အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ
ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။
မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို
ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။
လွန်ကျူးရင် ဆိုးကျိုးရမယ်။
လွန်ကျူးလို့ရမယ့် အကျိုးတရား (၆)ပါးရှိပါတယ်။ ပိုင်ရှင်က
ကြည်ဖြူစွာမပေးသော ပစ္စည်းကိုခိုးယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊
အကြပ်ကိုင်ပြီးယူခြင်း၊ ပရိယာယ် တစ်မျိုးမျိုးဖြင့် လှည့်ပတ်ပြီးယူခြင်း
စတဲ့ အချက်တွေဟာ အဒိန္ဒာဒါန- သူတစ်ပါးဥစ္စာပစ္စည်းကို မတရားယူခြင်းမည်ပါတယ်။
အဲလို အဒိန္နာဒါနကိုလွန်ကျူးရင်
(၁)။ အပါယ် ဒုဂ္ဂတိဘဝ သို့ရောက်ရှိရခြင်း။
(၂)။ ဆင်းရဲ မွဲတေခြင်း၊
(၃)။ ပစ္စည်းရအောင်မရှာနိုင်ခြင်း။
(၄)။ ရှိသမျှပစ္စည်း မတည်တံ့ခြင်း။
(၅)။ လိုအပ်သော ပစ္စည်း မရနိုင်ခြင်း။
(၆)။ ဆင်းဆင်းရဲရဲ နေရခြင်း စသော ဆိုးကျိုးများကို ရစေနိုင်ပါတယ်။
အဒိန္နာဒါန၏အင်္ဂါများ
(၁) ပရသန္တက – သူတစ်ပါးဥစ္စာဖြစ်ခြင်း၊
(၂) တထာသညာ – သူတစ်ပါးဥစ္စာဟုမှတ်ထင်ခြင်း၊
(၃) ထေယျစိတ္တ – ခိုးလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ – ခိုးရန်လုံ့လပြုခြင်း၊
(၅) ထေနဟာရ – ထိုလုံ့လဖြင့် ခိုးခြင်း။ ထိုအင်္ဂါ(၅)ချက်ပြည့်စုံရင် အဒိန္နာဒါနကံမြောက်ပါတယ်။
ထိုအဒိန္နာဒါနကံကို လုံခြုံရင်အောင်စောင့်ထိန်းနိုင်မယ်ဆိုရင် ရနိုင်မယ့်အကျိုးတရားကလည်း ဆိုးကျိုးရဲ့အပြန်အားဖြင့် (၆)ပါးရှိပါတယ်။
(၁)။ သုဂတိဘုံသို့သာလားရောက်ရခြင်း။
(၂)။ ချမ်းသာကြွယ်ဝခြင်း။
(၃)။ ပစ္စည်းဥစ္စာကိုရရှိအောင် လွယ်ကူစွာရှာဖွေနိုင်ခြင်း။
(၄)။ မိမိပိုင်သော ပစ္စည်း ရန်သူမျိုးငါးပါးကြောင့်ပျက်စီးခြင်းမရှိပဲ တည်တံ့ခြင်း။
(၆)။ ချမ်းချမ်းသာသာနေရခြင်း။ ဒါက အဒိန္နာဒါန ကံ လုံခြုံရင်ရစေနိုင်မည့်အကျိုးတရားတွေပါ။
ယခုလူဘဝ လူလောကမှာ တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်များ
ဆင်းဆင်းရဲရဲမွဲတေပြာကျခြင်း၊ စီးပွားဥစ္စာကိုရအောင်မရှာနိုင်ခြင်း၊
ပိုင်ဆိုင်ထားသမျှ အနည်းငယ်သော ပစ္စည်းသည်ပင်လျှင် သူများအလိမ်ခံရခြင်း၊
ရန်သူမျိုးငါးပါးကြောင့် ပျက်စီးရခြင်း၊ မိမိလိုအပ်သော ပစ္စည်းကို
မရနိုင်ခြင်း၊ ဆင်းဆင်းရဲရဲ လူဆင်းရဲဘဝဖြစ်ရခြင်း စတဲ့ပုဂ္ဂိုလ်များဟာ
အဒိန္နာဒါန ကံရဲ့ ဒဏ်ချက်တွေ လွှမ်းမိုးခံနေတဲ့ အရိပ်အယောင်တွေလို့
ပြောရမှာပါ။
ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေ၊ ပစ္စည်းဥစ္စာတွေကို လွယ်လင့်တကူ
