အရင်က
တောရွာတစ်ရွာရဲ့အနီးမှာ တောရဆောက်တည်နေတဲ့ ဆရာတော်ကြီးတစ်ပါး ရှိသတဲ့.....
ဆရာတော်ကြီးဆွမ်းခံကြွတဲ့အခါမှာ ရွာနဲ့ အတော်လေးလှမ်းသတဲ့. . . ဒါကြောင်း
ဆရာတော်ကြီးကို အလွန်ကြည်ညိုသူ ဒကာတစ်ဦး က ဆရာတော်ကြီးကြွလာချိန်မှာ
အမောပြေ၊ အဆာပြေ ဘုဉ်းပေးဖို့ ရေနွေးကြမ်းနဲ့ ခဲဖွယ်တစ်ခုခုကို အမြဲစီစဉ်ထားပြီး
သူ့အိမ်မှာ တစ်အောင့်တစ်ခဏနားနေ ဘုဉ်းပေးဖို့ အမြဲ ပင့်လျှောက်ပါသတဲ့. . .
နေ့စဉ်နေ့တိုင်း ထိုင်အိမ်သဘောမျိုးနဲ့ ဆရာဒကာ
ရင်းရင်းနှီးနှီးဖြစ်လာတော့
တရားအကြောင်းလေးတွေကစပြီး အာလာပတလ္လာပလေးတွေ လည်းအထိုက်အလျောက်
ပြောဖြစ်တာပေါ့...
မိုးဦးကျချိန် တစ်နေ့မှာတော့ အဲဒီဒကာကြီးရဲ့
တောင်သူလုပ်ငန်းသုံးခိုင်းနွားကြီး တစ်ဖက် ပိုးထိပြီးသေဆုံးသွား ပါသတဲ့ . .
. . ထွန်ယက်စိုက်ပျိုးဖို့ အရေးကြီးဆုံးအချိန်မှာကြုံတာဆိုတော့
ဒကာကြီးလည်း ၀မ်းနည်းပက်လက် ဖြစ်ပြီး နောက်နေ့ဆရာတော်ကြီး
ဆွမ်းခံကြွလာတဲ့အခါ ထုံးစံအတိုင်း ခဲဖွယ် သောက်ဖွယ်များ
ဆပ်ကပ်ပြီးတဲ့အခါမှာ သူ့ရဲ့ သောကပြေရာပြေကြောင်းအဖြစ်ဆရာတော်ကြီးကို
လျှောက်ထားတဲ့အခါမှာ ဆရာတော်ကြီးက ထွေ၂ထူး၂ မပြောပဲ "သာဓုဗျာ၊ သာဓု၊ သာဓု"
လို့ သုံးကြိမ်ခေါ်ပြီး ထပြန်ကြွသွားပါလေရောတဲ့. . . . . .
ဒကာကြီးကတော့
ဖြေသိမ့်စရာ တရားလေးများ ကြားရလေမလားလို့ အောက်မေ့ပြီး ဖြစ်ကြောင်းစုံ
လျှောက်ထား ကာမှ ဘာတရားမှ မဟောပဲ သာဓုသုံးကြိမ်ခေါ်သွားတာကို အတော်လေး
မကျေမနပ်ဖြစ်သွားပါသတဲ့ . . . . "သာဓုဆိုတာ ကောင်းတယ်လို့ပြောတာပဲ
ဒီဘုန်းကြီး ငါ့နွားကြီးသေတာကို ကောင်းတယ်ပြောရသလား" ဆိုပြီးတော့ပေါ့လေ. . .
ဒါပေမယ့် ထုံးစံအတိုင်း သူ့ဝတ်မပျက် ဆရာတော်ကြီးကိုတော့ ဆက်ကပ်နေပါသတဲ့. .
. . ဒီလိုနဲ့ မကြာလိုက်ခင် မှာပဲ အဲဒီဒကာကြီးရဲ့မြေး သစ်ပင်ပေါ်က
လိမ့်ကျပြီး ပေါင်တစ်ဖက် ကျိုးသွားပြန်ပါရော. . .
နောက်နေ့ရောက်တော့
ဆရာတော်ကြီးကို မြေးလေး အကြောင်းဝမ်းနည်းပက်လက် လျှောက်ထားပြန်တဲ့အခါ
ဆရာတော်ကြီးက ထုံးစံအတိုင်း သာဓုသုံးကြိမ်ခေါ်ပြီး ထပြန်သွားသတဲ့. . . .
