သမာဓိတည်ဆောက်ခြင်း၊ တရားထိုင်ခြင်းစသည့် စိတ်လေ့ကျင့်ခန်းများသည် နှလုံးနှင့် ဆက်စပ်ရောဂါများကို လျော့ပါးသက်သာစေကြောင်း
ပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၁၉၆၀)ပြည့်လွန် နှစ်များကတည်းက လေလွင့်ဟစ်ပီများသည် နှလုံးနှင့် ပတ်သက်သော ရောဂါများနှင့်
စိတ်ဖိစီးမှု
ဝေဒနာတို့ကို ပျောက်ကင်းစေကြောင်း ယုံကြည်လေ့ကျင့်ခဲ့သော်လည်း တိတိကျကျ
သုတေသနမှတ်တမ်းမူ မရှိခဲ့ပေ။
ယင်းကဲ့သို့ စိတ်၏တည်ငြိမ်မှု
လေ့ကျင့်ခန်းများကို ကမ္ဘာကျော် Beatles အဖွဲ့ဝင်များ၊ ကလင့်အိစ်ဝုဒ်၊
ဒေးဗစ်လင့်ခ်ျစသည့် ကမ္ဘာကျော် အနုပညာရှင်များကလည်း စနစ်တကျ
ကျင့်သုံးလေ့လာဖူးသည်။ မဟာရီရှီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာရောဘတ်
ရှင်းဒလားက လေ့လာမှုများအရ တရားထိုင်ခြင်းကို စွဲမြဲစွာ ပြုလုပ်သူများသည်
နှလုံးသွေးကြောတွင် ဖြစ်ပွားတတ်သော ရောဂါများ ပေါ်ပေါက်လာနိုင်မှုကို
သာမန်ထက် (၄၇)ရာခိုင်နှုန်း ကျဆင်းသွားစေကြောင်း ထောက်ခံခဲ့သည်။
ဒေါက်တာရှင်းဒလားနှင့် အဖွဲ့သည် အာဖရိကန်-အမေရိကန် ကပြားအမျိုးသမီး
(၂၀၁)ဦးတို့၏ နှလုံးသွေးကြောကျဉ်း ရောဂါကို တရားထိုင်ခြင်း၊ အစားအသောက်
ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် နည်းလမ်းများဖြင့်
အဖွဲ့များခွဲကာ ကုသပေးခဲ့သည်။ ယင်းတို့အနက် တရားထိုင်ခြင်းကို စွဲစွဲမြဲမြဲ
ပြုလုပ်သော အဖွဲ့သည် အခြားနည်းလမ်းများထက် အကျိုးသက်ရောက်မှု များပြားသလို
သေနှုန်းလည်း အလွန်နည်းကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ (၉)နှစ်ကြာ
ပြုလုပ်ခဲ့သည့် လေ့လာမှုများအရ တရားထိုင်ခြင်း၊ သမထထူထောင်ခြင်းစသော
လုပ်ငန်းများသည် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်ကြောင်း ပညာရှင်များက
သိရှိလာရသည်။ ဒေါက်တာရှင်းဒလားက "ဆေးရုံမှတ်တမ်းတွေနဲ့ တရားထိုင်မှုကြောင့်
နှလုံးကျန်းမာရေးကို ဘယ်လိုဆက်နွယ်နေမလဲ အသေးစိတ် လေ့လာတာ
ဒါပထမဆုံးအကြိမ်ပါ။ ရလဒ်တွေက ကျေနပ်စရာ ကောင်းပါတယ်"ဟု ပြောဆိုသွားသည်။
တရားထိုင်ခြင်းသည် နှလုံးရုတ်တရက် ဖောက်ပြန်ခြင်း၊ လေဖြတ်ခြင်း၊
စိတ်ဖိစီးခြင်းစသော အခြေအနေများကို ကာကွယ်ရန်လည်း အလွန်ထိရောက်သော
ကာယလေ့ကျင့်ခန်းတစ်မျိုးအဖြစ် သတ်မှတ်နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment