Saturday, April 23, 2016

ဘုရားက...“ဘုရားဖြစ်ကြောင်း ဟောသွားခဲ့သလား...?



ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံပါဠိ
ယာဝကီဝဉ္စ မေ ဘိက္ခဝေ၊ ဣမေသု စတူသု အရိယသစ္စေသု
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ၊ ယထာဘူတံ ဥာဏဒဿနံ၊
န သုဝိသုဒ္ဓံ အဟောသိ၊
နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ၊
သမာရကေ သဗြဟ္မကေ သဿမဏဗြဟ္မဏိယော ပဇာယ သဒေဝမနုဿာယ
အနုတ္တရံ သမ္မာသမ္ဗောဓိ`ံ၊ အဘိသမ္ဗုဒ္ဓေါတိ ပစ္စညာသိ`ံ။

ဘုရားဖြစ်ကြောင်း ဝန်ခံပုံပါဠိ
**********************************
ယတော စ ခေါ မေ ဘိက္ခဝေ၊ ဣမေသု စတူသု အရိယသစ္စေသု၊
ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ၊ ယထာဘူတံ ဥာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊
အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ
သမာရကေ သဗြဟ္မကေ သဿမဏဗြဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ၊
အနုတ္တရံ သမ္မာသမ္မောဓိ`ံ ၊ အဘိသမ္ဗုဒ္ဓေါ တိ ပစ္စညာသိ`ံ။ (ဓမ္မစကြာ)
မြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံခဲ့ပုံပါဠိ အထောက်အထားခိုင်ခိုင်လုံလုံရှိပါတယ်။ မေးခွန်းရှင်အား ပြန်လည်မေးပါရစေ။ အသင်တို့၏ ဘုရားရော ဘုရားအဖြစ်ဝန်ခံခဲ့ပုံ စာလေးတစ်ကြောင်းလောက် အထောက်အထား ခိုင်ခိုင်လုံလုံလေး တင်ပြပေးနိုင်ပါမည်လော။
ဘုရားဖြစ်ကြောင်း ဝန်မခဲ့ပုံ၊ ဝန်ခံခဲ့ပုံ မြန်မာပြန်
ရဟန်းတို့ ပဋိသန္ဓေနေရခြင်းလည်း ဆင်းရဲ၏။ အိုရခြင်း၊ ဖျားနာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တဝါ-သင်္ခါရတို့နှင့် ပေါင်းသင်ရခြင်း၊ ချစ်-နှစ်သက်အပ်သော သတ္တဝါ-သင်္ခ`ါရတို့နှင့် ကွေကွင်းရခြင်း၊ အလိုရှိအပ်-တောင်းတအပ်သော အရာကို မရခြင်း၊ အကျဉ်းအားဖြင့် စွဲလမ်းမှု ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာငါးပါး(ရရှိနေခြင်း)တို့လည်း ဆင်းရဲသည်သာ ဖြစ်ကုန်၏။ ဤဇာတိ စသောဆင်းရဲတရားစုသည် ဒုက္ခအရိယသစ္စာ မည်၏။
ဝတ္ထု-ကာမတို့ကို တပ်မက်သော တဏှာ၊ သဿတဒိဋ္ဌိနှင့် ယှဉ်သော (ဘဝတည်မြဲခြင်းကို တောင့်တသော) တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သော (ဘဝပြတ်ခြင်းကို တောင်းတသော) တဏှာဟူ၍ သုံးမျိုးပြားသော လောဘ- တဏှာတရားသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ ဤတဏှာသည် ဒုက္ခသမုဒယ အရိယာသစ္စာမည်၏။