ဒီတစ်ခါတော့ ဒကာကြီးက အတော်လေး မကျေမနပ် ဖြစ်သွားတယ် "ဒီဘုန်းကြီး ငါကတော့
ကြည်ညိုအားကိုးလွန်းလို့ နေ့စဉ်မပြတ် ခဲဖွယ် ဘောဇဉ်တွေ
ဆက်ကပ်လှူဒါန်းခဲ့ရတာ ငါ့မှာ သောကနဲ့ ကြုံတော့ နွားသေတာကိုလည်း သာဓု ၊
မြေးပေါင်ကြိုးတာကိုလည်း သာဓုခေါ်နဲ့ . . . . ကဲဒီလောက်တောင် ရှိလှတာ သူ့မှာ
ဒီလိုကြုံလာတော့ သာဓုခေါ်နိုင်အုံးမလား . . . "ဆိုပြီး ဆရာတော်
ဆွမ်းခံကြွတဲ့ အခါ တောစပ်ကနေ ချောင်းရိုက်မှပဲလို့ ဒေါသအလျောက် စဉ်းစားပြီး
နောက်နေ့ဆရာတော်ကြီး ဆွမ်းခံလာချိန်ရောက်တော့ တောစပ်က ချုံကွယ်မှာ
ဝါးရင်းတုတ်တစ်ချောင်းကိုင်ပြီး ပုန်းကွယ်နေသတဲ့. .
ဆရာတော်ကြီး
ဆွမ်းခံကြွလာလို့ ဒကာကြီးပုန်းနေတဲ့ချုံနားရောက်တဲ့အခါ ဒကာကြီးက
နေရာပြင်လိုက်တော့ ချွတ်ချွတ် အသံကြားလို့လှည့်ကြည့်လိုက်တော့
ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိပြီး ဆရာတော်ရဲ့ မြေသပိတ်ကြီးက
လွတ်ကျပြီးကွဲသွားသတဲ့. . . အဲဒီအခါကျတော့လည်း ဆရာတော်ကြီးက သပိတ်ကွဲတွေကို
ကြည့်ပြီး "သာဓုဗျာ၊ သာဓု "လို့ သုံးကြိမ်ခေါ်ပြန်သတဲ့. . .
အဲဒီတော့
ဒကာကြီးစိတ်ထဲမှာ " ဒီဘုန်းကြီးက သူ့သပိတ်ကြီး ကွဲသွားတော့လည်း
သာဓုခေါ်တာပဲ၊ ဒီသာဓုဟာ "တစ်ခုခုထူးလို့ဖြစ်မယ် . ငါပြစ်မှားလို့
မတော်သေးဘူး . . . အကြောင်းစုံသိရအောင်လျှောက်ထားကြည့်ဦးမှ ဆိုပြီး
စိတ်ပြောင်းသွားတယ် . . . ပြီးတော့မှာ လက်ထဲက တုတ်ကိုချ ပြီး
ဆရာတော်ကြီးနားကို သွားပြီး "ဆရာတော် . . . . ဆရာတော်ဟာ ဘာမဆို သာဓုချည်း
ခေါ်နေတာပဲ၊ ဆရာတော့်သာဓုက ဘာအဓိပ္ပါယ် လဲဆိုတာ ရှင်းပြပါဦးလို့
"လျှောက်ထားသတဲ့. . .
ဆရာတော်ကြီးက . . . "ဟဲ့ဒကာရဲ့ သာဓုပါဆိုမှ ကောင်းတယ်လို့ ဆိုတာပေါ့လို့ "မိန့်ကြားလိုက်တယ်. .
ဒကာကြီးက တယ်ပြီးဘ၀င်မကျလှပဲ အရှင်ဘုရား တပည့်တော်ကြီး နွားကြီးတစ်ကောင်
တောင်သူလုပ်ငန်း ချိန်မှာ သေသွားတာများ ဘာကောင်းလို့လည်း ဘုရားဆိုတော့
"ဟဲ့ဒကာရဲ့ မင်းရဲ့ အတိတ်အကုသိုလ်ကံ အကျိုးပေးချိန် ရောက်လာလို့
ဒီအချိန်မှာ မင်းအိမ်က ခြေလေးချောင်း ထွက်ကိန်းဆိုက်လာတာကွဲ့
အဲဒါနွားကြီးသေလို့ ကျိန်းကျေသွားတာပေါ့ . . .နွားမသေဘဲ လူသာသေမယ်ဆိုရင်
နှစ်ယောက်တောင် ပျက်စီးကိန်းကြုံမှာကွယ့်လို့" ရှင်းပြလိုက်တော့
ဒီလိုဆိုတော့လည်း "နွားသေသွားတာက ကောင်းတောင်း တောင်းပေါ့ ဘုရားလို့
"၀န်ခံသတဲ့. . .
"ဒါဖြင့်မြေးကလေး ခြေထောက်ကျိုးရတာကောဘုရား" ဆိုတော့
"အေး. . . မင်းမြေးခြေထောက်ကျိုးလို့ပေါ့ မင်းမြေးကငယ်သေးတော့
"ငယ်ကျိုးပိုသန်တယ်" လို့ ဆိုသလို မြန်မြန်ပြန်ကောင်းနိုင်သလို မင်းကလည်း
သူ့ကို ကောင်းကောင်းပြုစုစောင့်ရှောက်နိုင်တာပေါ့ မင်းမြေးမကျိုးပဲ
မင်းသာကျိုးမယ်ဆိုရင် လူကြီးဆိုတော့ ပျောက်ခဲ့မယ်. . မြေးကလေးကလည်း မင်းကို
ဘယ်လိုလုပ်စောင့်ရှောက်နိုင်ပါ့မလည်း ဒါကြောင့် သာဓု ခေါ်ရတာကွယ့်လို့"
ဆိုတော့ "ဒီလိုဆိုတော့လည်း အရှင်ဘုရားရဲ့သာဓုက နေရာကျသားပဲ ခေါ်သင့်ပါတယ်
ဘုရား. . . "တဲ့..
"ဒါဖြင့် အရှင်ဘုရား သပိတ်ကြီးကျကွဲတာကိုကြည့်ပြီး
သာဓုခေါ်တာကျတော့ကော ဘယ်လိုအဓိပ္ပါယ်လဲ ဘုရား. . . . "ဆိုတော့ ဆရာတော်ကြီးက
ဒကာကြီးကို ပြုံးပြုံးကြီး ကြည့်ရင်း "အေး . . . ငါ့သပိတ်ကွဲပေလို့ပေါ့
မကွဲရင် ငါ့ခေါင်းကွဲရောပေါ့လို့ဖြေလိုက်ရော. . ." ဒကာကြီး မြေကြီးပေါ်ကို
ဒူးတုပ်လိုက်ပြီး "တပည့်တော်မလိမ္မာလို့ တစ်ခါမိုက်မိတာကို
ခွင့်လွှတ်တော်မူပါဘုရားလို့ . . . "တောင်းပန်လိုက်တော့သတဲ့. . . .
ဒါကြောင့် ပုထုဇဉ်တို့ရဲ့ အတိတ်ကံစာရင်းကတော့ ကမ္မဘဏ်တိုက်မှာ သာရှိပြီး
ဘယ်သူမှ ပြန်ကြည့်နိုင် စွမ်းမရှိကြလေတော့ ပုထုဇဉ်တို့ရဲ့ သံသရာ
ခရီးလမ်းမှာ ဘယ်လိုကံကြွေးတွေရှိတယ်ဆိုတာကို မသိနိုင်ပါဘူး . .
ပေးဆပ်လိုက်ရတဲ့ အခါမှသာ "ဒီလိုအကြွေးတွေရှိခဲ့သကိုး" လို့ 
သံဝေဂတွေပွားပြီး သံသရာမှာ ဒီလိုကြွေးမျိုး ကင်းဝေးအောင်
ကြိုးစားကြရမယ့်သဘောပါပဲ . . .
ပြုသူအသစ်၊ ဖြစ်သူအဟောင်း ဆိုတဲ့
ရှေးဆိုရိုးအတိုင်းပဲ ဖြစ်သမျှအကောင်း၊ အဆိုးဆိုတာ ရှေးကံဟောင်းတို့ရဲ့
အကျိုးဆက်ပဲ လို့ အရာရာကို အလိုက်သင့်နှလုံးသွင်းလိုက်ရင် အားလုံး
စိတ်ချမ်းသာပါတယ်. . .
ဘာပဲဖြစ်ဖြစ် သတ္တ၀ါတွေအားလုံး သံသရာဝဋ်ကြွေးရှိသမျှ ဒီဘ၀မှာပဲ ဒီမျှနဲ့ပဲ ကျေကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်. ..
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)
(လယ်တီဆရာတော် ဦးဝိလာသ၏တရားထဲမှ ပုံပြင်ကို ကောက်နှုတ်ဖော်ပြပါသည်)
(သာဓု. . . . .) by Ashin Viriya (ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း))
No comments:
Post a Comment