Thursday, May 24, 2018

မေတ္တာတရား အစဉ်ပွား စွမ်းအားပိုင်ရှင် ဖြစ်ရသည်

မြတ်စွာဘုရားရှင် ရဲ့ အောင်ခြင်းရှစ်ပါး နှင့် အခြားသော တရားပြိုင်လာသူတို့အပေါ် အောင်မြင်ခဲ့သည်များမှာ
တန်ခိုးတော်ဖြင့် အောင်မြင်ခဲ့ခြင်း မဟုတ်ပေ ၊ မေတ္တာစွမ်းအားဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည် ။ မေတ္တာစွမ်းအားသည်
တန်ခိုးစွမ်းအား , လက်နက်စွမ်းအား များထက် အဆပေါင်း များစွာ အစွမ်းထက်ပေသည် ။

သမထဘာဝနာ အမျိုးပေါင်း ၄၀ ရှိသည်တွင် ၊ မေတ္တာဘာဝနာသည် အရေးကြီးဆုံးဖြစ်ပေသည် ။ ဒါနမှာလည်း မေတ္တာပါမှ
အရည်အသွေးတက်ပြီး အကျိုးပေး ထက်သန်ပါသည် ၊ သီလကျင့်သုံးရာတွင်လည်း မေတ္တာနှင့် ထိန်းပေးမှ သီလခိုင်မြဲပြီး
အရှိန်အဝါ တက်စေပါသည် ။ အခြားသော သမထဘာဝနာများ နှင့် ဝိပဿနာဘာဝနာ ပွားများရာတွင်လည်း မေတ္တာဖြင့်
အခြေခံပေးမှ ၊ မေတ္တာကိုပါ တွဲဖက်ပေးပါမှ အနှောင့်အယှက်ကင်းပြီး သမာဓိဥာဏ် ထက်မြက်နိုင်ပေသည် ။
ငြိမ်းချမ်းသာယာသော ကမ္ဘာလောကဧ။် ကြည်နူးဖွယ်ရာ အခြေအနေအားလုံးအတွက် ဆောင်ကျဉ်းပေးနိုင်သည့် အရာမှာ
' မေတ္တာ ' ပင်ဖြစ်သည် ။ လူ့အရည်အချင်းနှင့် လူ့စည်းစိမ် ပြည့်ဝရေးခရီးတွင် မှန်ကန်စွာ လမ်းညွှန် ဦးဆောင်မှုပေးနိုင်သည်မှာလည်း
' မေတ္တာ ' ပင်ဖြစ်သည် ။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ဟစ်ကြွေးလျက်ရှိသော ကမ္ဘာလောကအတွက် ' မေတ္တာ ' သည်သာ
လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်တစ်ခုပင် ဖြစ်ပေသည် ။
မေတ္တာတရားသည် လူမျိုးမရွေး ၊ ဘာသာမရွေး ၊ ပုဂ္ဂိုလ်မရွေး ကျင့်သုံးထိုက်သည့် အဖြူထည် အရိုးခံ တရားတစ်ခုဖြစ်သည် ။
လူတစ်ဦးချင်းစီဧ။် လူမှုရေး ၊ ပညာရေး ၊ ကျန်းမာရေး စသည့် အရေးကိစ္စတို့တွင် အဆင်ပြေ ပြီးမြောက်စေရန် အတွက်
မြင့်မြတ်သည့် အဆောင်သဘော တစ်ခုလည်းဖြစ်သည် ။
မေတ္တာတရားသည် အနှောက်အယှက် ဘေးရန်အန္တရာယ် အသွယ်သွယ် ၊ ဆင်းရဲဒုက္ခတို့ ကြားမှာပင် ဘဝကို အေးချမ်းချိုမြိန်စေပါသည် ။
