အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို
ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ
လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ
ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး
မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။
မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက
၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊
၂။ အခုလည်းလုပ်ဆဲ၊
၃။ နောင်လည်းလုပ်လိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။
မိမိချစ်သူ ခင်သူ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက
၁။ ဒီလူသည် မိမိချစ်သူ ခင်သူ မိတ်ဆွေအတွက် အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊
၂။ အခုလည်း လုပ်ဆဲ၊
၃။ နောင်လည်း လုပ်လိမ့်မည်ဆိုပြီး စ်တ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။
မိမိမုန်းသူ ရန်သူနဲ့ပတ်သက်ပြီး ဒေါသဖြစ်ကြောင်းတရားသုံးပါးက
၁။ ဒီလူသည် မိမိမုန်းသူ ရန်သူအတွက် ရှေးကလည်း ကူညီဖူးပြီ၊
၂။ အခုလည်း ကူညီနေဆဲ၊
၃။ နောင်လည်း ကူညီလိမ့်မည်ဆိုပြီး စိတ်တိုနေတာ ဒေါသဖြစ်နေတာ မကျေမနပ်ဖြစ်နေတာ၊ ရန်ငြိုးဖွဲ့နေတတ်တာပါပဲ။
လူတစ်ယောက်ယောက်အပေါ် ကိုယ့်စိတ်ထဲက မကျေနပ်ဘူးဆိုရင် ဒီအကြောင်း
(၉)မျိုးတစ်မျိုးမျိုး စိတ်ထဲရှိနေလို့ပါပဲ။ ကိုယ့်အပေါ် မကောင်းတဲ့ အပြုအမူ
အပြောအဆိုတစ်ခုခု ပြုနေတဲ့သူလို့ထင်ထားလိုက်ရင် အဲဒီလူမျိုးကို တွေ့လို့
မတတ်သာလို့ စကားစမည်ပြောနေရတောင်မှ စိတ်ထဲမှာ စနိုးစနောင့်
အောင့်သက်သက်နဲ့ပါ။ မကောင်းတတ်လို့သာ ဆက်ဆံနေရတယ်၊ ဖြစ်နိုင်ရင်
တွေ့ကိုမတွေ့ချင်ဘူးဆိုပြီး စိတ်ထဲမှာ အာဃာတ ရန်ငြိုးအလိုလိုဖွဲ့နေတတ်တာ။
ရှင်းရှင်းပြောရရင်တော့ ကိုယ်မကြိုက်တာ လုပ်ထားတဲ့သူလို့ပဲ
အကျဉ်းချုန်းပြောနိုင်ပါတယ်။ ကိုယ်မကြိုက်တာ လုပ်ထားတဲ့သူ လုပ်နေတဲ့သူ
လုပ်မယ့်သူလို့ပဲ ဒီလိုပြောလိုက်ရင် အားလုံးခြုံငုံမိသွားတာပါပဲ။ ကိုယ့်ကို
နှောင့်ယှက်တဲ့သူ ကိုယ်နဲ့ပေါင်းသင်းဆက်ဆံနေတဲ့သူ မိတ်ဆွေတွေအပေါ်
နှောင့်ယှက်တဲ့သူ ကိုယ်နဲ့မသင့်မြတ်တဲ့သူ ရန်သူတွေကို
အားပေးအားမြှောက်လုပ်နေတဲ့သူမျိုးတွေဆိုရင် ဘယ်သူမှ
ကျေနပ်ကြရိုးမရှိကြပါဘူး။ ဒီတော့ ဒီလိုအမြင်တွေ မထားဘဲ
သူတို့ဘယ်လိုလုပ်နေပါစေ၊ ဘယ်လိုပင်ပြောဆိုနေကြပါစေ ခွင့်လွှတ်တဲ့စိတ်နဲ့
သည်းခံတဲ့စိတ်နဲ့ နေနိုင်အောင် ကြိုးစားလိုက်မယ်ဆိုရင်တော့
ဒီလိုရန်ငြိုးတွေ ပေါ်ပေါက်လာစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့်
သူတို့လုပ်သလို ပြောသလို ခေါင်းငုံ့သည်းခံနေတာမျိုးမဟုတ်ဘဲ
ဖြေရှင်းစရာရှိရင်တော့ ဖြေရှင်း၊ ငြင်းပယ်စရာရှိရင် ငြင်းပယ်၊
ကန့်ကွက်စရာရှိရင် ကန့်ကွက်တာမျိုးတွေကတော့ လုပ်ကိုလုပ်ရပေလိမ့်မယ်။
လူဆိုတာမျိုးကလည်း ကြောက်တယ်ထင်ရင် ဖြဲခြောက်တတ်တာမျိုးတွေ ရှိတတ်ကြတယ်။
ဒါကြောင့် ရံဖန်ရံခါ ဒေါသမဖြစ်ဘဲနှင့် ဒေါသဖြစ်သယောင်ဆောင်ပြီး အော်ရ
ငေါက်ရ ပြောရဆိုရတာတွေ လုပ်လုပ်ပေးနေရတယ်။ ဒီလို ရန်ငြိုးဆိုတာမျိုးဟာ
မကောင်းတာ အမှန်ပါပဲ။ မကောင်းတာမှ သံသရာအထိ ရန်သူတွေအဖြစ်နဲ့
ပြန်ပြန်တွေ့နေရလောက်အောင်အထိ မကောင်းတာပါ။ ဒါကြောင့်
ရန်ငြိုးဆိုတာမျိုးတွေ ကင်းနိုင်သမျှ ကင်းအောင် နေနိုင်ပါမှ
တော်ကာကျနိုင်ပါတယ်။ သို့သော်လည်း လွယ်လှသည်တော့မဟုတ်ပါ။ စိတ်လေ့ကျင့်ရေး
များစွာလုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။ ရန်ငြိုးဆိုတာ သိသူတွေအပေါ်မှာသာ
ဖြစ်တတ်မြဲပါပဲ။ ကိုယ်နဲ့မသိဘူး မကြားဘူး မမြင်ဘူး မတွေ့ဘူးတဲ့သူတွေအပေါ်မှာ
ရန်ငြိုးဖြစ်တယ်ဆိုတာ တော်တော်ရှားပါတယ်။ ဒီတော့
ကိုယ်နဲ့သိကျွမ်းသူတွေအပေါ်မှာ သည်းခံနိုင်အား ကောင်းအောင် လေ့ကျင့်ထားဖို့
အထူးလိုအပ်လှပါတယ်။
အကြောင်းမဲ့ ရန်ငြိုးဖွဲ့ပြီး မုန်းတီးနေတတ်တာမျိုးလည်း ရှိပါသေးတယ်။
အဲဒါကတော့ အဌာနကောပ ဆိုတဲ့ အကြောင်းမဲ့ ဒေါသဖြစ် စိတ်တို
စိတ်ဆိုးတတ်တဲ့အမူအကျင့်ပါပဲ။ နေပူလို့ စိတ်တိုတာ အိုက်လို့ စိတ်တိုတာ
စသည်ပေါ့။ ဒါ့အပြင် ကိုယ်နဲ့အခုမှတွေ့ပြီး တွေ့တွေ့ချင်းကို
မုန်းစိတ်အလိုလိုဝင်နေတတ်တာမျိုးတွေလည်း ရှိတတ်တယ်။ အထက်က (၉)ပါးထဲ ဒီ
အဌာနကောပ တစ်မျိုးထပ်ထည့်လိုက်ရင် အာဃာတ၀တ္ထု (၁၀)မျိုးပြည့်သွားတာပါပဲ။
အကြောင်းမဲ့ မုန်းတီးတတ်တဲ့အမူအကျင့်မျိုးတွေကိုလည်း သတိလေး ထားပြီး
စိတ်လေ့ကျင့်ခန်း လုပ်ယူမယ်ဆိုရင် အဆင်ပြေသွားမှာပါ။ ရန်ငြိုးတွေ
ပြေစေလိုတာကြောင့်၊ မပြေတဲ့ရန်ငြိုးဟာ သံသရာအထိလိုက်လံ နှောင့်ယှက်
ဒုက္ခပေးတတ်တာကြောင့် ရန်ငြိုးကင်စင် စိတ်ကြည်လင်စွာနေနိုင်စေရေးအတွက်
ရေးသားတင်ပြလိုက်ရပါကြောင်း။
ဒေါက်တာအရှင်ပါရမီ
No comments:
Post a Comment