ဘုရားအလောင်းတော်ဟာ တခုသောဘ၀က ဂန္ဓာရတိုင်းမှာ မင်းဖြစ်နေခဲ့ပါတယ်။ ဂန္ဓာရ
တိုင်းပြည်ဆိုတာ ယခု အိန္ဒိယပြည်၏ အနောက်မြောက် နယ်စွန်းမှာ ကက်ရှမီးရ်ဆိုတဲ့ နယ်နဲ့စပ်နေ
တဲ့ အရပ်ပါပဲ။ အဲဒီ ဂန္ဓာရဘုရင် ဘုရားအလောင်းတော်ဟာ မင်းအဖြစ်မှ သံဝေဂရပြီး တောထွက်
ရသေ့ရဟန်းပြု နေပါတယ်။
အဲဒီ ခေတ်တုန်းက ၀ိဒေဟတိုင်းပြည်က ဘုရင်မင်းဟာလည်း သူ့မိတ်ဆွေ ဂန္ဓာရဘုရင် ရ
သေ့ရဟန်းပြုတဲ့ သတင်းကို ကြားရတဲ့အတွက် သူလည်း သံဝေဂရပြီး တောထွက် ရသေ့ရဟန်းပြု
နေပါတယ်။
နောက် တချိန်မှာ အဲဒီရသေ့ ၂-ပါးဟာ ဟိမ၀န္တာတောထဲမှာ အတူတကွ တွေ့ကြပြီး
တရားကျင့်သုံးနေကြပါတယ်။ တောထဲက သစ်သီးသစ်ဥတွေကို အဟာရပြုမှီဝဲရာမှ ဆားမပါတဲ့
သစ်သီးသစ်ဥ စသည်ကိုသာ စားနေကြရတော့ အာဟာရဓာတ် မပြည့်ဝဘဲ ရှိနေကြပါတယ်။ ဒါ
ကြောင့် ဆားနှင့်အချဉ်ကို မှီဝဲ သုံးဆောင်ရန်အတွက် ဟိမ၀န္တာမှ ဆင်းလာပြီးတော့ အစွန်အဖျား
ရွာတခုကို ရောက်လာကြပါတယ်။
အဲဒီရွာသားတွေက ရသေ့ ၂-ပါး၏ နေထိုင်ပုံကို ကြည်ညိုပြီး ဆွမ်းများကို လှူဒါန်းကြတယ်။
တနေ့သောအခါမှာ အဲဒီရွာသားများက ဆားထုပ်နှင့်တကွ ဆွမ်းကို လှူကြတယ်။ အဲဒီအခါ ၀ိဒေ
ဟတိုင်းပြည်မှ ဖြစ်လာတဲ့ ဝေဒေဟရသေ့က နောက်ရက်များမှာ လိုရင် သုံးဖို့ ရည်ရွယ်ပြီး ပိုနေတဲ့
ဆားကို ဖက်ဖြင့် ထုပ်ပြီး သိမ်းထားမိတယ်။
တနေ့သောအခါကျတော့ ဆွမ်းလှူကြရာမှာ ဆားမပါဘဲ ရှိနေသတဲ့။ အဲဒီတော့ ဝေဒေဟရ
သေ့က သူသိမ်းထားတဲ့ ဆားကို ဂန္ဓာရရသေ့အား သွားပြီး ပေးပါတယ်။ အဲဒီအခါ - “ ဒီကနေ့
ဆွမ်းလှူကြရာမှာ ဆားမပါဘူး။ ဘယ်က ရပါသလဲ ” လို့ ဂန္ဓာရရသေ့က မေးတယ်။ “ ဆရာရေ
ဟိုတနေ့က လှူလိုက်တဲ့ ဆားထုပ်ကို လိုရင် ရအောင် သိမ်းထားတဲ့ ဆားဖြစ်ပါတယ် ”လို့ ဝေဒေဟ
ရသေ့က ဖြေကြားတယ်။ အဲဒီအခါ ဂန္ဓာရရသေ့က ဝေဒေဟရသေ့ကို ဒီလို အပြစ်တင် ပြောကြား
ပါသတဲ့။
ဘုရားအလောင်းတော်ရသေ့က “ အချင်းရသေ့ သင်သည် ၀ိဒေဟတိုင်းဆိုင်ရာ တစ်
သောင်းခြောက်ထောင်သော မြို့ရွာတို့ကို တွယ်တာမငဲ့ စွန့်ခဲ့ပြီး၊ ပစ္စည်းမဲ့ရသေ့ပြုနေသော ယခု
အခါ၌ နောက်နေ့သုံးရန်အတွက် ရည်ရွယ်၍ အဖိုးမတန်လှသောဆားကို သိမ်းထားမှု ပြုဘိ၏။ ”
ဝေဒေဟရသေ့ကလည်း “ ဆရာရသေ့ များစွာသော ဥစ္စာ၏တည်ရာဖြစ်သော ဂန္ဓာရတိုင်းပြည်
အရပ်ကို စွန့်လွှတ်ခဲ့ပြီး၍ သူတစ်ပါးအား ညွှန်ကြားဆုံးမရာ ဂန္ဓာရဘုရင်အဖြစ်မှ ထွက်ခွာခဲ့ပြီးသော
ဆရာရသေ့သည် ဆုံးမရန်တာဝန်မရှိသော ကျွန်ုပ်အား ညွှန်ကြားဆုံးမတုံဘိ၏။”
ထိုအခါ ဘုရားလောင်း ရသေ့က “ဝေဒေဟရသေ့ ငါသည် အမှန်တရားကို ပြောပြပါသည်။
တရားမှန် လမ်းမှန်ကို ပြောပြသောငါ့အား မကောင်းမှု အညစ်အကြေးသည် မလူးလဲ မကပ်ငြိပါ။
အဲဒီလို ရှင်းပြလိုက်တော့ ဝေဒေဟရသေ့ကလည်း အဆုံးအမကို နှစ်သက် လက်ခံပါ
တယ်။ အဲဒီ ရသေ့ ၂-ပါးဟာ ဈာန်အဘိညာဉ်များကို ဖြစ်ပွားစေပြီး ဗြဟ္မာ့ပြည်သို့ လားရောက်
ကြပါသတဲ့။
အဲဒီ ရသေ့ ၂-ပါးထဲက ဝေဒေဟရသေ့ဆိုတာဟာ အရှင်အာနန္ဒာ၏အလောင်းလျာ
ဖြစ်ပါသတဲ့။ ဒီဇာတ်ဝတ္ထုမှာ သိစေလိုရင်းကတော့ သာသနာပ ရသေ့လောကမှာတောင် ပစ္စည်း
သိမ်းဆည်းမှုကို အပြစ်မြင်ပြီး ကြဉ်ရှောင်ကြတယ်ဆိုတဲ့ အချက်ပါပဲ။ ယခုခေတ် လူတွေ၏ အမြင်
နှင့်ဆိုရင် ဆားလောက် သိမ်းထားတာဟာ အပြစ်မရှိဘူးလို့ မြင်မည့်သူက များမှာပါပဲ။ အဲဒီလောက်
အသေးအဖွဲ့ သိမ်းဆည်းမှုကိုတောင် အပြစ်မြင်ပြီး ကြဉ်ရှောင်တာဟာ ကြည်ညိုစရာပါပဲ။
{ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ တုဝဋကသုတ်တရားတော် မှ ကောက်နုတ်
ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment