Tuesday, July 22, 2014

သာသနာ ဘယ်နေရာမှာတည်တာလဲ။

         သာသနာနဲ့ကြုံခိုက်မှာ ကိုယ့်ဘ၀ကို ကိုယ်သာလျှင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရပါ
မယ်။ သာသနာတွင်းသားနဲ့ သာသနာပသား အခွင့်အရေးချင်းမတူပါ။ ဘာတွေကွာခြားသလဲဆိုရင်
သာသနာပမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါတယ်။ သာသနာတွင်းမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါ
တယ်။ ဒီလောက်ကတော့ တူပါတယ်။ သာသနာပမှာ လမ်းညွှန်ပေးနိုင်တဲ့ ဘုရားအဆုံးအမတွေ

မရှိတဲ့အတွက်ကြောင့် ဘုရားအဆုံးအမရှိမှ သိနိုင်တဲ့ အသိတရားတွေ သာသနာပမှာ မသိနိုင်ပါ။
         သာသနာတွင်းမှာ လူဖြစ်နေတဲ့သူတွေ သာသနာတည်တန့်ဖို့ ဆိုပြီးတော့ ရှေးရှေးကပင်
ကြိုးစားနေကြပါတယ်။ သီရိလင်္ကာနိုင် သီဟိုဠ်ခေတ်က သာသနာနှစ် ၅၀၀ ၀န်းကျင်မှာ ဗုဒ္ဓအဆုံး
အမတွေကို ဒီအတိုင်းနှုတ်ငုံဆောင်လာခဲ့ရင် အဆုံးအမတွေ ပျောက်ပျက်သွားလိမ့်မယ်ဆိုပြီးတော့
ပေထက်အက္ခရာတင်ခဲ့တယ်။ မြန်မာပြည် မင်းတုန်းမင်းလက်ထက်မှာ ကျောက်ထက်အက္ခရာတင်
ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဦးနုလက်ထက်တွင် စက္ကူစာရွက်ပေါ်တွင် ပုံနှိပ်အက္ခရာတင်ခဲ့ပါတယ်။ အခု
အင်ဒိုးနီးရှားနိုင်ငံမှာ စတီးလ်ချပ်ပေါ်မှာအက္ခရာတင်နေပါတယ်။ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေ
ကျင်-မင်္ဂလာတိုက်ကျောင်းဆရာတော် ဘဒ္ဒ န္တဉာဏ(အစိုးရဓမ္မာစရိယ၊ အဂ္ဂမဟာဂ န္တ၀ါစကပဏ္ဍိ
တ) က ဦးဆောင်ပြီး ၂၀၀၇ ခုနှစ်မှစ၍ ကြေးချပ်ပေါ်မှာ အက္ခရာတင် ပိဋကတ်တော်များပြုလုပ်
နေပါသည်။
        ဒါဖြင့်ရင် သာသနာဟာ ပေမှာတည်မှာလား၊ ကျောက်မှာတည်မှာလား၊ စက္ကူပေါ်မှာတည်
မှာလား၊ စတီးချပ်ပေါ်မှာတည်မှာလား၊ ကြေးချပ်ပေါ်မှာတည်မှာလား၊ ဦးဇင်းရဲ့အယူကိုပြောမယ်
ကြိုက်ရင်ယူ မကြိုက်ရင် သဘောမတူရင် ပယ်လိုက်၊ ဘာမှပြသနာမရှိဘူး။ ဦးဇင်းက သာသနာ
ဘယ်မှာတည်သလဲ ဆိုတဲ့အဖြေကို ကိုယ်တိုင်ထုတ်ကြည့်တော့ ထွက်တာတဲ့အဖြေက “သာသနာ
သည် ယုံကြည်သူတို့ရဲ့ နှလုံးသားမှာတည်တယ်လို့ အဖြေရပါတယ်။
         ယုံကြည်မှုမရှိဘဲနဲ့  ဘုရားအဆုံးအမကို လိုက်နာကျင့်သုံးဖို့ မဖြစ်နိုင်ပါ။ ယုံကြည်သူတို့ရဲ့
နှလုံးသားဆိုတာ ဟောဒီ နှလုံးသားထဲက ဘုရားရဲ့အဆုံးအမကို ကျကျနနသိပြီး လိုက်နာကျင့်သုံး
သိမ်းပိုက်ထားသူမှ သာသနာတည်မှာပါ။ အခု သူတော်ကောင်းတို့စိတ်က သာသနာကို မယုံကြည်
နိုင်တော့ရင် သူတော်ကောင်းတို့ထံမှာ သာသနာတည်တယ်လို့ မပြောနိုင်တော့ပါ။ ကျန်တဲ့ သာသ
နာ ၂၅၀၀ တို့၊ ၅၀၀၀ တို့ ပြောမနေနဲ့  ဦးဇင်းတို့နဲ့မဆိုင်ဘူး။
         ဗုဒ္ဓသာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမ၊ အဲဒီမြတ်စွာဘုရားရဲ့ အဆုံးအမတွေက
သီလ၊ သမာဓိ၊ ပညာပါ။ တနည်း သီလသာသနာ၊ သမာဓိသာသနာ၊ ပညာသာသနာဆိုပြီး သာသ
နာ ၃ ရပ် ရှိပါတယ်။ ဒါကိုပဲ သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာလို့လဲ ခေါ်ပါတယ်။
         ဘုရားရှင်မြတ်ကြီးက သီလသာသနာမှာ သီလသိက္ခာကိုပြတယ်၊ သီလသိက္ခာအတွက် ဆုံး
မတယ်။ သမာဓိသာသနာမှာ သမာဓိသိက္ခာကိုပြတယ်၊ သမာဓိအကျင့်အတွက် ဆုံးမတယ်။ ပညာ
သာသနာကလဲ ဒီအတိုင်းပါ။ ဒီတော့ မြတ်စွာဘုရားရဲ့ အဆုံးအမကို ယုံကြည်သူသည် ယုံကြည်ပါ
တယ် ဆိုကာမျှနဲ့ မပြည့်စုံပါ။ ဦးဇင်းက သာသနာဟာ ယုံကြည်သူတို့ရဲ့ နှလုံးသားမှာ တည်တယ်
လို့  ပြောလိုက်တာ တခြားမဟုတ်ဘူး။ နှလုံးသားက သူတော်ကောင်းတို့ရဲ့စိတ်ထဲမှာ နှစ်နှစ်ကာ
ကာကြီးယုံကြည်ထားမှ သီလသိက္ခာကို ယုံကြည်သူသည် သီလအကျင့်ကို ကျင့်မှာပါ။ သီလဆိုတဲ့
တရားဟာ မစောင့်ထိန်းဘဲနဲ့  ပြည့်စုံရိုးထုံးစံမရှိပါ။ ထို့အတူ သမာဓိကလည်း အလိုလို ပြည့်စုံမှာ
လား။ အလိုလို ရောက်လာမှာလား။ ဒါကြောင့် မစောင့်ထိန်းတဲ့သူ မကျင့်တဲ့သူမှာ မရနိုင်ပါ။
         ဒီနေ့ ဦးဇင်းတို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓအဆုံးအမ ထေရ၀ါဒ ဗုဒ္ဓသာသနာရှိပါတယ်။ ဒါပေမယ့်
ဗုဒ္ဓအဆုံးအမကို တကယ်ယုံကြည်လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ် နည်းနေတဲ့အတွက် သာသနာတည်မှု
မတည်မှုဟာ သီလအပေါ် တကယ်ယုံကြည်မှုမရှိရင် သီလသာသနာပျက်ပြီ၊ ကိုယ်စီကိုယ်စီမှာ
ယုံကြည်မှုအပြည့်နဲ့ သီလစောင့်ထိန်းမယ်ဆိုရင် သီလသာသနာတည်ပါတယ်။ ဒါကြောင့် သီလ
စောင့်ထိန်းဖို့လိုပါတယ်။ သာသနာပျက်တယ်ဆိုတာ တစ်စုံတစ်ဦးက လာဖျက်တာမဟုတ်ပါဘူး။
လာဖျက်ရင်လဲ အဆောက်အဦးပဲ ဖျက်ဆီးလို့ရပါတယ်။ နှလုံးသားထဲမှာတည်နေတဲ့ သာသနာကို
ဘယ်လိုမှ ပျက်အောင် ဖျက်ဆီးလို့ မရပါဘူး။
        တရားချစ်ခင် သူတော်စင်တို့ကလည်း နှလုံးသားထဲမှာ သာသနာတည်နိုင်ကြပြီး မြတ်နိဗ္ဗာန်
ကို ရရောက်နိုင်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ ကုန်သတည်း။
{ သာသနာတော်နှစ် ၂၅၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ နံယုန်လပြည့်ကျော် ၅ ရက်၊
 ခရစ်နှစ် ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၈ ရက်၊ သောကြာနေ့ ည၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အ
  ရာတော်မြို့၊ အမှတ် ၃ နယ်မြေ၌ အရှင်သုမင်္ဂလ ဟောကြားတော်မူသော “သုမနသာမဏေ”
  တရားတော်မှ ကောက်နှုတ်ရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
 “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)

No comments:

Post a Comment