ်းသည့် ကျင့်စဉ်တစ်ခုပင် ဖြစ်ပါသည်။ ဤကျင့်စဉ်တွင် အစာကို တစ်စိတ်တစ်ဒေသ (သို့မဟုတ်) တစ်မျိုးမျိုး မစားရခြင်းမှအစ
လုံးဝမစားရခြင်းအဆုံး အစာကို အချိန်ကာလ အတန်ကြာမျှ ရှောင်ကျဉ်ရသည့် ကျင့်ဝတ်တစ်ခု ပါဝင်လေသည်။
ဥပုသ်စောင့်ခြင်း၊သီလစောင့်ခြင်းသည် သီလပါရမီ ဖြည့်ကျင့်ခြင်းလည်း မည်ပါ၏။ သီလ၏အကျိုးတရားများလည်း ရရှိခံစားရပါ၏။

သီလ၏အကျိုးကား။ ။
၁။ရုပ်ဆင်းအင်္ဂါ ချောမောလှပခြင်း၊
၂။ရဟန်းရှင်လူတို့၏ ကြည်ညိုမှုကို ခံယူရခြင်း၊
၃။လာဘ်လာဘ စည်းစိမ် ပေါများခြင်း၊
၎။အသက်ရှည်ခြင်း၊
၅။ကြည်ညို လှူဒါန်း ပူဇော်သူများ အကျိုးကြီးမားခြင်းတို့ ဖြစ်ပါ၏။
(ဓမ္မ၊ဋ္ဌ၊၁၊၁၇၆။ မ၊၁၊၃၉။)
ထို့ပြင်တစ်နည်း
၁။စည်းစိမ်ဥစ္စာ ပေါများခြင်း၊
၂။ကောင်းသတင်းထွက် နာမည်တတ်ခြင်း၊
၃။ပရိတ်သတ်အလယ်သို့ မရှက်မရွံ့ ရဲဝံ့စွာ ၀င်နိုင်ခြင်း၊
၎။သတိရှိလျက် မတွေမဝေ သေရခြင်း၊
၅။သုဂတိဘ၀သို့ လားရောက်ရခြင်း တို့ဖြစ်ကြပါ၏။
(အံ၊၂၊၂၂၁။)
ဤနေရာ၌ သီလအကြောင်းကို အကျယ်တ၀င့် မဆွေးနွေးတော့ဘဲ၊ ဥပုသ်သီလစောင့်ခြင်းကြောင့် ကျန်းမာပုံ၊ရောဂါကင်းပုံ
ကျန်းမာရေးရှုထောင့်ဘက်မှ ဆွေးနွေးတင်ပြသွားပါမည်။ ကျန်းမာရေးသည် အကျင့်စာရိတ္တရေးရာနှင့်လည်း မကင်းကြောင်း
သဘောပေါက်နိုင်ပါသည်။ အထူးသဖြင့် ကျန်းမာရေးအတွက် “ဆေး” ထက် ကျန်းမာအောင် နေတတ်၊ စားတတ်သော
ကျန်းမာရေးအသိပညာက ပို၍ အရေးပါကြောင်း နားလည်နိုင်ပါ၏။ ထို့ကြောင့် “အသက် ဥာဏ်စောင့်” ဟူသော စကားကို ပို၍ ပီပြင်ပြတ်သားစွာ ကြားယောင်နေပါလိမ့်မည်။
ဤသို့ ဥပုသ်စောင့်ရခြင်းမှာ ဘာသာရေးအရ မြင့်မြတ်သော အကျင့်အဖြစ် ပြုလုပ်ခြင်းဖြစ်သော်လည်း ဆေးပညာရှုထောင့်မှ ကြည့်လျှင် ကျန်းမာရေးအရလည်း အကျိုးရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ဘာသာရေး ကိုင်းရှိုင်းသူများအနေဖြင့် တစ်ပတ်တစ်ခါ ဥပုသ်စောင့်၍ အစာမစားခြင်း၊ တစ်လတစ်ခါ (သို့မဟုတ်) တစ်နှစ်လျှင် တစ်လ၊ နှစ်လ၊ သုံးလစသည်ဖြင့် အစားအစာ အလွန်အကျွံ စားသောက်ခြင်းမှ ရှောင်ကြဉ်ခြင်းမှာ ခန္ဓာကိုယ်ကို ကျန်းမာအောင် ပြုလုပ်ခြင်းလည်းမည်၍ အသက်ရှည်ခြင်း၏ အကြောင်းလည်း ဖြစ်ပါသည်။ အကြောင်းမူ အခါအားလျှော်စွာ အစားအစာ မစားဘဲ ရှောင်ကြဉ်ခြင်းဖြင့် ခန္ဓာကိုယ်တွင် စုပုံနေသော အဆိပ်အတောက်များ၊ ငရဲမီးဓါတ်များနှင့် အဆီများကို လျှော့ချပစ်ခြင်းပင် ဖြစ်ပါသည်။ ခန္ဓာကိုယ်၏ စက်ယန္တရားကို ဆေးကြောသန့်စင်ပြီးး၊ ပြန်လည်မှန်ကန်လာအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း လေ့လာတွေ့ရှိရသောကြောင့် ဖြစ်ပါသည်။