ထိုလော တဏှာ၏ပင် အကြွင်းမဲ့တပ်မက်ခြင်း ကင်းရာချုပ်ရာ ထိုလောဘ တဏှာပယ်စွန့်ရာ၊ လွတ်လွတ်ဝေးစွာ စွန့်ပယ်ရာ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည်ရှိ၏။ ဤဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သည် ဒုက္ခနိရောဓ အရိယသစ္စာမည်၏။
သမ္မာဒိဋ္ဌိအစရှိတဲ့ အင်္ဂါရှစ်ပါးရှိသည့် ဝဋ်ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော (မဇ္ဈိမပဋိပဒါ) ကျင့်စဉ်သည် ဒုက္ခနိရောဓ ဂါမိနီပဋိပဒါခေါ် မဂ္ဂအရိယသစ္စာမည်၏။ ဤသစ္စာလေးပါးတို့တွင် ဒုက္ခသစ္စာကို ပိုင်းခြားသိအပ်ပြီဟူ၍လည်းကောင်း၊ သမုဒယသစ္စာကို ပယ်အပ်ပြီဟူ၍လည်းကောင်း၊ နိရောဓသစ္စာကို ပစ္စဝေက္ခဥာဏ်ဖြင့် မျက်မှောက်ပြုအပ်ပြီဟုလည်းကောင်း၊ မဂ္ဂသစ္စာကို ပွားများအပ်ပြီဟုလည်းကောင်း၊ ဤသစ္စာလေးပါးတို့၌ သစ္စဥာဏ်၊ ကိစ္စဥာဏ်၊ ကတဥာဏ်အားဖြင့် (၃)ပါးအပြန်ရှိသော ၃ပါး×၄လီဖြစ်၍ အခြင်းအရာ(၁၂)ပါးရှိသော ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ဥာဏ်အမြင်သည် ငါဘုရားအား အလွန်အထူး စင်ကြယ်ခြင်းမဖြစ်သေးသမျှကာလပတ်လုံး ငါဘုရားသည် နတ်ပြည် ဗြဟ္မာ့ပြည်နှင့် တကွသော သြကာသလောက၌လည်းကောင်း ၊ ရဟန်း၊ ပုဏ္ဏား နတ်နှင်တကွသော သတ္တလောက၌လည်းကောင်း အတုမရှိသော အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍သိပြီဟု ဝန်ခံတော်မူသေး။
ဤသစ္စာလေးပါးတို့၌ ဟုတ်တိုင်းမှန်စွာ သိမြင်တတ်သည့် ဥာဏ်အမြင်သည် ငါဘုရားအား အလွန်အထူးစင်ကြယ်ခြင်း ဖြစ်သောအခါ၌မူကား ငါဘုရားသည် သြကာသလောက၌လည်းကောင်း၊ သတ္တလောက၌လည်းကောင်း၊ အတုမရှိသော အရဟတ္တမဂ်ဥာဏ် သဗ္ဗညုတဥာဏ်ကို ထိုးထွင်း၍ သိပြီဟု ဝန်ခံတော်မူပြီ။ ယခု ငါဘုရားအား ငါ၏ အရဟတ္တမဂ်ဥာဏ်သည် မပျက်စီးနိုင်တော့ပြီ။ ငါ၏ဘဝသည် နောက်ဆုံးဖြစ်ခြင်းပေတည်း။ ယခုတဖန် ဘဝသစ်၌ ဖြစ်ခြင်းမရှိတော့ပြီ ဟူသော ပစ္စဝေက္ခဏဥာဏ်သည် ထင်ရှားဖြစ်ပေါ်ပေပြီဟူသော အထောက်အထားများအချုပ်ကား သစ္စာလေးပါးတို့၌ သစ္စဥာဏ် ကိစ္စဥာဏ်၊ ကတ္တဥာဏ်တို့နှင့် မသိသေးသမျှ ကာလပတ်လုံး ဘုရားဖြစ်ပြီဟူ၍ ဝန်ခံတော်မူ၊ သစ္စာလေးပါးတို့၌ သစ္စဥာဏ်၊ ကိစ္စဥာဏ်၊ ကတဥာဏ်တို့နှင့်ထိုးထွင်းသိသည့်အချိန်မှစ၍ ဘုရားဖြစ်ပြီဟူ၍ ဝန်ခံတော်မူကြောင်း ရှင်းလင်းဖြေကြားလိုက်ရပါသည်။
မေးခွန်းရှင်၏ အဖြေကိုကား စာရေးသူ စောင့်မျှော်ပါဦးမည်။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment