ဗုဒ္ဓဂယာ ဘုရားဖူးသွားမယ့်သူများဟာ ပုံမှန်အားဖြင့် ဂယာကိုသာအခြေပြုပြီး သံဝေဇနိယလေးဌာနကို အနည်းဆုံးရောက်ရှိအောင် သွားရောက်လေ့ရှိကြပါတယ်။ ကျွန်တော့်အနေနဲ့ ကြိုတင်ပြင်ဆင်ထားမှုမရှိ၊ အချိန်လည်းမရတဲ့အတွက် ဗုဒ္ဓဖွားမြင်ရာနေရာ လုမ္ဗိနီကို နီပေါနိုင်ငံရဲ့မြို့တော် ခန္တမန္ဒူကတစ်ဆင့်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အာယုဗ္ဗေဒဆေးပညာဖြင့် အမြစ်၊ အခေါက်၊ အပင်တို့မှထုတ်ယူထားတဲ့အဆီကို လိမ်းကျံပြီး ကိုယ်ခန္ဓာအတွင်းရှိ အဆိပ်တွေထုတ်ပယ်တဲ့ပညာကို သွားရောက်လေ့လာလို၍လည်း ဖြစ်ပါတယ်။
သင်္ကြန်ကာလဖြစ်လို့ မြန်မာအချို့ ပြည်ပထွက်တာကြောင့် ခရီးသွားကုမ္ပဏီများဆီက လေယာဉ်လက်မှတ်ဝယ်ယူလို့မရဘဲ အခက်အခဲဖြစ်နေ၊ အင်တာနက်မှတစ်ဆင့် ရှာဖွေလေ့လာဝယ်တဲ့အခါမှာလည်း Credit Card မရှိတဲ့အတွက် ရန်ကုန်ဌာနေ ကိုယ်စားလှယ်ရုံးမှာ တိုက်ရိုက်ငွေသွားပေးရပါတယ်။ ကျွန်တော့်ကိုယ်စား လက်မှတ်သွားဖြတ်ပေးတဲ့ သူငယ်ချင်းခမျာ ရစ်နည်းပေါင်းစုံနဲ့ အရစ်ခံခဲ့ရပါတယ်။ အွန်လိုင်းမှာ လက်ခံပြီးတဲ့လက်မှတ်ကို သတ်မှတ်ချိန်အတွင်း သွားယူရာမှာ ဘယ်အတွက်ကြောင့် ရစ်နေကြတယ်ဆိုတာကို နားမလည်တော့ပါ။ ကာယကံရှင်တွေကိုယ်တိုင်သာ သိမှာဖြစ်တယ်။
ခတ္တမန္ဒူလေဆိပ်
လက်မှတ်အခက်အခဲရှိလို့သာ အခုလမ်းကြောင်းကို ရွေးချယ်ခဲ့ရသော်လည်း ဘန်ကောက်လေဆိပ်မှာ အသွားအပြန် နှစ်ညအိပ်ရတယ်ဆိုတာကတော့ အဆင်မပြေလှပါဘူး။ အချိန်ရတဲ့ ခြောက်ရက်မှာ နှစ်ရက်က ကုန်သွားတဲ့အတွက် နီပေါမှာလည်ပတ်ဖို့ အချိန်လေးရက်သာ ကျန်ပါတော့တယ်။ လေဆိပ်ထဲဝင်ဝင်ချင်းမှာ တွေ့လိုက်ရတဲ့ ဗုဒ္ဓဆိုင်ရာ ပန်းချီကားကြီးကတော့ စိတ်ကိုချမ်းမြေ့စေပါတယ်။
နီပေါနိုင်ငံမှာ ဆိုက်ရောက်ဗီဇာရရှိနိုင်တဲ့အတွက် လေယာဉ်လက်မှတ်ရှိလျှင် အလွယ်တကူသွားနိုင်တယ်ဆိုပြီး ကျေနပ်မိသော်လည်း ဆိုက်ရောက်ဗီဇာရဲ့ အခက်အခဲကို လေဆိပ်ရောက်မှ သိလိုက်ရပါတယ်။ ဗီဇာကြေးက ၂၅ ဒေါ်လာပေးရပါတယ်။ လေယာဉ်တစ်စီးလုံးမှာပါတဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တော်တော်များများက ဆိုက်ရောက်ဗီဇာလုပ်ဖို့ တန်းစီကြတာဆိုတော့ အချိန်သုံးနာရီလောက် ကုန်သွားပါတယ်။ တော်ရုံခြေထောက်မသန်တဲ့သူတွေအဖို့တော့ အခက်ပဲ။ အချိန်ရရင်တော့ ကိုယ့်နိုင်ငံမှာရှိတဲ့ နီပေါသံရုံးမှာ ကြိုတင်ဗီဇာလုပ်သွားတာ အကောင်းဆုံးဖြစ်မယ်။
လေယာဉ်ပေါ်မှကြည့်ကတည်းက နီပေါလေဆိပ်အပါအ၀င် ခတ္တမန္ဒူမြို့ရဲ့နေရာတချို့မှာ အမိုးရောဘေးတွေရော အနီရောင်တွေပဲ မြင်နေရတယ်။ အနီရောင်အမိုးကတော့ သံချေးတက်နေတဲ့ သွပ်ပြားတွေဖြစ်ပြီး ဘေးအနီရောင်တွေကတော့ ရှေးဟောင်းအုတ်တိုက်တွေ ဖြစ်နေလို့ပါပဲ။ လေဆိပ်ကတော့ ဟောင်းနွမ်းပြီး တော်တော်ကြာကြာ မပြင်ထားတဲ့ပုံပဲ။ ဆရာဇ၀နရေးခဲ့ဖူးတဲ့ ရန်ကုန်မြို့အပေါ် သံချေးတက်အမိုးမြင်ကွင်းကို သွားသတိရမိတယ်။
နီပေါနိုင်ငံကို ဟိမ၀န္တာတောင်တန်းကြီးက ရင်ခွင်ပိုက်ထားရှိပြီး ကမ္ဘာပေါ်မှာရှိတဲ့ မီတာ ၅၀၀၀ အထက် အမြင့်ဆုံးတောင် ၁၁ တောင်ရှိတဲ့အနက် နီပေါနိုင်ငံမှာ ရှစ်တောင်ရှိပါတယ်။ ၈၄၈၈ မီတာအမြင့်ရှိ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင် တည်ရှိတဲ့အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးမှာ အင်အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ နီပေါနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အဓိကဘာသာ ၂၂ မျိုးရှိပါတယ်။ အစောပိုင်းက နီပေါကို ဟိန္ဒူဘာသာကိုးကွယ်တဲ့နိုင်ငံအဖြစ် သတ်မှတ်ထားပြီး ၂၀၀၆ ခုနှစ်ကစလို့ ဟိန္ဒူဘာသာနဲ့ ဗုဒ္ဓဘာသာ အဓိကကိုးကွယ်သော နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ နီပေါနိုင်ငံဟာ မြောက်ဘက်မှာ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနဲ့ နယ်ချင်းဆက်စပ်လျက်ရှိပြီး တရားကျင့်ကြံအားထုတ်ခြင်းနဲ့ မြင့်မြတ်တဲ့ ဥာဏ်ကွန့်မြူးဈာန်ဝင်စားတဲ့ သူတော်စင်တွေ၊ ဂုရုတွေကျင့်ကြံရန် မြင့်မြတ်တဲ့နယ်မြေတစ်ခုအဖြစ် မှတ်ယူထားကြပါတယ်။
ခတ္တမန္ဒူမြို့တော်
ခတ္တမန္ဒူမြို့ဟာ တောင်တွေဝန်းရံလျက်ရှိတဲ့ မြို့တော်တစ်ခုဖြစ်တဲ့အတွက် ၎င်းကို ရှေးဟောင်းအနုပညာယဉ်ကျေးမှုတွေ မပျက်မစီး ထိန်းသိမ်းစောင့်ရှောက်ထားသော လှပတန်ဖိုးထားအပ်တဲ့ နေရာတစ်ခုအဖြစ်လည်း မှတ်ယူထားကြပါတယ်။ တောင်ကြားမှာ တည်ရှိတဲ့မြို့ဖြစ်တဲ့အတွက် လှပသာယာ သန့်ရှင်းသပ်ရပ်လိမ့်မယ်လို့ မူလကထင်ထားခဲ့သော်လည်း အထင်နဲ့အမြင်လွဲမှားကြောင်း လေဆိပ်မှအထွက်တွင် စတင်ခံစားသိရှိရပါတယ်။ လမ်းဘေး၊ ၀ဲ၊ ယာတစ်လျှောက်မှာ ပလက်ဖောင်းမရှိတဲ့ နေရာအတော်များပြီး နွားများ၊ အမှိုက်ပုံများနဲ့ စိတ်မသက်မသာခံစားရပါတယ်။ တောင်စောင်းဘေးမှာ တစ်စက်တစ်စက်ကျနေတဲ့ရေကို စောင့်ခံနေတဲ့ နီပေါလုံမပျိုတွေကို တွေ့ရတာလည်း ပိုပြီးစိတ်မချမ်းမသာဖြစ်ရပါတယ်။
ခတ္တမန္ဒူမှာ တိဗက်ဗုဒ္ဓဘာသာအယူအဆများလွှမ်းမိုးနေတာ ထင်ရှားလှပါတယ်။ နာမည်တွေကို ရှမ်ဗားလားဟိုတယ်၊ ဟိမလေယာဟိုတယ်၊ မန္ဒလစာအုပ်ဆိုင်စသည်ဖြင့် အမည်မှည့်လေ့ရှိပြီး ဆေးရုံရဲ့ နာမည်ရှေ့မှာလည်း ဥုံ (om) ထည့်ပြီး အမည်မှည့်ထားတာကို ထူးခြားစွာ တွေ့ရှိရပါတယ်။ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာရှေးဟောင်းဘုရားကျောင်းများစွာ တွေ့ရှိရသော်လည်း အခြားဘာသာ အဆောက်အအုံများ အလွန်ရှားပါးကြောင်း သိရှိရပါတယ်။ ရောက်စနေ့အချိန်ရခိုက် ပထမဆုံးသွားဖြစ်တာက တောင်ကုန်းပေါ်ရှိ Money Temple လို့ခေါ်ဆိုကြတဲ့ ဆွာရန်ဘူနတ်ခေါ် ဘာသာရေးအဆောက်အအုံများတည်ရှိရာ နေရာဖြစ်ပါတယ်။ တိဗက်များ၊ တိဗက်ဗုဒ္ဓဘာသာဝင်နောက်လိုက်များ ဒုတိယအများဆုံးသွားရောက်တဲ့နေရာလည်း ဖြစ်ပါတယ်။ ၎င်းဟာ မြို့လယ်သာမယ် ဈေးအနောက်ဘက်အနီးရှိ တောင်ကုန်းပေါ်တွင်တည်ရှိပြီး ခတ္တမန္ဒူမြို့ကို အပေါ်စီးမှ မြင်နိုင်တဲ့နေရာဖြစ်ပါတယ်။ ဆွာရန်ဘူးဘုရားအပေါ်တွင် ဗုဒ္ဓရဲ့အနှစ်သာရကို အများဆုံးဖော်ညွှန်းထားပြီး ဘုရားရဲ့ ဘေးပတ်လည် လေးဘက်မှာ ဗုဒ္ဓရဲ့ထိုးဖောက်သိမြင်နိုင်စွမ်းရှိတဲ့ မျက်လုံးပုံတွေကို ရေးဆွဲထားပါတယ်။ တန္တရဗုဒ္ဓအတွက် အဓိကအင်အားဖြစ်တဲ့နေရာအဖြစ် မှတ်ယူထားကြပါတယ်။ ဗုဒ္ဓဘာသာဆိုင်ရာ ရေးထိုးထားမှုတွေအရ ခတ္တမန္ဒူ တောင်ကြားမှာ တစ်ချိန်က ရေကန်ကြီးတစ်ခုရှိခဲ့ပြီး ရေကန်ရဲ့အလယ်မှာ ဆွာရန်ဘူဖြစ်လာမည့် ပဒုမ္ပာကြာပန်းကြီး ထူးဆန်းစွာပေါ်လာတယ်ဟု အဆိုရှိကြပါတယ်။ ဆွာရန်ဘူမှအပြန်မှာ ခတ္တမန္ဒူမြို့မှာ တစ်ခုတည်းရှိတဲ့ မြန်မာဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်ဖူးမြော်ခဲ့ပါတယ်။
ခတ္တမန္ဒူရှိ မြန်မာဘုန်းကြီးကျောင်း
ဗုဒ္ဓရှင်တော်မြတ်ပွင့်တော်မူရာအရပ်ဖြစ်ပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်ပျံ့နှံ့မှု လွန်စွာနည်းပါးတဲ့အတွက် သာသနာပြုလုပ်ငန်းကို ခက်ခဲလှစွာ ဇွဲနဲ့လုပ်ဆောင်လျက်ရှိကြောင်း ဆရာတော်က ရှင်းပြပါတယ်။ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဟာ ခတ္တမန္ဒူမြို့မှာ ရှားရှားပါးပါး မြေနေရာကျယ်ကျယ်ဝန်းဝန်း ရရှိထားပြီး တရားကျင့်ဖို့၊ တရားဘာဝနာပွားများဖို့အတွက် နှစ်ထပ်အဆောက်အအုံနဲ့ နေရာအလုံအလောက်ရှိတဲ့အတွက် ကျေနပ်အားရခဲ့ရပါတယ်။
မြန်မာဘုန်းတော်ကြီးကျောင်းမှအပြန် ပြင်ပတွင် အလွန်မှောင်နေတာကို တွေ့ရှိရပါတယ်။ နီပေါမှာ နေ၀င်ချိန်နောက်ကျပြီး ညခုနစ်နာရီမှ နေ၀င်ပါတယ်။ ဘုန်းကြီးကျောင်းမှ ထွက်ခါစမို့ မှောင်နေတယ်ဟု ထင်ထားပေမယ့် တဖြည်းဖြည်းချင်း တစ်မြို့လုံးကို အမှောင်ထုဖုံးလွှမ်းနေကြောင်း သိလာရပါတယ်။ အင်ဗာတာများ၊ မီးစက်များသုံးနိုင်တဲ့ နေရာတချို့မှာ မီးလင်းလျက်ရှိနေတာကို တွေ့ရှိရပါတယ်။
ကားဆရာရဲ့ ပြောစကားအရ ခတ္တမန္ဒူမှာ လျှပ်စစ်မီးကို ကွက်ကျားပေးတယ်လို့ဆိုသော်လည်း မရတဲ့နေရာကများနေပြီး သူတို့ကတော့ အမှောင်ထဲမှာ နေသားကျနေကြောင်း ရှင်းပြပါတယ်။ လမ်းမီးတွေ မလင်းတဲ့အတွက် ဆိုင်အများစု ညစောစောပိုင်းမှာတင် ပိတ်ထားကြောင်း တွေ့ရှိရပါတယ်။ အမှောင်ထဲမှာနေခဲ့ရတဲ့ ကျွန်တော်တို့ဘ၀တွေကို ပြန်စဉ်းစားမိပြီး ကိုယ်ချင်းစာမိပါတယ်။ ခတ္တမန္ဒူကို အမှောင်ထဲကမြို့တော်လို့ ခေါ်ဆိုခဲ့ရင် မှားအံ့မယ်မထင်ပေ . . .။
(Written by: ဒေါက်တာသိန်းမြင့်)
No comments:
Post a Comment