လက်ရှိဘဝကို ပိုမိုသာယာစိုပြေစေကာ အမျိုးမျိုးသော လောကဓံ လှိုင်းတံပိုးများ ၊ ပဋိပက္ခ အဖြစ်အပျက်များ ၊ ခါးသီးသော ကိုယ်စိတ်
ခံစားရမှုများကို ဖြတ်သန်းရသော ကာလတွင် ကြီးမားသော အထောက်အကူကို ဖြစ်စေသည် ။ မေတ္တာသည် ယခုဘဝအတွက်သာမက
သံသရာခရီးအတွက်ပါ ပြည့်စုံသော ရိက္ခာကို ပေးစွမ်းနိုင်ပေသည် ။
ထို့ကြောင့် လောကအတွင်းရှိ လူ့နှလုံးသားတို့တွင် ' ဒေါသနှလုံးသား ' သည် ၊ ရုပ်အဆိုးဆုံး , အကျည်းအတန်ဆုံး ဖြစ်သကဲ့သို့
' မေတ္တာနှလုံးသား ' သည် ၊ အလှဆုံး , ကျက်သရေ အရှိဆုံး ဖြစ်ပေသည် ။
မေတ္တာနှင့်သာ ကမ်းခဲ့ပါလျှင် မည်သူမဆို ဝမ်းပန်းတသာ လှမ်းလင့် ကြိုဆိုကြမည်သာ ဖြစ်သည် ။ မေတ္တာသည် အရာရာကို လွယ်ကူစွာ
ကျော်ဖြတ်နိုင်စွမ်းရှိသည် ၊ ရန်သူအပေါင်းကို အေးချမ်းစွာဖြင့် အောင်နိုင်စွမ်း ရှိသည် ။ မေတ္တာသည်ကား ဤမျှ အရှိန်အဝါ ကြီးဧ။် ။
အသရေကြီးဧ။် ။ ထယ်ဝါခံ့ငြားဧ။် ။ မြတ်နိုးဖွယ် အတိဖြစ်ဧ။် ။ ထို့ကြောင့် လူသားတိုင်းအတွက် အလိုအပ်ဆုံးသည် ' မေတ္တာနှလုံးသား '
ပိုင်ဆိုင် ထားရန်ပင် ဖြစ်ပေသည် ။
မေတ္တာနှလုံးသား ပိုင်ရှင်ဖြစ်စေရန် သူတစ်ပါးဧ။် အကျိုးကို အမှန်တကယ်လိုလားသော ချစ်တတ်တဲ့ သဘောဆောင်ရမှာဖြစ်ပေသည် ။
ကိုယ့်အကျိုးကိုသာ ဦးစားပေးတဲ့ တဏှာချစ် မဖြစ်ရန် ဆင်ခြင်ရပေမည် ၊ ' တဏှာချစ် ' ဆိုသည်မှာ ကိုယ့်အတွက် အကျိုးခံစားခွင့်
ရနေစဉ်မှာ ချစ်ခင်နှစ်သက်နိုင်ပြီး ၊ ကိုယ့်အတွက် မရရှိ နိုင်တော့ပြီ ဆိုပါက အချစ်ပျက်ပြယ် သွားရလေတော့သည် ။ 'မေတ္တာချစ်'ကတော့
သူ့အတွက်သာ ဦးစားပေးထားတာဖြစ်လို့ ခိုင်မြဲစွာဖြင့် မပျက်ပြယ်နိုင်သော ချစ်ခြင်းဖြင့် ချစ်နေနိုင်ပါသည် ။ မေတ္တာရှင်အတွက် အကျိုးကို
ပြန်ရသည်မှာတော့ မေတ္တာခံပုဂ္ဂိုလ်မှ ပေး၍မဟုတ်ဘဲ ' မေတ္တာ ' မှ ပြန်၍ပေးမှာ ဖြစ်တဲ့အတွက် ကြီးမားခံ့ထည်သည့် အကျိုးကို ရစေပါသည် ။
မိမိကသာ မေတ္တာအစစ်အမှန် ဖြစ်ရန် ၊ မေတ္တာကို မေတ္တာ နဲ့ တူစေရန် ပြုလုပ်ဖို့သာ ကိုယ့်အလုပ် , ကိုယ့်တာဝန်ဖြစ်ပေသည် ။
မေတ္တာဆိုသည်မှာ အဓိကအားဖြင့် ' ဒေါသ ' ကို နေရာမပေးဘဲ တိုက်ဖျက်ရမှာဖြစ်၍ ဒေါသရဲ့ အပြစ်ကို မကြာ မကြာ ဆင်ခြင်ပေးရမှာဖြစ်သည် ။
