ကောင်းမှုကံ၊ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့်
ယခုဘဝမှာ အကျိုးခံစားရတာလည်းရှိပါတယ်။ ယခုဘဝ ပြုလိုက်သော ကံကြောင့်
ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရတာလည်းရှိပါတယ်။ ဆိုလိုတာက အတိတ်ဘဝမှာ
ပြုလုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံကြောင့် ယခုဘဝမှာ
ကောင်းကျိုး၊ မကောင်းကျိုးခံရတာရှိသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ကံကြောင့်
ယခုဘဝမှာပင်လျှင်ချက်ချင်းအကျိုးပေးတာမျိုးရှိပါတယ်။ မြတ်စွာဘုရားလက်ထက်တော်အခါကရှိပါတယ်။
မဟာဒုတ်
ဇနီးမောင်နှံတို့ဆို မြတ်စွာဘုရားကို ဆွမ်းကပ်လိုက်တဲ့
ကုသိုလ်ကံကြောင့်ချက်ချင်း ဆိုသလိုပင် ဆင်းရဲသားဘဝကနေ
ချမ်းသာတဲ့ဘဝကိုရောက်ခဲ့ရသလို၊ စိဉ္စမာန မိန်းမယုတ်ဆိုရင်လည်း
မြတ်စွာဘုရားကို စွပ်စွဲကဲ့ရဲ့လိုက်တဲ့ အကုသိုလ်ကြောင့် နောက်ဘဝမခြားပဲ
အဲဒီဘဝမှာတင် မြေမြိုပြီး ငရဲကျရောက်သွားတာမျိုးပေါ့လေ။ ဒါက
ဥပမာပေးတစ်ခုပါ။ ပြောချင်တာက ကောင်းမှုကံ၊ မကောင်းမှုကံတို့၏ သဘောမှာ
ရှေးဘဝက ပြုခဲ့တဲ့ကံကြောင့် ယခုဘဝမှာလည်း
အကျိုးတရားကိုခံစားရသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ ကံကြောင့် နောက်ဘဝမခြားပဲ
ယခုဘဝမှာပင် ချက်ချင်း အကျိုးပေးတာမျိုးရှိတယ်ဆိုတာကို ပြောပြချင်တာပါ။
မြတ်စွာဘုရားလက်ထက်တော်အခါက “ကောက”လို့ခေါ်တဲ့
မုဆိုးတစ်ယောက်ရှိပါတယ်။ မုဆိုးဆိုတော့ မုဆိုးအလုပ်ဖြစ်တဲ့ သားကောင်တွေကို
ဖမ်းစီး သတ်ဖြတ် တောလိုက်တဲ့ အလုပ်ကိုလုပ်တာပေါ့။ တစ်နေ့ အဲဒီမုဆိုးက
တောလိုက်ခွေးတွေကိုခေါ်ပြီး တောလိုက်ဖို့
ရွာကနေထွက်လာပါတယ်။ ရွာနဲ့မလှမ်းမကမ်းရောက်တော့
ရဟန်းတစ်ပါးကိုတွေ့ပါတယ်။ ဒါပေမယ့် မုဆိုးက (သမဏာနဉ္စဒဿနံ-
ရဟန်းတော်တို့ကိုဖူးမြော်ရခြင်းသည် မင်္ဂလာဖြစ်တယ်ဆိုတဲ့) မင်္ဂလာတရား သူ့
သဏ္ဍာန်မှာ မကိန်းတော့ (တနည်း) ရဟန်းတော်ကိုမြင်ရမယ်ဆိုရင် ဗုဒ္ဓဘာသာများမှာ
ဝမ်းမြောက်မှု ကြည်ညိုမှုဆိုတဲ့ ကုသိုလ်ဇော စောပေမယ့် ဘာသာခြားမှာတော့
ဒေါသလို့ခေါ်တဲ့ အကုသိုလ်ဇော စောသလိုမျိုး ယခု မုဆိုးလည်း
ရဟန်းတော်ကိုတွေ့မြင်လိုက်ရတယ်ဆိုရင်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းဆိုတဲ့
ကုသိုလ်စိတ်မဖြစ်ပဲ၊ အယူလွဲခြင်းဆိုတဲ့(မိစ္ဆာဒိဋ္ဌိ)၊ ထိုရဟန်းကိုမြင်လျှင်
ဒေါသဖြစ်ခြင်းဆိုတဲ့ အကုသိုလ်စိတ်၊ အဲဒီအကုသိုလ်တွေကြောင့် သူ့စိတ်ထဲမှာ
ဒီနေ့တော့ “အမင်္ဂလာနေ့ပဲ” ဘာသားကောင်မှ ရမှာမဟုတ်ဟု အထင်မှာပြီး
ဒေါသဖြစ်နေပါတယ်။ တောထဲရောက်တော့ သားကောင်ကိုရှာပါသော်လည်း
တစ်ကောင်မှမရတော့ ပိုပြီး ဒေါသထွက်ကာ ရွာကိုပြန်လာပါတယ်။
ရဟန်းတော်လည်း ရွာထဲမှာ ဆွမ်းခံပြီးကျောင်းကို ပြန်လာတဲ့အခါ
ထိုမုဆိုးနဲ့ထပ်တွေ့ပြန်တယ်။ ရဟန်းကိုမြင်ရခြင်းကြောင့် သားကောင်မရဟု
ထင်မှတ်ပြီး စိတ်ဆိုးဒေါသထွက်နေသော မုဆိုးဟာ ရဟန်းတော်ကို ဒုတိယအကြိမ်
ထပ်တွေ့ခြင်းကြောင့် ပိုပြီးဒေါသမီး တဟုန်းဟုန်းတောက်လောင်ကာ
တောလိုက်ခွေးများကို ရှူးတိုက်ပေးပြီး ရဟန်းကို
ကိုက်စေပါတယ်။ ရဟန်းလည်းနီးစပ်ရာ သစ်ပင်တစ်ပင်ကိုတက်ပြေးပြီးတော့
လူတစ်ရပ်သာသာ မြင့်သော သစ်ကိုင်းပေါ်မှာထိုင်နေတာပေါ့။ တောလိုက်ခွေးများက
ကိုက်ခဲမည့်ဟန်နဲ့ မာန်ဖီနေသည်ကတစ်မျိုး၊ မုဆိုးက မြှားဖြင့်
ရဟန်းခြေဖဝါးတို့ကို ထိုးခြင်းကြောင့် တစ်ဖုံ ရဟန်းလည်း တစ်ကိုယ်လုံး
မီးအုံးသကဲ့သို့ ပူလောင်နာကြင်လှသဖြင့် ခြေထောက်တို့ကို ရှောင်ရင်း
တိမ်းရင်းနဲ့ အပေါ်ရုံ ဧကသီသင်္ကန်း
ကွာကျသွားသည်ကိုပင်မသိလိုက်တော့ပေ။ ရဟန်းတော်ရဲ့ အပေါ်ရုံ ဧကသီသင်္ကန်းဟာ
သစ်ပင်အောက်မှာရှိသော မုဆိုးပေါ်ကို ခြုံပြီး ဖုံးအုပ်မိလျက်သားဖြစ်ပြီး
ကျသွားပါတယ်။ အဲဒီအခါမှာ တောလိုက်ခွေးများက ရဟန်းကျလာသည်ထင်ကာ မုဆိုးကို
ဝိုင်းဝန်းကိုက်ဖဲ့ စားသောက်လိုက်တာ မုဆိုးရဲ့ ခန္ဓာကိုယ်ဟာ
အရိုးမျှသာကျန်တော့မှ လွှတ်လိုက်ပါတယ်။
အဲဒီအခါမှ ရဟန်းတော်သည် သစ်ကိုင်းခြောက်တစ်ခုကို
ချိုးပြီး ခွေးများပေါ်သို့ ချလိုက်ရာ ခွေးများက
သစ်ပင်ပေါ်သို့မောကြည့်လိုက်ပါတယ်။ ရဟန်းတော်ကိုမြင်လိုက်မှ
မိမိတို့သခင်ကို မိမိတို့ ကိုက်သတ်မိကြောင်း သိရပြီး
တောထဲသို့ဝင်ပြေးသွားပါတယ်။
“ကာလဝိပါက် နောက်ပိုးတတ်”ဆိုသော မြန်မာစကားနှင့်အညီ
ယခုပြုလိုက်မကောင်းမှု အကုသိုလ်ကံက ဘဝမခြားပဲ နောက်ဘဝထိမနေပဲ
ယခုဘဝမှာတင်ဆိုကျိုးပေးလိုက်တာကိုသိစေချင်ပါတယ်။ ဒါကြောင့် မြတ်စွာဘုရားက၊
အကုသိုလ်ဟူသမျှ ဘာတစ်ခုမှမလုပ်နဲ့၊ ကုသိုလ်ဟုသမျှ မရ
ရအောင်ပြုပါ။ မိမိတို့စိတ်ထားကို
အမြဲတန်းဖြူစင်အောင်ထားပါဆိုပြီးဆုံးမခဲ့တာပါ။ ယခု တင်ပြလိုက်တဲ့
ဇာတ်တော်မှာဆိုရင်လည်း ရဟန်းတော်က မုဆိုးကို ထိခိုက်နာကျင်အောင်
ဘာတစ်ခုမှ လုပ်တာမတွေ့ရပါဘူး။ တောလိုက်မုဆိုးသဘာဝ သားသတ်ပြီးအသတ်မွေးတဲ့
အကုသိုလ်ကံ နေ့စဉ်နဲ့အမျှ သူတစ်ပါးအသတ်ကို
သတ်နေတဲ့အကုသိုလ်ကံ။ အဲဒီအကုသိုလ်ကံတွေက
တစ်ဖြည်းဖြည်းများလာသည်ကတစ်ကြောင်း၊ ရဟန်းတော်ကို သတ်ဖို့ ကြိုးစားတဲ့
အကုသိုလ်ကံက တစ်ကြောင်း ထိုအကုသိုလ်ကံများက ထိုမုဆိုးကို နောက်ဘဝထိမနေပဲ
ယခုဘဝမှာတင် ဆိုကျိုးအဖြစ်ပေးလိုက်တာပါ။ သူတစ်ပါးအသတ်ကိုသတ်ဖြတ်ခြင်းဆိုတဲ့
အကုသိုလ်ကံကြောင့် မုဆိုးလည်း သူတစ်ပါးရဲ့ကိုက်ဖြတ်စားသောက်
သတ်ဖြတ်ခြင်းကိုခံစားသွားရပါတယ်။
ကုသိုလ်ကံပဲဖြစ်စေ၊ အကုသိုလ်ကံပဲဖြစ်စေ ဘဝမခြားပဲ
ချက်ချင်းဆိုသလို ကုသိုလ်ကံဆိုလျှင်ကောင်းကျိုးပေးနိုင်သလို၊
အကုသိုလ်ကံလည်း ဆိုးကျိုးတွေကိုပေးနိုင်တယ်ဆိုတာ အားလုံးသိစေဖို့
ဒီပိုစ့်လေးကိုမျှဝေလိုက်ပါတယ်။
ဒီဇာတ်တော်လေးကို အတုယူ၊ သံဝေဂ ယူပြီး
ဘုရားအဆူဆူ ဟောတော်မူခဲ့တဲ့ ဆုံမစကားလေးအတိုင်း အကုသိုလ် မှန်သမျှကို
နည်းသည်ထက်နည်းအောင်၊ ရှောင်ကြဉ်နိုင်သည်ထက်ရှောင်နိုင်အောင်၊ မလုပ်မိအောင်
ထိန်းသိမ်းနိုင်ပြီး၊ ကုသိုလ်မှန်သမျှကို မရရအောင်ပြုနိုင်သော၊
စိတ်ထားကိုဖြူစင်သည်ထက်ဖြူစင်အောင်၊ မြတ်စွာဘုရားအဆုံးမနဲ့အညီ
နေနိုင်တဲ့အမျိုး၊ ဘာသာ၊ သာသနာအကျိုး၊ မိမိအကျိုး၊ သူတစ်ပါးအကျိုးကို
အောင်မြင်အောင်ဆောင်ရွက်နိုင်သော
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေလို့ဟု ဆုတောင်းမှုပြုလိုက်ပါတယ်။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment