ဘဝမထူး သေရက်မူးလျက်
ဘဝဆက်ပျက် အမိုက်ဖက်ကာ
ဝဋ်မှာလီလီ ခံရချီရဲ့
ငဲ့ကွက်မရှိ သင့်မိသားစု
ရွာထုအလယ် ဂုဏ်နွမ်းနယ်ကာ
ဗျာပါဒဆက် သောကဖက်လျက်
အနေခက်လှ ရင်ဝပူမီး
မငြိမ်းနိုင်ပေ။
မိုက်ထွေငမူး
သေရည်သောက်ကြူး၊ မျောက်မမြူးသို့၊
အရူးသွားဖြဲ ငါးရိုးဆွဲလျက်
ကာမစွဲခင် ဘဝင်အညစ်
လူ့အနှစ်မရှိ အကာအတိ
ဉာဏ်ဗလာပိလျက် ဗျာဓိဖိဆော်
မရဏပေါ်လိမ့် အဝီစိမှာ
သင်လာမည်ကို ယမမင်းကြိုလျက်
ပန်းမဆက်ပေ၊
ယမမင်းငယ်သား လှံချွှန်ဓားဖြင့်
ထိုးနှင့်ရိုက်နက် သေရက်သားကောင်
ငရဲပူလောင်လျက် တက်လိုက်နိမ့်ချေ
ကာလရှည်ဖက် ဒုက္ခစွက်၍
သေရက်စတဲ့ မိုက်ခဲ့စခန်း အတန်းမသတ်နိုင်ဘူး
သောက်စားရူးခဲ့ ကံချဲ့မိုက်ဆွေ
အပယ်ဘုံမှာ အခါခါခံရလေရဲ့…
ဝင်းမြင့်
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
No comments:
Post a Comment