စာရေးဆရာ မောင်သွေးချွန်သည် သာသနာတော် ၂၅၀၀ ကျော်လာသော ယနေ့ခေတ် အခါ၌
ကိလေသာ အားကြီးကြကုန်လျက် တရားဓမ္မဘက်၌ အားပျော့လာချင်ကြသော လူအများတို့သည်
စာမတတ်တာ လှည့်ချ ၊ ပါရမီ နုသေးလို့ပါ နွဲ့ပြနှင့် ဘ၀များစွာအတွက်
အကျနာလှကြောင်း ၊ " တုံးအောက်က ဖားတမျှ " နိမ့်ကျလှသော ဘ၀မျိုးမှ
တရားဓမ္မကို အရယူနိုင်ကြောင်းကိုပင် ယူပြ ပေးဝေငှခဲ့ပါသော အရှင်သူမြတ်
နှစ်ပါး၏ နိဗ္ဗာန်ရောက်ကြောင်း တရားများဖြင့် လမ်းညွှန်ပြသပေးခဲ့ပါသည်။
ပဋိပတ္တိသာသနာသမိုင်းတွင် အထင်ကရ ဖြစ်တော်မူသော " စွန်းလွန်း
ဆရာတော်ဘုရားကြီး " ဆိုလျှင် စာပေမတတ် သာမန် အညတရ မင်းစေဘ၀ လယ်သမားဘ၀မှ
ဓမ္မလမ်းပေါ်သို့ စွမ်းစွမ်းတမံ ပေါက်ရောက်ခဲ့ကာ ရဟန္တာဟု
ကျော်ကြားတော်မူခဲ့ပါသည်။
' မြင်- မြင်တယ် ' ' ကြား- ကြားတယ် ' '
နံ- နံတယ် ' ဟု ထင်ရှားရာတိုင်းကို ပေါ်လာတိုင်း ရှုမှတ်သော သတိတစ်လုံးဖြင့်
အဆုံးနိဗ္ဗာန် ၀င်ကြရသည်။ မြတ်စွာဘုရားရှင် လက်ထက်တော်က သာဝတ္ထိပြည်သူ
ပြည်သားများသည် လူဝတ်ကြောင်ဘ၀ဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်
တည်ခဲ့ကြခြင်းသည် မြင်ရာ ၊ ကြားရာ ၊ စားရာ ၊ ထိတွေ့ရာတိုင်းမှာ သတိမကွာ
အသိပါခဲ့ခြင်းကြောင့် ဖြစ်ပါသည်။
ဆရာတော် ဦးပဏ္ဍိတက " သူဟာ
အသက်ငါးဆယ်ကျော်လောက်မှ လောကီမှာ အားကိုးစရာ မရှိလို့ လောကုတ္တရာကို
နှလုံးသွင်းပြီးတော့ အနတ္တတရားကို ရှာခဲ့တာပါ ။ ကိုယ်ဖြစ်နေတာ အတ္တ ၊
အတ္တဆိုတာ စာလိုပြောတာ ၊ အဓိပ္ပာယ်က အစွဲ ၊ ငါ -မြင်တယ် ၊ ငါ - ကြားတယ် ၊ ငါ့
မိန်းမ ၊ ငါ့ သား ၊ ငါ့ လင် ၊ ငါ့ သမီး ဆိုတာ အတ္တတွေက မှတ်သားထားတဲ့ အစွဲ ၊
သညာလို့လည်း ခေါ်တယ် ။ "
" သံသရာ ဘယ်က စလဲ " ကာယကံ ၊ ၀စီကံ ၊ မနောကံ
မှာ မနောကံက စ-တယ်။ " သံသရာ ဘယ်မှာ ဆုံးသလဲ " မနောကံမှာ ဆုံးတယ် ၊ ပြတ်တယ် ၊
နိဗ္ဗာန်သည် ခန္ဓာမှာ စ တယ် ။ ( ၀ိပဿနာ တရားများကို စတင် ရှုမှတ်ရတယ် ။ )
ခန္ဓာမှာ ဆုံးတယ် ။ သီလမှာ ချုပ်တယ် ။
ကိုယ်လုပ်တဲ့ အလုပ် ကိုယ်သိရမယ် ။
ကိုယ်လုပ်တဲ့ အလုပ်မှာ အသီးတစ်ရာ အညှာတစ်ခုတဲ့ ။ အသီးတွေ တစ်လုံးချင်း
လျှောက်ဖြုတ်နေရင် ကြာတယ် ။ အညှာကိုသာ ဖြုတ်ချလိုက် ၊ အသီးတွေ အကုန်ပါတာပဲ ။
အတွင်းစိတ် မနောလေးဟာ အညှာပဲ ။ စိတ်အညှာ မနောကံ ကိုင်လိုက်ရင် ကာယကံ ၊
ဝစီကံ ( အပြင်သီလတွေ ) အကုန်ချုပ်ရမယ်။ ကျွဲကူးရင် ရေပါတယ်။
ကာယကံ ၊
ဝစီကံ စောင့်ထိန်းထားတဲ့ အပြင်သီလက အတွင်းစိတ် ပူနေတာကို ငြိမ်းအောင်
မလုပ်နိုင်ဘူး ။ အတွင်း သီလ ( စိတ်မနော လုံသွား နိုင်သွားတဲ့သူမှ
ငြိမ်းအေးမှာ ။
စာထဲရေးထားတဲ့ သစ္စာတရားတွေ သိအောင်လုပ် ၊ စာနဲ့
စိတ်နဲ့ တစ်ထပ်တည်း ဖြစ်မှ သစ္စာ ( အရိယ သစ္စာ ) ၊ စာနဲ့ စိတ် တစ်ထပ်တည်း
မဖြစ်သေးရင် သမုတိသစ္စာ ( လောကီ သစ္စာ ) က မလွတ်သေးဘူး ။
မနောကံက
ခြေမရှိ ၊ လက်မရှိနဲ့ ကျူးလွန်နေတာ ။ သိပ်ကြောက်ဖို့ ကောင်းတယ် ။
သံသရာလည်စေတာ မနောကံပဲ ။ သံသရာ ပြတ်ချင်ရင် ကံကိုဖြတ် ။ အစွဲကို ဖြတ် ။
စွဲရင် ကံ ၊ မစွဲရင် ဉာဏ် ။ ကံတွေ စွဲနေသမျှ သံသရာ မပြတ်ဘူး ။ မဆုံးဘူး ။
ဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ၊ သုံးချက်ပြတ်ပဲ ။ မနောဒုစရိုက်တွေ
သတ်လိုက်တာနဲ့ ကာယကံ ဒုစရိုက် ၊ ၀စီကံ ဒုစရိုက်တွေ မပြုတော့ဘူး ။
အပြင်စင်ကြယ်သွားရင် အတွင်း စင်ကြယ်တယ် ။ ခန္ဓာ စင်ကြယ်မှ ဉာဏ်စင်ကြယ်တယ် ။
ဝိပဿနာဆိုတာ ဉာဏ်စခန်း ခေါ်တယ် ။ သမထနဲ့ တင်းတိမ်နေရင် ၀ိဇ္ဇာဓိုရ်
ဝိဇ္ဇာပေါက်ပဲ ဖြစ်မယ် ။ မဂ္ဂင် ရှစ်ပါး လမ်းဆုံးတော့ ဉာဏ်စခန်းရောက်မယ် ။
ကိုရင်ကြီး ရှင်ဝိမလကလည်း " ၀ိပဿနာ အစ သံဝေဂ က...တဲ့ " ဟု လူငယ် ၊
လူရွယ် ၊ လူလတ်ပိုင်း၌ မူးမူးထွေထွေ အမိုက်တိုက်ထဲ မိုက်မဲနေခဲ့သမျှ
သူ့အချိန်ကျ၍ ဘ၀ အမှောင် ဖောက်ခွဲ ထွန်းလင်းမည့် အလင်းတန်းကလေး