ကျွမ်းကျွမ်းကျင်ကျင်ရှာဖွေနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ မိမိပိုင်ဆိုင်တဲ့
ပစ္စည်းဥစ္စာတွေကို သူတစ်ပါးခိုးလို့မရတဲ့ပုဂ္ဂိုလ်တွေ၊
ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဥစ္စာတွေ မပျက်စီးပဲ တည်တံ့နေတဲ့ပုဂ္ဂိုလ်တွေ၊
ချမ်းချမ်းသာသာ နေရတဲ့ပုဂ္ဂိုလ်တွေ အဒိန္နာဒါနကို မကျူးလွန် မဖောက်ပြားပဲ
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ ကံတွေ လွှမ်းမိုးနေတယ်လို့ ဆိုရမှာပါ။
အဖြစ်ပျက်လေးတစ်ခုသွားသတိရမိတယ်။ အဲဒါဘာလဲလို့ဆိုတော့ ဧရာဝတီတိုင်းရဲ့
ရွာလေးတစ်ရွာမှာပေါ့။ အဲဒီရွာလေးက ပင်လယ်နဲ့နီးတဲ့ရွာလေးတစ်ရွာပါပဲ။ တစ်နေ့
ဆီစက်ကနေစပြီး မီးလောင်မှုတစ်ခုဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီဆီစက်
နဲ့မလှမ်းမကမ်း အနီးမှာရှိတဲ့ အိမ်လေးလုံးဟာ ထူးဆန်းစွာမီးကင်းခဲ့ပါတယ်။
ဆီစက်နဲ့ ဝေးတဲ့အိမ်တစ်ချို့မီးထဲပါသွားတယ်။ ဒါဖြင့်ရင်
ဘာသာရေးအမြင်နဲ့ကြည့်မယ်ဆိုရင် မီးကွင်းခဲ့တဲ့အိမ်က ပုဂ္ဂိုလ်များက
အတိတ်ဘဝမှာ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်းဆိုတဲ့(အဒိန္နာဒါန)သိက္ခာပုဒ်ကို
လုံခြုံတဲ့ပုဂ္ဂိုလ်များဖြစ်တယ်လို့ဆိုရမှာပါ။ မီးလောင်တယ်ဆိုပေမယ့်
ရန်သူမျိုးငါးပါးကြောင့် ထိုသူတို့ပိုင်ဆိုင်ထားတဲ့
ပစ္စည်းဥစ္စာများမပျက်စီးပဲ တည်တံ့နေခြင်းဆိုတဲ့အချက်ကို
ထောက်ဆကြည့်ရင်သိနိုင်ပါတယ်။ ဒါက ဖြစ်ရပ်မှန်ကိုယ်တွေ့တစ်ခုပါ။
မြန်မာပြည်ကလည်း အားလုံးသိကြတဲ့အတိုင်းပဲလေ၊ မီးလောင်ရင် မီးသတ်ကားက
တော်တော်နဲ့ရောက်မလာသလို ရောက်လာတဲ့မီးသတ်ကားကလည်း ရေမပါဘူး။
ခြုံပြောရရင်တော့ မီးသေမှပဲ မီးငြိမ်းတော့မှပဲရောက်လာတတ်ကြပါတယ်။
ဆိုကျိုးလေးတစ်ခုပြောပြချင်သေးတယ်။ ရှေးအခါက ပြည့်တန်ဆာမတစ်ယောက်
ရုပ်ရည်ကလည်းချောမောလှပသလို မြတ်နိုးစရာ ဆံပင်ကလည်းမည်းမှောင်
ပြောင်လက်ပြီး အလွန်ရှည်လျားလှပပါတယ်။ အဲတော့ တစ်ချို့ အမျိုးသမီးတွေက
မနာလိုဖြစ်ကြတဲ့အခါကျတော့ ခေါင်းလျှော်ရည်ထဲကို
ဆံပင်ကျွတ်စေတဲ့ဆေးကိုထည့်ထားလိုက်ပါတယ်။ ထို ပြည့်တန်ဆာမ
ခေါင်းလျှော်တဲ့အခါ ဆံပင်အားလုံးကျွတ်ပြီး
ခေါင်းတုံးပြောင်ဘဝကိုရောက်သွားပါတယ်။ ဒါနဲ့ ပြည့်တန်ဆာမလည်း အင်မတန်မှ
ရှက်လှသဖြင့် မြို့ထဲမှာမနေတော့ပဲ မြို့ပြင်ကိုထွက်ပြီး
အရက်ဆိုင်ဖွင့်လျှက် အသက်မွေးဝမ်းကျောင်းပြုပါတယ်။
တစ်နေ့ကျတော့ အရက်မူးသမား သုံး လေးယောက် အရက်မူးလွန်းပြီး
အိပ်ပျော်သွားတဲ့အခါ ထိုပြည့်တန်ဆာမက ထိုအမူးသမားများရဲ့ အဝတ်များကို
ချွတ်ယူထားလိုက်ပါတယ်။ တစ်နည်းပြောရင် ခိုးယူထားလိုက်တယ်ပေါ့။
အဲလိုခိုးထားခြင်းကြောင့် မြို့ပြင်မှာ မနေဝံ့ပဲ
တောရွာလေးတစ်ခုကိုပြောင်းရွှေ့နေထိုင်လိုက်ပါတယ်။
ကာလအတန်ကြာတော့ ဆွမ်းခံကြွ ရဟန္တာမထေရ်မြတ်တစ်ပါးကို ဖူးမြင်ရပြီး
ကြည်ညိုလွန်းလှသည့်အတွက် အိမ်ကိုပင့်ပြီး နှမ်းညက်မုန့်တွေကို
ကပ်လှူလိုက်ပါတယ်။ ပြီးတော့ မိမိခေါင်းမှာ နူးညံ့ပျော့ပျောင်း
ကောင်းမွန်ရှည်လျား အဖျားကော့တတ်သော
ဆံပင်များပေါက်ရပါစေလို့ဆုတောင်းလိုက်ပါတယ်။
အဲဒီအမျိုးသမီး ကွယ်လွန်တဲ့အခါ သမုဒ္ဒရာ အလယ်မှာ
ရွှေဗိမာန်မှာစံစားရတဲ့အခါစံစားရသလို၊
ငရဲမှာခံရသည့်အခါလည်းဝေမာနိကပြိတ္တာအဖြစ်နဲ့ခံရပါတယ်။ ရွှေဗိမာန်မှာ လေးလ
စံစားရသလို ငရဲမှာလေးလ ခံစားရပါတယ်။ ရွှေဗိမာန်မှာ စံစားရသော်လည်း
အဝတ်ခိုးခဲ့သည့် အကုသိုလ်ကံကြောင့် အဝတ်မရှိပဲ ကိုယ်လုံးတီးစံရတာပါ။
ရဟန္တာအရှင်မြတ်ကို နှမ်းညက်မုန့်လှူဒါန်းခဲ့ပြီး
ဆုတောင်းခဲ့တဲ့ကောင်းမှုကြောင့် ရှည်လျား များပြား အဖျားကော့တက်သော
ဆံပင်များရှိလို့ အရှက်လုံအောင် ဖုံးကွယ်ထားရပါတယ်။
အဲဒီ အဖြစ်ပျက်ကိုသုံးသပ်ကြည့်ရင် ပြိတ္တာမ အဝတ်မရှိခြင်းနှင့်
ငရဲခံရခြင်းသည် အဝတ်ခိုးခြင်းလို့ဆိုတဲ့
(အဒိန္နာဒါန)ကိုကျူးလွန်ခြင်းကြောင့်ဖြစ်ပြီး၊
ကောင်းမွန်လှပသောဆံပင်နှင့်ရွှေဗိမာန်မှာ စံစားရခြင်းဟာ ရဟန္တာအရှင်မြတ်ကို
နှမ်းညက်မုန့်ကို ရိုရိုသေသေ လှူဒါန်းခဲ့တဲ့ ကုသိုလ်ကံကြောင့်ဖြစ်ရတာပါ။
အဒိန္နာဒါန အကုသိုလ်ကံကား ကြောက်လန့်ဖွယ်ရာပါပဲ။ ဒါက
အဒိန္နာဒါနကံကိုလွန်ကျူးရင် ခံစားရမယ့် ဆိုးကျိုးတွေထဲက ဥပမာတစ်ခုပါ။
အဒိန္နာဒါနကံအကြောင်းကို ကိုယ်တိုင်တွေ့ဖူးခဲ့တဲ့ကောင်းကျိုးနဲ့
ဖတ်ဖူးခဲ့တဲ့ဆိုးကျိုး နှစ်ပါးကို အခြေခံပြီး လေ့လာသုံးသပ်ခြင်းပါ။
ဒါကြောင့် အားလုံးသော ဒကာ ဒကာမများလည်းထိုဝတ္ထုထဲက ပြိတ္တာမရဲ့အဖြစ်ကို
မှတ်ယူပြီး သူတစ်ပါးမပေးသော ဥစ္စာကို ခိုးယူခြင်း၊ တိုက်ယူခြင်း၊
အတင်အကြပ်ယူခြင်း၊ တိုက်ယူခြင်း၊ နှိုက်ယူခြင်း၊
ပရိယာယ်တစ်ခုခုနဲ့လှည့်ပတ်ပြီးယူခြင်း စတဲ့ အဒိန္နာဒါနကံကို
လုံလုံခြုံခြုံဆောက်တည်စေချင်တဲ့ဆန္ဒနဲ့ အသိပေး ရေးသားလိုက်ပါသည်။
အားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
လိုရာဆန္ဒတွေပြည့်ဝကြပါစေ။ သာသနာအကျိုး ဘာသာအကျိုး မိမိအကျိုး
သူတစ်ပါးအကျိုးကို ဆောင်ရွတ်နိုင်တဲ့ သာသနာပြု အမျိုးကောင်းသား
သာသနာပြုအမျိုးကောင်းသမီးများဖြစ်ကြပါစေ။
အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment