သိပ်တော်ပြီး
သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ
ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့
အလျဉ်းသင့်သလို သတိပေးနေရတယ်။
သူဘက်ကကြည့်တော့လည်း
ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။
ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့
မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။
တစ်ခု သတိပြုရမှာက
စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း
ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။
ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး
မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ “ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်”ဆိုတဲ့
အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊
တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ
ဖြစ်သွားတတ်ပါတယ်။
တကယ်လို့များ “သေပြီးတာပဲ”ဆိုတဲ့
အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင်
အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ
အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို
အပါယ်လားစေတတ်တဲ့ သဘောရှိပါတယ်။
အမှန်တော့ ဝဋ်ကြွေးတွေနဲ့
ပေးဆပ်နေရတဲ့ သူတွေရဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ ကိုယ့်စိတ်ကို
ပြုပြင်ဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုတွေကို ရယူဖို့ အထူးလိုအပ်လှတာ
ဖြစ်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ခံစားချက်ကို တရားအသိ၊ ပညာအသိ၊
အပ္ပမာဒ သတိတရားတွေနဲ့ ရှုပွားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
စိတ်ထွက်ပေါက်ကို စာဖတ်၊ စာရေး၊ တရားနာ၊ တရားမှတ်၊ မေတ္တာပွား၊
ဂုဏ်တော်ပွားတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်ကို စိတ်ရိုင်းတွေ မဝင်နိုင်အောင်
ကြိုးစားကြည့်ဖို့ လိုပါတယ်။
တိုးတက်ပွင့်လင်းလာတဲ့
ဒီနေ့လို ခေတ်ကြီးမှာ အင်တာနက်ကနေ တရားနာ၊ တရားစာဖတ်၊ အထွေထွေ ဗဟုသုတတွေ
ရှာကြံဖတ်ပြီး ကိုယ့်စိတ်ကိုယ် ဖြေလို့လည်း ရနိုင်တဲ့ အနေအထားမျိုး
ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။
ဒီနေ့ခေတ်စားနေတဲ့ ဖေ့စ်ဘုက်လို လူမှုကွန်ယက်မျိုးကို အသုံးပြုပြီးလည်း
ကိုယ့်စိတ်ထွက်ပေါက်ကို ရှာလို့ရနိုင်တတ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုက်ခ်မှာက
ကောင်းကျိုးပြုတာတွေ ရှိသလို မကောင်းတာတွေကလည်း အများကြီး ရှိနေတတ်ပါတယ်။
တင်သမျှစာတွေ၊ တက်သမျှပို့စ်တွေကို လိုက်ဖတ်လိုက်ခံစားပြီး နေမယ်ဆိုရင်တော့
တစ်ချို့ပို့စ်တွေက စိတ်ဓာတ်ခွန်အား ဖြစ်ဖို့ထက် စိတ်ရိုင်းတွေသာ
ဝင်သွားစေတတ်တာက ပိုများတတ်ပါတယ်။
အင်တာနက် စာမျက်နှာအချို့ဟာ
ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အပြစ်တင်မှုတွေကို အကာအကွယ်မရှိ လုပ်နေကြတာ
ဖြစ်တဲ့အတွက် အဲဒီလို စာမျက်နှာတွေကများ ကိုယ်လေးစားရတဲ့ သူ၊
ကိုယ်မြတ်နိုးရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့ သူတစ်ဦးဦးကို အပြစ်ပြော
ဝေဘန်ပုတ်ခတ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ပြီး
ပြန်လည်တုန့်ပြန်မိရာက ကိုယ်ပါအဲဒီ ရောဂါတွေ ကူးစက်ခံရကာ စိတ်ထဲမှာ
အဲဒီအတွေးတွေနဲ့ လေးလံနေစေတဲ့အပြင် ဒီဒဏ်တွေကလည်း ဒုက္ခိတဘဝနဲ့ အကြွေးတွေကို
ပေးဆပ်နေရတဲ့ ကိုယ့်ဘဝအတွက် အားမဖြစ်ဘဲ အပြစ်ဖြစ်စေတတ်တာကို သတိပြုကြရမှာ
ဖြစ်ပါတယ်။
အဓိကကတော့
ကိုယ်ကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ စိတ်သဘောထားအပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။
လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာ ဖြစ်တဲ့အတွက်
ဘယ်လိုအရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အခြေအနေနဲ့ ချိန်ထိုးပြီး
ကိုယ့်အတွက်ကောင်းမယ့်ဟာကိုသာ ယူပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် အရာတွေဆို
မယူမိဖို့၊ မခံစားမိဖို့ လိုပါတယ်။ ခံစားရင် အမှန်တရားလည်း
မမှန်များတတ်ပြီး ကိုယ်သာ အခံများတတ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။
ပြောချင်တာက သိပ်တော်တဲ့
ကိုယ့်ဒကာနဲ့ ကိုယ့်ဒကာလို အားငယ်နေတဲ့သူတွေ အနေနဲ့ ဘဝရဲ့ ဝဋ်ကြွေးတွေကို
ပေးဆပ်နေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ရော၊ ပံ့ပိုးမှုတွေမှာပါ
အားရှိနေအောင် ကြိုးစားဖို့လိုကြောင်း။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ
ဖြစ်စေဖို့ အားဖြစ်စေမယ့် တရားတွေ၊ စာတွေနဲ့ ပံ့ပိုးဖို့လိုသလို၊
အားမဖြစ်စေမယ့်၊ စိတ်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ စိတ်မှာ ဘဝင်မကျမှုတွေ
တိုးစေမယ့် စာတွေ၊ အပြုအမူ အပြောအဆို စတာတွေကို လိုက်ခံစားပြီး
ကိုယ့်စိတ်ကို ပင်ပန်းအောင် မလုပ်ဖို့နဲ့ ပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို “ဆိုးလှချည်လား”ဆိုတဲ့ အတွေးတွေနဲ့ အားငယ်စိတ်ပျက်မှုတွေ မဖြစ်စေဘဲ “ကံကြွေးပါလို့ ပေးဆပ်နေရတယ်”လို့ သဘောထားပြီး အပြစ်တွေ ထပ်မတိုးအောင်သာ သတိတရားနဲ့ ကြိုးစားနေထိုင်ဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။
ဒါကြောင့် အားနည်းနေတဲ့
ကိုယ့်ဘဝမှာ အားတွေဖြစ်စေဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် ဓမ္မအသိ၊
ဘဝအသိများနဲ့ ညှိကာ ကိုယ့်ကိုယ်ကို သတိနဲ့သာ ဆင်ခြင်ပြီး နေထိုင်ကြဖို့
တိုက်တွန်းရင်း အားငယ်သူများအတွက် အားဆေးတစ်ခွက်အဖြစ် အသိတစ်ခု
အမျှပြုလိုက်ပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
No comments:
Post a Comment