လျှပ်ပြက်သလို ပေါ်ထွန်းလာခဲ့သည် ။ ကြက်သွန်ခင်း စောင့်ဘ၀ တောမီးလောင်ရာမှ
ကြွက်ကလေးတွေ ၊ ငှက်ကလေးတွေ ၊ ဖားကလေးတွေ ၊ ရှဥ့်ကလေးတွေ ၊ လိပ်ပြာကလေးတွေ ၊
ဓားတုတ်ကောင် ကလေးတွေရဲ့ သက်တမ်းစေ့ မနေရဘဲ အသေချင်း ထပ်နေသော မရဏဘေး ၊
ဇာတိဘေး ဟူသော သံသရာ ဘေးဆိုးကြီး၏ ကြောက်စရာ ကောင်းလှသည့် သံဝေဂ
တရားတို့သည် ၀ိပဿနာ လမ်းသို့ ထွက်မြောက်ရန် ခွန်အားအစစ်များ
ဖြစ်လာခဲ့ပါတော့သည်။
ရခဲ့သော သံဝေဂ ဟာ တရားဓမ္မရဲ့ မောင်းနှင်ရေး
အားဖြစ်ပြီး ၀င်လေ ထွက်လေ စမှတ်ခဲ့သည် ။ မှတ်စက ကျိုးတိုးကျဲတဲ ၀င်လေ
ထွက်လေ ဖွာလန်ကြဲနေသော်လည်း ရွှေကျင်သလို ကျင်ယူခဲ့၍ ၀င် ၀င်မှန်းသိ ၊ ထွက်
ထွက်မှန်းသိခဲ့သည် ။ အသိကလေး တစ်ချက် ပေါ်တာနှင့် အေးကနဲ တစ်ချက် ခံစားရသော
ဝင်လေ ထွက်လေ ရှုမှတ်ခြင်းသည်ပင် ၀ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာလမ်း
ဖြစ်လာကြောင်း ကိုရင်ကြီး ရှင်ဝိမလမှ ဟောကြားခဲ့ပါသည်။
ခန္ဓာကြီး ဆိုတာ
မွေးကင်းစ ကတည်းက အာရုံတွေနဲ့ မွေ့လျော်ခဲ့တာ အမေ့ရင်ခွင် နူးညံ့တဲ့
အထိအတွေ့ ၊ အိပ်ရာခင်းရဲ့ နူးညံ့တဲ့ အထိအတွေ့ ၊ ချော့သိပ်တဲ့ နာပျော်ဘွယ်
တေးသီချင်းသံ ၊ ကြည့်မ၀နိုင်တဲ့ ရောင်စုံအရုပ် ၊ ချိုဆိမ့်တဲ့ အစာအာဟာရ ၊
နှစ်သက်ဖွယ် မွှေးရနံ့ ... စတဲ့ အာရုံငါးပါး ကြားက လူလားမြောက်ခဲ့ကြရတော့
ရုပ် ၊ နာမ် ၊ ခန္ဓာကို အာရုံထဲမှ မရုန်းကန်ချင်ကြ ။ အာရုံဆိုသည်မှာ တဏှာက
လက်သပ် မွေးထားခြင်း ဖြစ်သည်။ ကိုရင်ကြီး ရှင်ဝိမလက တရားခံကို မိပြီး မသိမှု
အ၀ိဇ္ဇာကို ကိစ္စတုံး စီရင်နိုင်ခဲ့ကာ လားရာ ဂတိမှာလည်း
လွတ်မြောက်ရာလမ်းဆီသို့ ဦးတည်နေကြောင်း စာရေးသူမှ အားပျော့နေသူ
လူအများအတွက် မဂ္ဂင်လမ်းဖောက်၍ အသိဉာဏ်စခန်းပေါက်စေဖို့ " ဘ၀ကြမ်းမှ
ဓမ္မလမ်းသို့ " စာအုပ်ဖြင့် မီးမောင်းထိုး အလင်းဆောင်ပြပေးထားပါသည်။
No comments:
Post a Comment