Friday, August 18, 2017

စွန်းလွန်း ဆရာတော် ဘုရား၏ ဝေဒနာ ရှုကွက်


ဝေဒနာလိုက်ရာ၌ယုန်ကိုခွေးလိုက်သကဲ့သို့လည်းကောင်း၊ ဖောင်စီးသူကဲ့သို့လည်းကောင်း ဥပမာပေး ဆုံးမတော်မူခဲ့၏။ အာနာပါဿတိ ကမ္မဋ္ဌာန်း စတင်အားထုတ်၍ ၀င်လေထွက်လေ တိုးထိသွားသော နှာသီးဖျား၌ စိတ်ကိုစူးစိုက်တည်ကြည်နေအောင် စိတ်ထိန်းထားခိုင်း၏။ အ၀င်အထွက်မှန်၍ အရှုအရှိုက် မှန်မှန် တင်းတင်းပြင်းပြင်း လုံ့လ၀ီရိယကောင်းကောင်းနဲ့ အားထုတ်ခိုင်း၏။

အချို့ကိုလည်းစရိုက်အတိုင်းမှန်မှန်ဖြည်းဖြည်းသက်သာစွာပင်ရှုရှိုက်အားထုတ်ခိုင်း၏။နှစ်မျိုးနှစ်စားရှိ၏ဟုမှတ်သားကြရ၏။သင်တန်းအားဖြင့် အချိန်တစ်နာရီနီးပါး အားထုတ်ရ၏။ ထို့နောက် အရှုရပ် ခန္ဓာကိုယ်စိုက် ဝေဒနာလိုက်ခိုင်း၏။ ခန္ဓာကိုယ်ပေါ်တွင်ဖြစ်ပေါ်လာသော သုခ၊ ဒုက္ခ၊ ဥပေက္ခာ စသည့် ဝေဒနာအမျိုးမျိုးကို သတိသမ္ပဇဉ် ဉာဏ်ယှဉ်၍ လောဘ၊ ဒေါသ၊ မောဟ မဖြစ်စေရအောင် ဝေဒနာ အနုပဿနာ ရှုရ၏။
ထုံကျင်ကိုက်ခဲ မခံမရပ်နှိုင်အောင် ခံစားနေရတဲ့ သဘောတရားကို သတိပညာ ဦးစီး၍ ရှုရာမပြတ်မစဲ ဒလပ်စပ် ဖြစ်ပျက်ဝေဒနာ တရားတွေ့မြင် သိရှိရ၏။ ပူလိုက်၊ အေးလိုက်၊ နာလိုက်၊ ကျင်လိုက်၊ ကိုက်လိုက်၊ ခဲလိုက်၊ ယိမ်းယိုင် တုန်လှုပ်လိုက် ဖြစ်ပျက်မစဲ ဓာတ်သဘောတရား ဖောက်ပြန်ပျက်စီးနေပုံ သိမြင်ရ၏။ ဒီဒုက္ခ ဝေဒနာကို ဒေါသ ဒေါမနဿ မဖြစ်ရအောင် သတိပညာဖြင့် သည်းခံရှုရ၏။
သုခဝေဒနာကိုလည်းပီတိ သောမနဿ လောဘတွေမဖြစ်ရလေအောင် သတိပညာဖြင့် သည်းခံရှုရ၏။ ဥပေက္ခာဝေဒနာကိုလည်း လျစ်လျူရှု မောဟတွေမဖြစ်ရလေအောင် သတိပညာဖြင့် သည်းခံရှုရ၏။ ဝေဒနာ ခံစားမှုဟာ တက်လိုက်၊ကျလိုက်၊ဖြစ်လိုက်၊ပျက်လိုက် အမျိုးမျိုး သူဖြစ်ပေါ်သလို ဖြစ်ပေါ်တဲ့အတိုင်းအောင့်အီးသည်းခံကာ ဇွဲသတ္တိကောင်းကောင်းနဲ့ နှလုံးသွင်းဖြောင့်မှန်စွာ ရှုရ၏။
ဝေဒနာ၏ ဖြစ်ပျက်မစဲ ရှုနေရာမှဖြစ်ပြီးပျက် ပျက်သွားတဲ့ သဘောတရားဟာ မမြဲပါကလား(အနိစ္စ)၊ ခံစားနေရတာ ဆင်းရဲပါကလား(ဒုက္ခ)၊ ကိုယ့်အလိုမလိုက် သူ့သဘောနဲ့သူ ဖြစ်နေတာပါကလား(အနတ္တ)၊ သာမည လက္ခနာတွေကို အထင်ရော အမြင်ပါတွေ့သိလာအောင် ထပ်ကြပ်မကွာ ယုန်လိုက်တဲ့ခွေးလို အစဉ်မပြတ်ရှုကြည့်နေရမယ်။ ဖောင်းစီးသမားလို ရေလှိုင်းကြီးမားလာလည်း ဖောင်ကို မလွှတ်မြဲစွာ တွယ်ကပ်လျက် လှိုင်းတံပိုး ထသည့်အလျှောက် မြင့်လိုက် နိမ့်ကျလိုက်ဖြစ်နေသလိုဝေဒနာတိုးတက်လာလိုက်၊ ကျသွားလိုက်၊မခံနိုင်အောင် ဖြစ်လာလိုက်၊ သက်သာသွားလိုက်နဲ့ ခံစားမှုသဘောတရား ဖြစ်ပျက်နေပုံကို သတိကပ်၍ ပညာဖြင့်ရှုနေရ၏။
ဤ၀ိပဿနာလမ်းမှန်ကို ဆက်၍လမ်းဆုံးအောင် အားထုတ်ပြီး မဂ်ဖိုလ်ရစေနိုင်၏။
_____________________________________________
Kyawkyaw San ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး)

No comments:

Post a Comment