ဤဆာနာရောဂါ ဆိုသည်ကို လူတိုင်းသိရှိမည်မဟုတ်ပေ။ သိသူနည်းပေလိမ့်မည်။ လောက၌ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ကို မည်သို့သောသတ္တ၀ါမျှ ကြံ့ကြံ့ခံနိုင်စွမ်း မရှိပေ။ ဆာလောင်မွတ်သိပ်ခြင်း ဒဏ်ကို မခံနိုင်ကြ၍ သတ္တ၀ါတိုင်း နေ့စဉ်နှင့်အမျှ စားသောက်နေကြရ၏။
အစားအသောက်အတွက် နေ့စဉ်နေ့တိုင်း ကြိုးစား အလုပ်လုပ်နေကြရခြင်း ဖြစ်ပါသည်။
တရားအားထုတ်ကြသော
ရဟန်းများနှင့် ယောဂီများသည်ပင် ၀မ်းတွင်း၌
အစအာာဟာရ ကုန်ခမ်း၍ ဆာလောင်မွတ်သိပ်သောအခါ စိတ်တည်ကြည်မှု သမာဓိကို မရနိုင်ဘဲ၊ ချွေးပြန်ခြင်း၊
စိတ်ပြန့်လွင့်ခြင်းများ ဖြစ်တတ်ကြောင်း ကျမ်းဂန်များ၌ ဖွင့်ဆိုထားပါသည်။ သာမန်လူသားများဆိုပါက
ပြောဖွယ် မရှိပြီ။ လောကတွင် ခေတ်ပျက်ချိန်၊ စစ်ဖြစ်ချိန်မှလွဲ၍ သာမန်အချိန်များတွင်
ငတ်မွတ်ပြီး သေသော မသာဟူ၍ မကြားဘူးပေ။ ဆိုလိုသည်မှာ လောကလူတို့သည် ငတ်မွတ်ပြီး အသေခံမည်တော့
မဟုတ်ပေ။ ဆာလွန်းလျှင် တောင်းစားပေမည်။ တောင်း၍ မရလျှင် လုယူပေလိမ့်မည်။ လု၍မှ မရလျှင်
အတင်းအဓမ္မ တိုက်ခိုက်ယူပေလိမ့်မည်သာ။ “ငါ့ဝမ်းပူဆာ မနေသာ” “ကိုယ်မချိ အမိသော်လည်း သားတော်ခဲ”
“ကမ္ဘာမီးလောင် သားတောင်ချနင်း” ဟူသော မြန်မာစကားပုံတို့သည် အထက်ပါ အယူအဆကို ထောက်ခံသော
စကားပုံများ ဖြစ်ကြပါ၏။
“ရောဂါ” ဟူသည် အဘယ်နည်း။ ထိုရောဂါဆိုသည့်ဝေါဟာရကို ……
၁။ ဒေသနာနယ (ဓါတ်ဆရာ) ရှုထောင့်မှဆိုလျှင် ဒေသနာကျမ်းလာ အပူ (ဥဏှ)၊ အအေး (သီတ)၊ နှစ်ပါးကို အကြောင်းခံ၍ လူ့ခန္ဓာကိုယ်တွင် ပြောင်းလဲဖောက်ပြန်ကာ မခံသာအောင် ဆင်းရဲဒုက္ခ ရောက်ရသည်ကို “ရောဂါ” ဟူ၍ ခေါ်ပါ၏။
၂။ ဘေသဇ္ဇနယ (ဗိန္ဓောဆရာ) ရှုထောင့်မှဆိုလျှင် ဒေါသ(အပြစ်) (၃)ပါး (လေ၊ သည်းခြေ၊ သလိပ်)၊ ဓါတ်(၇)ပါး (ရသ၊ သွေး၊ အသား၊ အဆီ၊ အရိုး၊ ချဉ်ဆီ၊ သုတ်) နှင့် လေ (၁၂)ပါး (ကျင်ကြီး၊ ကျင်ငယ်၊ နားဖာချေး၊
ခြေသည်း၊ လက်သည်း၊ သလိပ်၊ မျက်ရည်၊ မျက်ချေး၊ ချွေး၊ ဆီး၊ သုတ်၊ ချဉ်ဆီ) တို့၏ ပွါးခြင်း၊
ခန်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆင်းရဲဒုက္ခ အမျိုးမျိုးကို “ရောဂါ” ဟူ၍ ခေါ်ပါ၏။
၃။ ဗေဒနက္ခတ္တနယ (ဗေဒင်ဆရာ) ရှုထောင့်မှဆိုလျှင် နေနှင့်လ (၂)ပါး၊ ဂြိုဟ်ကြီး (၉)လုံး နှင့် နက္ခတ် (၂၇)လုံးတို့ ကောင်းကင်တွင် လှည့်ပတ်သွားလာနေမှုကြောင့် ဖြစ်ပေါ်လာရသည့် အယာဉ်(၂)ပါး၊ ဥတု(၃)ပါး၊ ရတု(၆)ပါး၊
နှင့် ရာသီ(၁၂)လီတို့ အကြောင်းခံ၍ သတ္တလောကအပေါ် အကျိုးသက်ရောက်မှု၊ အခံရခက်မှု အမျိုးမျိုး
ကျရောက်ဖြစ်ပေါ်ခြင်းကို “ရောဂါ” ဟူ၍ ခေါ်ပါ၏။
၎။ ၀ိဇ္ဖာဓရနယ (ပယောဂ ဆရာ) ရှုထောင့်မှဆိုလျှင် ပင်းခြင်း၊ တွဲခြင်း၊ ခဲခြင်း၊ (အစာပင်းတွဲ ခဲခြင်း၊ သွေးပင်းတွဲ ခဲခြင်း၊ လေပင်းတွဲ ခဲခြင်း) စသည်တို့ကို အကြောင်းခံကာ ခန္ဓာကိုယ်အတွင်း
ဖေါက်ပြန်မှု အမျိုးမျိုး၊ ဆင်းရဲဒုက္ခအမျိုးမျိုး ရောက်ရသည်ကို “ရောဂါ” ဟူ၍ ခေါ်ပါ၏။
ထို “ရောဂါ” ဟူသည့်ဝေါဟာရနှင့် ပတ်သက်၍ လောကသားတို့၏ အနှိုင်းမဲ့ အတုမရှိ ဗုဒ္ဓမြတ်စွာသည် ဥပါသကာတစ်ဦးကို အကြောင်းပြု၍ အောက်ပါအတိုင်း ဟောတော်မူခဲ့ပါသည်။
“ဇိဂစ္ဆာ ပရမာ ရောဂါ” (ဧကဥပါသက၀တ္ထု၊ ဓမ္မ၊ဋ္ဌ၊ဒု၊၁၆၉။ဂါထာ၊၁၇၁။)
ဇိဂစ္ဆာ၊ ဆာလောင်မွတ်သိပ်မှုသည်။ ပရမာ၊ အကြီးမားဆုံးသော။ ရောဂါ၊ ဆင်းရဲဒုက္ခ
ဖြစ်စေသော ရောဂါပင် ဖြစ်ပါ၏။ ဆိုလိုသည်မှာ ရောဂါအပေါင်းတို့တွင် အကြီးမားဆုံးနှင့် အခြေခံ အကျဆုံးသော ရောဂါသည် ဆာလောင်မွတ်သိပ်ခြင်း “ဆာနာ” ရောဂါပင် ဖြစ်ပါသည်။
မှန်ပါ၏။ ထို“ဆာနာရောဂါ”သည် မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို ကြုံတွေ့ကြရသည်သာ ဖြစ်ပါ၏။ သက်ရှိသတ္တ၀ါ မှန်သမျှ ရှောင်လွှဲ၍ မရနိုင်ပေ။ လောကရှိ ပုဂ္ဂိုလ် သတ္တ၀ါအားလုံးမှာလည်း နေ့စဉ်နှင့်အမျှ နံက် နေ့ ည တစ်နေ့
(၃)ကြိမ် ဆာလောင်ခြင်းဒဏ်ကို မခံနိုင်၍ စားသုံးနေကြရခြင်း ဖြစ်ပါ၏။ နေ့စဉ် လှုပ်ရှား
ရုန်းကန် အလုပ်လုပ်နေကြရခြင်းမှာလည်း “ငါ့ဝမ်းပူဆာ မနေသာ”သောထို ဆာနာရောဂါကြောင့်ပင်
ဖြစ်ပါသည်။ ထိုမျှမက ဆာနာရောဂါသည် ကမ္ဘာပေါ်ရှိ မည်သည့်ဆေးပညာအမြင်ဖြင့် ကြည့်ပါစေ မဆန့်ကျင်ကြောင်း
တွေ့ရမည်သာ ဖြစ်ပါသည်။
ခြုံ၍ သုံးသပ်ဆင်ခြင်ကြည့်မည်ဆိုလျှင်….
၁။ ဓါတ်ဆေးပညာအလိုအားဖြင့် အပူ (ဥဏှ)၊ အအေး (သီတ) တို့ မည်သို့ဖေါက်ပြန် ပြောင်းလဲသည်ဖြစ်စေ၊ မဖေါက်ပြန် မပြောင်းလဲသည် ဖြစ်ပါစေ “ဆာနာရောဂါ” ကား ရှိနေမည်သာ။
၂။ ဗိန္ဒောဆေးပညာအလိုအားဖြင့် ဒေါသ၊ ဓါတ်၊ မလတို့ မည်သို့ခန်းခြောက်သည်ဖြစ်စေ၊ တိုးပွါးသည်ဖြစ်ပါစေ “ဆာနာရောဂါ” ကား ရှိနေမည်သာ။
၃။ ဗေဒင်ပညာအလိုအားဖြင့် နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ဥတု၊ ရတု၊ ရာသီ၊ တြင်း၊ န၀င်းတို့ မည်သို့ ကောင်းသောအားဖြင့် ပြောင်းလဲသည်ဖြစ်စေ၊ မကောင်းသောအားဖြင့် ပြောင်းလဲသည်ဖြစ်ပါစေ “ဆာနာရောဂါ” ကား ရှိနေမည်သာ။
၎။ ပယောဂဆေးပညာအလိုအားဖြင့် အစာ၊ သွေး၊ လေတို့ မည်သို့ပင် ပင်း၊ တွဲ၊ ခဲ၍ ဖေါက်ပြန်သည်ဖြစ်စေ၊ မဖေါက်ပြန်သည်ဖြစ်ပါစေ “ဆာနာရောဂါ” ကား ရှိနေမည်သာ။
ယခုခေတ်ကာလတွင် ကြောက်စရာအကောင်းဆုံး ရောဂါဖြစ်သည့် ကင်ဆာရောဂါ၊ ခုခံအား ကျဆင်းသည့်ရောဂါ (AIDS) စသည့်ရောဂါကြီးများကို နှစ်ဆယ့်တစ်ရာစု သိပ္ပံပညာရှင်ကြီးများ၏ ကြိုပမ်း အားထုတ်မှုကြောင့် ပျောက်ကင်းနိုင်သည့်
ဆေးဝါးများ ပေါ်ပေါက်လာသည့်တိုင် “ဆာနာရောဂါ” ကား ရှိနေမည်သာ။ လောကကြီးတွင် သက်ရှိသတ္တ၀ါများ
ရှိနေသ၍ ၊ ဆက်လက်တည်တံ့နေသ၍ကာလပတ်လုံး ဤ “ဆာနာရောဂါ” သည်လည်း ဆက်လက်တည်တံ့ကာ ရှိနေဦးမည်သာတည်း။
တက္ကသိုလ် မောင်ကိုရင်
No comments:
Post a Comment