အမေး။ ။ဦးဇင်းမေးစရာလေးရှိလို့ပါ။ အမျှပေးဝေတယ်ဆိုတာ ၃၁ဘုံသားအားလုံးအတွက်မဟုတ်လား။ ကိုယ်ပေးဝေတဲ့အမျှကိုလဲအားလုံးရတာမဟုတ်လား။ တပည့်တော်ကိုလာပြောနေလို့ဘုရား အမျှပေးဝေတာ ဗြိတ္တာတွေဘဲရတာတဲ့။
လူတွေနတ်တွေကမရတော့ဘူးတဲ့လား။အကျယ်သိချင်ပါတယ်။ လောဆယ်အတိုချုံးရှင်းပြပေးပါဘုရား။
အဖြေ။ ။ အမျှပေးဝေလို့ ကြားတဲ့သူခေါ်ဆိုနိုင်ပါတယ်။ လူဖြစ်စေ နတ်ဖြစ်စေ၊ ပြိတ္တာဖြစ်စေ။ ကြားသောသူက သာဓုခေါ်ဆိုနိုင်ပြီး ပတ္တာနုမောဒနာကုသိုလ်ဖြစ်ပါတယ်။ ဒကာမကို သူမေးတာက သေသူကိုရည်မှန်းပြီး အမျှပေးဝေခြင်းကိုရည်ရွယ်ပြီး ပြောဟန်တူပါတယ်။
ဒီမေးခွန်းရဲ့ Source- ဇစ်မြစ်က တိကနိပါတ် အဂုင်္တ္တိုရ် ဇာဏုေဿာဏိသုတ်မှာ လာပါတယ်။ အဲဒီမှာ ဇာဏုေဿဏိပုဏ္ဏားမေးတဲ့ မေးခွန်းတစ်ခုကို အခြေခံပြီး ဖြေပါမယ်။ ဇာဏုေဿာဏိပုဏ္ဏားကြီးက ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ဒါကြောင့် မြတ်စွာဘုရားရှင်ကို မေးတော့ အရှင်ဂေါတမလို့ ခေါ်ဝေါ်ပါတယ်။ သူမေးပုံက အရှင်ဂေါတမ ကျွန်ုပ်တို့ ပုဏ္ဏားတွေလည်း အရှင်ဂေါတမတို့ ဗုဒ္ဓဘာသာတွေလို ကွယ်လွန်သွားသူအတွက် ရည်ညွှန်းပြီး ဆွမ်းလှူဒါန်းစတဲ့ အလှူဒါနများ ပြုလုပ်ကြပါတယ်။ အခုလို ပေတဥဒ္ဒိဿဒါနလို့ ဆိုတဲ့ ဆွမ်းသွတ်အလှူဒါနများ ပြုလုပ်တဲ့အခါ သေလွန်သွားတဲ့ ပုဂ္ဂိုလ်ဟာ ထိုအလှူဒါနကို သုံးဆောင်ခံစားရပါသလားလို့မေးတော့ မြတ်စွာဘုရားရှင်က ရောက်သင့်သော(ဌာနဘုံ) ဆိုရင်ရောက်တယ်။ မရောက်သင့်သော (အဌာနဘုံ)ဆိုရင် မရောက်ဘူးလို့ဖြေတော်မူပါတယ်။ ရောက်သင့်သော (ဌာနဘုံ)၊ မရောက်သင့်သော (အဌာနဘုံ)ကို ရှင်းပြရရင်
ပုထုဇဉ်များသေလွန်သွားရင် သွားရမယ့် ဘုံဌာနက(၅)မျိုးရှိပါတယ်။
၁။ နတ်ပြည်၊ ဗြဟ္မာ့ပြည်။
၂။ လူ့ပြည်။
၃။ တိရစ္ဆာန်ဘုံ၊
၎။ ငရဲဘုံ၊
၅။ ပြိတ္တာဘုံဖြစ်ပါတယ်။ (၃၁)ဘုံကို ဂတိလို့ခေါ်တဲ့ လားရောက်ရာအမျိုးအစားအားဖြင့် ခွဲလိုက်ရင် (၅)မျိုးရပါတယ်။ နတ်ပြည် ဗြဟ္မာ့ပြည်၊ လူ့ပြည်၊ တိရစ္ဆာန်၊ ငရဲဘုံဌာနများကတော့ မရောက်နိုင်တဲ့ (အဌာန)ဘုံများဖြစ်ပြီး ပြိတ္တာဘုံကတော့ ရောက်နိုင်တဲ့(ဌာန)ဘုံဖြစ်တယ်လို့ မိန့်တော်မူပါတယ်။ ဘာလို့လဲဆိုတော့ အထက်နတ်ပြည် ဗြဟ္မာ့ပြည်မှာသွားဖြစ်ပြီဆိုပါလျှင် နတ်စည်းစိမ်၊ ဗြဟ္မာ့ပြည်စည်းစိမ်တွေ ခံစားနေရပြီး ဒီကပြုလုပ်လိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ သူတို့အတွက် ဘာမှ မပြောပလောက်ဘူး။ သူအာရုံမပြုရင်လည်း မသိတော့ဘူး။
လူ့ပြည်မှာသွားဖြစ်နေရင်လည်း ဒီလောက်ဆိုသူဟာ အမိဝမ်းတွင်းမှာ ကိန်းအောင်းနေရပြီ၊ ပဋိသန္ဓေအသစ် ဖြစ်နေရတဲ့အတွက်သူ့အတွက်ပြုလုပ်ပေးတဲ့ ကောင်းမှုကုသိုလ်များကို သူ မသိနိုင်တော့ပါ။ ကွယ်လွန်သူဟာ သူရဲ့ အကုသိုလ်ကံအားလျော်စွာ တိရစ္ဆာန်ဘုံကိုရောက်သွားမယ်ဆိုရင်လည်း အမိဝမ်းကိန်းနေရတဲ့အတွက် မသိနိုင်သလို၊ ငရဲဘုံမှာသွားဖြစ်ရင်လည်း ငရဲဆင်းရဲတွေ ခံစားနေရပြီ ဖြစ်လို့ ဒီကပြုလုပ်တဲ့ ကောင်းမှုကို မသိနိုင်ပါ။ ဒါကြောင့် ဒီ လေးဌာနက မရောက်နိုင်တဲ့ (အဌာန)ဘုံတွေဖြစ်ပါတယ်။ သေခါနီးကာလမှာ မစွဲလန်းသင့်သော စည်းစိမ်ဥစ္စာ၊ သားသမီး၊ ဇနီးမယားအား စွဲလန်းသွားရင် ပြိတ္တာဘုံကိုရောက်ပါတယ်။ ပြိတ္တာဘုံဆိုသည်မှာလည်း တခြားမဟုတ်၊ လူတို့ခေါ်နေတဲ့ တစ္ဆေ၊ သရဲစသည်တို့ပါ။ အစားဆင်းရဲ၊ အဝတ်ဆင်းရဲ အနေဆင်းရဲစတဲ့ ဆင်းရဲမျိုးစုံနဲ့ တွေ့ကြုံကြရပါတယ်။ အဲဒီဘုံကိုရောက်သွားတဲ့ ပုဂ္ဂိုလ်တွေဟာ အော်ငါရဲ့မိသားစုတွေဟာ ဗုဒ္ဓဘာသာများဖြစ်သည့် အားလျော်စွာ အလှူဒါနပြုလုပ်ပြီး အမျှအတန်းပေးဝေမှာပဲလို့ အနီးအနားမှာ စောင့်စားနေတတ်ကြပါတယ်။ ပြိတ္တာဘုံကတော့ ရောက်နိုင် ရနိုင်တဲ့ (ဌာနဘုံ) ဖြစ်ပါတယ်။ ပြိတ္တာဘုံတွင် ပရဒတ္တူပဇီဝိကလို့ခေါ်တဲ့ သူတစ်ပါးပေးလှူ၍ အမျှဝေမှ ရနိုင်တဲ့ ပြိတ္တာမျိုးသာလျှင် သာဓုခေါ်ပြီး အကျိုးကို ခံစားခွင့်ရပါတယ်။
သေဆုံးသူတိုင်း ပြိတ္တာဖြစ်နိုင်လားဆိုတော့ သေဆုံးသူတိုင်း ပြိတ္တာမဖြစ်နိုင်ပါ။ ကံအားလျော်စွာ လားရောက်ကြရတာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာများဟာ ကွယ်လွန်သွားသူတိုင်း ပြိတ္တာဘုံ သရဲ တစ္ဆေတွေချည်းဖြစ်တယ်လို့ ယူဆကြတာပါ။ တစ်ချို့ဆို လူတစ်ယောက်သေသွားပြီဆိုပါလျှင် (၇) ရက်လည်မှ အိမ်ပေါ်ကဆင်းတာတို့၊ အခေါင်းထဲစားသောက်စရာ၊ အဝတ်အထည်တွေထည့်တာတို့ လုပ်တတ်ကြပါတယ်။ ဆွမ်းသွတ်တဲ့အခါမှာလည်း သံဃာတော်များရှေ့မှောက်မှာ ကွယ်လွန်သူအတွက် နေရာခင်းတာတို့ အဝတ်အထည်ချထားတာတို့လုပ်တတ်ကြပါတယ်။ ဒါတွေအားလုံးဟာ မြတ်စွာဘုရားဟောတဲ့တရားတွေနဲ့ ညှိလိုက်ရင် တခြားစီဖြစ်နေတော့ပါ။ ဆင်ခြင်သင့်လှပါသည်။ ဒါဖြင့် သေဆုံးသူဟာ အမျှဝေလို့ မရနိုင်တဲ့ (အဌာန)ဘုံများကိုရောက်ရင် ဘယ်သူတွေရနိုင်သလဲဆိုတော့ မိမိရဲ့ ဆွေဟောင်းမျိုးဟောင်းတွေ အနီးအပါးမှာ ရှိနေမည်ဆိုပါလျှင်လည်းကောင်း၊ တရားနာပရိတ်သတ်များလည်းကောင်း၊ ကုသိုလ်ကောင်းမှုပြုလုပ်တဲ့ အလှူရှင်များလည်းကောင်း၊ ကိုယ်စောင့်နတ်အပါအဝင် သာဓုခေါ်နိုင်သူအားလုံးရရှိကြောင်း ဖြေကြားလိုက်ရတော့၏။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
No comments:
Post a Comment