တချိန်သောအခါ မြတ်စွာဘုရားသည် နဠေရုမည်သော တမာပင်ရင်း၌
သီတင်းသုံးနေတော်မူ၏။ အဲဒီအချိန်ခါမှာ ပဟာရာဒလို့ခေါ်သည့် အသူရိန်က
မြတ်စွာဘုရားထံသို့ ရောက်လာပြီး “မြတ်စွာဘုရား၏ သာသနာတော်မှာ ရဟန်းတော်တွေ
မွေ့လျော်နေကြတာ အဘယ်အံ့ဖွယ်တွေရှိနေလို့ ပျော်မွေ့နေကြတာလဲ” ဟု သိလို၍
မေးလို၍ ရောက်လာခြင်းဖြစ်သည်။
သို့ပါသော်လည်း မြတ်စွာဘုရားထံသို့ ရောက်လာသည့်အခါကြတော့ မြတ်စွာဘုရား၏ ဘုန်းတန်ခိုး
အာနုဘော်တွေ၊ မြတ်စွာဘုရား၏ ဘုန်းကံကြီးမားပုံတွေကို တွေ့မြင်ရသောကြောင့်
ရှေးဦးစွာ မေးခွန်းများကို မလျှောက်ထားဝံ့ပေဘူး။
အဲဒါကို မြတ်စွာဘုရားသိတော်မူသောကြောင့် မြတ်စွာဘုရားက ရှေးဦးစွာမေးတော်မူပါတယ်။
“ပဟာရာဒ အသူရိန် …အသူရာတို့သည် သမုဒ္ဒရာ၌ ပျော်မွေ့နေကြသည်။
ဘာအံ့ဘွယ်တွေရှိ၍ ပျော်မွေ့နေကြတာလဲ” ဟု မြတ်စွာဘုရားက ရှေးဦးစွာ
မေးတော်မူတဲ့အခါကျမှ ပဟာရာဒ အသူရိန်က “သမုဒ္ဒရာမှာ အံ့ဖွယ် (၈)မျိုး
ရှိပါတယ်” ဟု လျှောက်ထားပါတယ်။ (၈)မျိုးကို ဖြေပြီးတဲ့အခါ ပဟာရာဒ အသူရိန်က
မြတ်စွာဘုရားကို လျှောက်ထားပြန်ပါတယ်။
“မြတ်စွာဘုရား …မြတ်စွာဘုရား၏ သာသနာတော်ကြီးမှာ မြတ်စွာဘုရား၏ တပည့်သားတွေ သာသနာတော်မှာပျော်မွေ့နေကြတာ
ဘာအံ့ဖွယ်တွေရှိနေလို့ ယခုလို ပျော်မွေ့နေကြတာလဲ ဘုရား ” ဟု
လျှောက်ထားတဲ့အခါ မြတ်စွာဘုရားက “ငါဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ်ရာ
(၈)မျိုး ရှိတဲ့အတွက်ကြောင့် ငါဘုရား၏ တပည့်သား ရဟန်းတော်တို့သည်
သာသနာတော်မှာ ပျော်မွေ့နေကြတာပဲ” လို့ မြတ်စွာ ဘုရားက ပြန်၍
ဖြေကြားလိုက်ပါတယ်။
သမုဒ္ဒရာမှာ အံ့ဖွယ်(၈) ဖြာရှိသလို မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အံ့ဖွယ် (၈)ဖြာ ရှိတယ်လို့ ဆိုတဲ့ အဓိပ္ပါယ်ကို
မြတ်စွာဘုရားပြန်၍ ဖြေကြားတော်မူတာပါဘဲ။
သမုဒ္ဒရာရဲ့ အံ့ဖွယ် (၈)ဖြာနှင့် သာသနာတော်ကြီး၏ အံ့ဖွယ် (၈)ဖြာ တို့ကို ဥပမာနှင့် ဥပမေယျ
နှိုင်းယှဉ်၍ ပြထားတဲ့ဆောင်ပုဒ်ကို ရှေးဦးစွာ ဖော်ပြပါမည်။
ဆောင်ပုဒ်
အစဉ်နက်ဝှမ်း ၊ ကမ်းကိုမလွန် ၊
ရွံဖွယ်ဆယ်ပစ် ၊ တမည်ဖြစ်ခြင်း ၊
မယွင်းမတိုး ၊ ဆယ်မျိုး ရတနာ ၊
ရသာဆားတူ ၊ ကြီးသူနေရာ ၊
အံ့ရှစ်ဖြာ ။
၁။ အစဉ်နက်ဝှမ်း
မဟာသမုဒ္ဒရာသည် လက် ၁-သစ်၊ ၂-သစ်က စပြီးတော့ နက်သွားလိုက်တာ ယူဇနာပေါင်း ရှစ်သောင်းလေးထောင်တိုင်အောင် အစဉ်အတိုင်းနက်သွားပါတယ်။
အဲဒီလိုပါဘဲ မြတ်စွာဘုရား၏ သာသနာတော်မှာလည်း အကျင့်သိက္ခာတွေဟာ အစဉ်အတိုင်း တဖြည်းဖြည်း နက်နဲ နက်နဲ ၊ သိမ်မွေ့ သိမ်မွေ့ သွားပါတယ်။
၂။ ကမ်းကိုမလွန်
သမုဒ္ဒရာရေတွေဟာ ကမ်းပေါ်လျှံတက်သွား၊ လွန်တက်သွားတယ်လို့ မရှိကောင်းသလို မြတ်စွာဘုရား၏
သာသနာတော်မှာလည်း မြတ်စွာဘုရား ပညတ်ထားတဲ့ သိက္ခာပုဒ်တွေဟာ
ကမ်းပါးတွေနဲ့တူပါတယ်။ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်တွေက
အသက်ဟူသောအကြောင်းကြောင့်ပင် မလွန်ကြူးကြပေ။
၃။ ရွံဖွယ်ဆယ်ပစ်
သမုဒ္ဒရာကြီးထဲမှာ ဆင်သေကောင်ပုပ်၊ မြင်းသေကောင်ပုပ် အစရှိသော အကောင်ပုပ်တွေကျလာတဲ့အခါ
သမုဒ္ဒရာလှိုင်း တံပိုးတွေက ကမ်းပေါ်သို့ ပုတ်တင်လိုက်သလို သာသနာတော်မှာလည်း
ဆင်သေပုပ်၊ မြင်းသေပုပ်တွေနှင့်တူတဲ့ ဒုဿီလပုဂ္ဂိုလ်တွေကို သာသနာတော်ကြီးက
အရှည်မထားပါဘူး။ သံဃာကအပေါင်းအဖော်မလုပ်တော့ပေဘူး။ သာသနာတော်မှ
ထုတ်ပစ်လိုက်တယ်။
၎။ တမည်ဖြစ်ခြင်း
သမုဒ္ဒရာ၌ ရေတွေဟာ ဂင်္ဂါမြစ်မှရေ၊ ယမုံနာမြစ်မှရေ၊ အစိရ၀တီမြစ်မှရေ၊ သရဘူမြစ်မှရေ၊ မဟီမြစ်မှ
ရေတို့သည် သမုဒ္ဒရာထဲသို့ရောက်သွားတဲ့အခါ ခွဲခြားလို့မရတော့ပေဘူး။
သမုဒ္ဒရာရေပဲဖြစ်သွားကြသလို မြတ်စွာဘုရားသာသနာတော်မှာလည်း မင်းမျိုး၊
ပုဏ္ဏားမျိုး၊ ကုန်သည်မျိုး၊ ဆင်းရဲသားမျိုး စသည်ဖြင့်
အမျိုးပေါင်းများစွာမှ သာသနာ့ဘောင်သို့ ၀င်လာကြတဲ့အခါ ဤရဟန်းက မင်း၊
ဤရဟန်းက ပုဏ္ဏား၊ ဤရဟန်းက ကုန်သည်၊ ဤရဟန်းက သူဆင်းရဲပဲလို့ နာမည်အသီးသီး
မခွဲခြားတော့ပါဘူး။
သာကီဝင်မင်းသား ဘုရားသားတော်ရဟန်းပဲလို့ တမည်တည်းဖြစ်သွားပါတယ်။ အဲဒီလို တမည်တည်းဖြစ်သွားတာလည်း မြတ်စွာဘုရား၏
သာသနာတော်မှာ အံ့ဖွယ်တမျိုးပါပဲ။
၅။ မယွင်းမတိုး
မြစ်တွေမှ ရေစီးဝင်တာများလို့၊ မိုးတွေက သိပ်ရွာလို့ သမုဒ္ဒရာရေတွေ တိုးတက်လာတယ်လို့
မရှိသလို မြတ်စွာဘုရားသာသနာတော်မှာလည်း
ရေတွက်လို့မရနိုင်လောက်အောင်များတဲ့ ရဟန္တာပုဂ္ဂိုလ်တွေ
နိဗ္ဗာန်သို့စံဝင်သွားကြတဲ့အခါ နိဗ္ဗာန်ကြီးက ကျယ်သွားတယ်လို့လည်း မရှိဘူး။
သာသနာပအခါမှာလည်းပဲ နိဗ္ဗာနဓာတ်သို့ဝင်စံတဲ့
ရဟန္တာပုဂ္ဂိုလ်တွေမရှိတဲ့အတွက်ကြောင့် နိဗ္ဗာန်ကြီးဟာ
ပြန်ကျဉ်းသွားတယ်လို့မရှိကောင်းတာလည်း အံ့ဖွယ်ရာတခုပင်ဖြစ်ပါတယ်။
၆။ ဆယ်မျိုးရတနာ
ဆယ်မျိုးရတနာဆိုသည်မှာ မဟာသမုဒ္ဒရာကြီး၌ ရတနာအမျိုးမျိုးတွေ (ဆယ်မျိုးလောက် ရေတွက်လို့ရတယ်)
ရှိနေတာလည်းပဲ အံ့ဖွယ်တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း
သတိပဋ္ဌာန်တရား ၄-ပါး၊ သမ္မပ္ပဓာန်တရား ၄-ပါး၊ ဣဒ္ဓိပါဒ် ၄-ပါး၊ ဗောဇ္ဈင် ၇-ပါး၊
မဂ္ဂင် ၈-ပါး၊ ဗိုလ် ၅-ပါး လို့ခေါ်တဲ့ရတနာအမျိုးမျိုး ရှိခြင်းသည်လည်း
အံ့ဖွယ်တခုဖြစ်ပါတယ်။
၇။ ရသာဆားတူ
မဟာသမုဒ္ဒရာကြီး၌ ရေတို့၏ အရသာသည် ဆားငံအရသာတစ်မျိုးတည်းပင် ရှိသကဲ့သို့
မြတ်စွာဘုရား၏သာသနာတော်မှာလည်း ကိလေသာတို့မှ လွတ်မြောက်ခြင်း
အရသာတည်းဟူသော ၀ိမုတ္တိရသ အရသာတစ်မျိုးတည်း ရှိခြင်းသည်လည်း
အံ့ဖွယ်တခုဖြစ်ပါတယ်။
၈။ ကြီးသူနေရာ
ကြီးသူနေရာ ဆိုသည်မှာ သမုဒ္ဒရာအတွင်းက တိမိင်္ဂလ စသည့် အလွန်ကြီးသော ငါးကြီးတွေ နေရာ ဖြစ်ပါတယ်။
ဒါဟာလည်း သမုဒ္ဒရာကြီး၏ အံ့ဖွယ် တခုဖြစ်သလို မြတ်စွာဘုရားသာသနာတော်မှာလည်း
မဂ္ဂဋ္ဌာန် ၄-ယောက်၊ ဖလဋ္ဌာန် ၄-ယောက်ဟူသော ကြီးသူတို့နေရာဖြစ်ပါတယ်။ ဒါဟာလည်း
သာသနာတော်ရဲ့ အံ့ဖွယ် တခုပင်ဖြစ်သည် ဟူ၍ မြတ်စွာဘုရားရှင်
ဖြေကြားတော်မူခဲ့ပါတယ်။ (အံ-၃၊ ၄၂၊ ၄၃)
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်
No comments:
Post a Comment