ဥပုသ်စောင့်ရာတွင် အစားအစာ ရှောင်ကြဉ်ခြင်းသည် အစာ လုံးဝမစားဘဲ၊ အစာငတ်ခံခြင်း မဟုတ်ကြောင်းကို
သိအပ်လေသည်။ ဥပုသ်စောင့်ခြင်း၌ အစားအစာ ရှောင်ကြဉ်ရာတွင် ရက်တစ်ရက်၏ အချိန်တစ်ဝက်ပိုင်းတွင်သာ (အချိန်ပိုင်း
အချို့တွင်သာ) အစာရှောင်ကြဉ်ခြင်း ဖြစ်၏။ ယင်းသို့ ရှောင်ကြဉ်ချိန်၌လည်း အချို့ဘာသာဝင်များမှအပ ဗုဒ္ဓဘာသာဝင်များမှာ ရေနှင့် သစ်သီးဝလံ ဖျော်ရည်များကို သောက်သုံးနိုင်သောကြောင့် အစာငတ်ခံခြင်း မဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါ၏။ (၂၄)နာရီ ပတ်လုံး အစာမစားပါမူ ခန္ဓာကိုယ်က လိုအပ်သော ကယ်လိုရီအင်အား၊ ဗီတာမင်ဓါတ်များနှင့် အမိုင်နိုအက်စစ်ဓါတ်များ မရတော့သဖြင့် ခန္ဓာကိုယ်ဓါတ်သဘာဝ စက်ယန္တရားပျက်ကာ အဆိပ်အတောက်ဖြစ်ပြီး၊ ဒုက္ခရောက်နိုင်ပါသည်။ သို့ဖြစ်၍ ဥပုသ်စောင့်ရာ၌ အစာမစားခြင်းမှာ ခန္ဓာကိုယ်အတွက် လိုအပ်၍ အကျိုးရှိပြီး၊ အစာငတ်ခံခြင်းမှာမူ ခန္ဓာကိုယ်အတွက် မလိုအပ်ဘဲ အန္တရာယ် ဖြစ်နိုင်ကြောင်း သိအပ်ပေသည်။
ဤသို့ ဥပုသ်စောင့်၍ အစာမစားသဖြင့် အစာအိမ်လမ်းကြောင်းအင်္ဂါများတွင် စုပုံနေသော အညစ်အကျေးများကို ထုတ်ပစ်ရာရောက်၍ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း အင်္ဂါများလည်း အနားရသဖြင့် လူ၏ခန္ဓာကိုယ်မှာ ပို၍ သန်စွမ်းလာနိုင်ပါသည်။ အစာစားစဉ်က အလုပ်များခဲ့ရသော အစာအိမ်၊ အူသိမ်၊ အူမနှင့် အသည်း၊ ပန်ကရိယ၊ ကျောက်ကပ် စသည်တို့မှာလည်း အနားရ ပြင်ဆင်နိုင်ခွင့်ရလေသည်။ အသစ်တဖန် ပြည့်ပြည့်၀၀ ပြန်လည် အလုပ်လုပ်နိုင်ရန် အခွင့်အရေး ရလာသည်။ စက်များပင်လျှင် နေ့စဉ် ရေရှည်သုံးပါက ပျက်စီးလွယ်၏။ အချန်မှန်မှန် အနားပေးပြီး၊ ပြင်ဆင်မွမ်းမံ ချိန်သားကိုက်ပေးလျှင် တာရှည်ခံသကဲ့သို့ အစာကို နေ့စဉ်ချေဖျက်ရသော၊ အညစ်အကျေး အဆိပ်အတောက်များကို
ဖျက်ဆီး ထုတ်ပစ်ရသော အင်္ဂါ အစိတ်အပိုင်းများမှာလည်း ဥပုသ် စောင့်ခြင်းဖြင့် အနားရကာ ပြန်လည် လန်းဆန်းကာ ကောင်းမီန်လာခြင်း ဖြစ်ပါသည်။
သို့ဖြစ်၍ မှန်မှန် ဥပုသ်စောင့်ခြင်းသည် စိတ်ကြည်လင် လန်းဆန်းစေသကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးနှင့် ညီညွတ်သော အကျင့်တစ်ခုပင် ဖြစ်ပါသည်။ အထူးသဖြင့် ဥပုသ်စောင့်၍ အစာမစားခြင်းကို တစ်ပတ်လျှင် တစ်ခါ မှန်မှန်
ပြုလုပ်ပေးသင့်ပါသည်။ အကယ်၍ ရက်ရှည်ဥပုသ်စောင့်ပြီးနောက် အစာကို ပြန်စားရာတွင် အသားကို ချက်ချင်းမစားသေးဘဲ၊
နှစ်ရက် သုံးရက်မျှ သက်သက်လွတ် သားပေးခြင်း၊ ဟင်းစီး ဟင်းရွက်ရည် သစ်သီးရည်များကို သောက်ပေးခြင်းဖြင့် ပိုမိုကျန်းမာ သန်စွမ်းနိုင်ကြောင်း သိရပါသည်။
သို့ဖြစ်သောကြောင့် ဘာသာရေးကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ရက်ရှည် ဥပုသ်စောင့်ခြင်း၊ သင်္ကန်းဝတ်ခြင်း၊
သီလရှင်အဖြစ်ခံယူခြင်းတို့မှာ ဘာသာရေးအရ ကောင်းမြတ်သော အကျင့်သီလတစ်ခုဖြစ်သကဲ့သို့ ဆေးပညာရှုထောင့်မှကြည့်လျှင်လည်း ကျန်းမာရေးနှင့်ညီညွတ်ကာ မိမိ၏ခန္ဓ္ဓာကိုယ်ကို ထိမ်းသိမ်းပြုပြင်ခြင်းလည်းမည်ပါသည်။
ထို့ကြောင့်ပင် အစားမက်သောသူ၊ အအိပ်မက်သောသူတို့မှာ အ၀လွန်ခြင်း၊ အနာရောဂါများခြင်းများကို အခြားသောသူတို့ထက် ပိုမိုတွေ့ကြုံရလေ့ရှိကြရ၏။ အကြောင်းမူ ခန္ဓ္ဓာကိုယ်က အညစ်အကြေးများကို ကုန်စင်အောင် မထုတ်နိုင်သောအခါ ယင်းအညစ်အကြေးများသည် ခန္ဓ္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေပါသည်။
ထိုအခါ ခန္ဓ္ဓာကိုယ်မှာခုခံစွမ်းအား နည်းသွားပြီး၊ အရေပြားနာ၊ ၀မ်းကိုက် ၀မ်းဖောနာ၊ ဆီးပူညောင်းကျနာ၊ ပါးစပ်နံခြင်း၊ ချွေးနံခြင်း၊ တံတွေးခဏခဏ ထွေးရခြင်း၊ စိတ်လက်မကြည်လင်ခြင်း၊လေးလံထိုင်းမှိုင်းခြင်း၊ ၀မ်းချုပ်ခြင်း၊ကိုယ်လက်ကိုက်ခဲခြင်း၊ ဇက်လေးခြင်းနှင့် ခေါင်းအုံ ခေါင်းကိုက်ခြင်း ရောဂါများ ဖြစ်လာတတ်ပါသည်။ ဤသို့ဖြစ်သည်မှာ ကြာလာသောအခါ ရောဂါကြီးများ ၀င်လာတတ်ပါသည်။ ဥပမာ အဆစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ဒူလာရောဂါ စသည်တို့ဝင်လာနိုင်ကြောင်း “မြန်မာ့အာဟာရနှင့် ဆေးသုတ”စာအုပ်၌ အတိအလင်း ရေးသား ဖေါ်ပြထားပါသည်။
ထို့ကြောင့်ပင် ဥပုသ်စောင့်ခြင်း (သို့မဟုတ်) ရံဖန်ရံခါ အစားအသောက် ရှောင်ကြဉ်ပေးခြင်းဖြင့် မိမိခန္ဓ္ဓာကိုယ်ကို အစဉ်ရွှင်လန်းစေပြီး၊ ရောဂါကင်းအောင် ပြုလုပ်နိုင်ပါသည်။ အချို့သော အာဂန္တုရောဂါ (တစ်ခါတစ်ရံ ဖြစ်သောရောဂါ) ဝေဒနာ
ခံစားနေရသော အချိန်များတွင်လည်း ဤသို့ပြုကျင့်ပေးပါက ပို၍နာလန်ထ မြန်ကြောင်းသိရပါသည်။ သို့ဖြစ်၍
ဘာသာရေးအရသာမက ကျန်းမာရေးအရလည်း အလွန်အကျိုးရှိသော ဥပုသ်စောင့်ခြင်းဟူသော
ဤကျင့်စဉ်ကို လူတိုင်းကိုယ်စီ လိုက်နာနိုင်အောင် ကြိုးစားနိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါသည်။
တက္ကသိုလ် မောင်ကိုရင်

No comments:

Post a Comment