ဒေါသဆိုသည်မှာ ကိုယ်တွင်းသူပုန်နှင့် တူပါသည် ။ လောကမြို့ရွာများ အတွင်းမှာ သူပုန်ဝင်သည်ဆိုလျှင် အိမ်ရှင်ကိုလည်း ရိုက်နှက်နှိပ်စက်သည် ၊
အဖိုးတန်ပစ္စည်းတွေကိုလည်း လုယူသွားတတ်သည် ၊ အိမ်ကိုလည်း ပြာကျအောင် မီးရှို့ ပစ်တတ်သည် ၊ ယင်းကဲ့သို့ပင် စိတ်အတွင်းမှာ ဒေါသသူပုန်
ဝင်လာတဲ့အခါမှာ စိတ်ဆိုတဲ့ အိမ်ရှင်ကိုလည်း ရိုက်နှက်တတ်လို့ စိတ်မှာနာကျင်ရပါသည် ၊ အိမ်ရှင်ရဲ့ စိတ်မှာ ရှိတဲ့ သဒ္ဓာ,သီလ စတဲ့ သူတော်ကောင်း
ဥစ္စာတွေကိုလည်း အကုန်လုယူသွားတတ်သည် ၊ နှလုံးနှင့်တကွ ခန္ဓာအိမ်ကိုလည်း ကျန်းမာရေးပျက်စီးအောင် မီးရှို့ ဖျက်ဆီး ပစ်တတ်ပါသည် ။
ယခုလို ဒေါသရဲ့ အပြစ်ကို ဆင်ခြင်စဉ်းစားပေးပြီး မကောင်းတဲ့ ဒေါသနေရာမှာ ကောင်းမြတ်တဲ့ မေတ္တာကို အစားသွင်းပေးနေရမှာဖြစ်ပါသည် ။
ဒေါသကို ဖယ်ပစ်နိုင်သလောက် မေတ္တာတွေပြည့်ဝလာပီး အေးချမ်းပျော်ရွှင်မှုတွေနဲ့ ဘဝကို ကျေနပ်နှစ်သက်စွာ ကျော်ဖြတ်နိုင်မည် ဖြစ်ပေသည် ။
ဒေါသပယ်ပြီးသွားပြီဆိုလျှင်' ခန္တီ ' ဆိုတဲ့ သည်းခံခြင်းကို အမာခံအဖြစ် အသုံးပြုနိုင်ရန် မွေးမြူစောင့်ရှောက်ရပေမည် ။ ခန္တီ ခိုင်မာမှ မေတ္တာကို
ကြာရှည် ထိန်းသိမ်းထားနိုင်ပါလိမ့်မည် ။ ခန္တီ ရဲ့ သဘောမှာ ' ခွင့်လွှတ် အနစ်နာခံတတ်မှု ၊ သဘောထားကြီးမှု ' လို့ဆိုတဲ့ မေတ္တာနဲ့ အသွင်တူတဲ့
သဘောတွေ အားလုံးပါဝင်လို့ဖြစ်ပါသည် ။ ထို့ကြောင့် ခန္တီ တရားကိုလည်း ခိုင်မာစေရန် ဆောက်တည်ထားရပေလိမ့်မည် ။ ယင်းကဲ့သို့ အဘက်ဘက်မှ
ပြည့်စုံစွာနဲ့ အခြံအရံတွေ ဝိုင်းပတ်ထားနိုင်ခဲ့သည်ရှိသော် မေတ္တာဧ။် စွမ်းအားအမှန် ထက်သန်လာမည် ဖြစ်ပေတော့သည် ။
မေတ္တာစွမ်းအားရှင်တို့မှာ မေတ္တာအကျိုး ၁၁ မျိုးကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည် ။ ယင်း ၁၁ မျိုးမှာ --
၁ ။ ချမ်းချမ်းသာသာ အိပ်ရခြင်း ။ ၂ ။ ချမ်းချမ်းသာသာ အိပ်ရာမှနိုးထရခြင်း ။ ၃ ။ ကောင်းသော အိပ်မက် မြင်မက်ရခြင်း ။ ၄ ။ လူချစ်ခံရခြင်း ။
၅ ။ နတ်နှင့်တကွ မြင်အပ် မမြင်အပ်သော သတ္တဝါတွေရဲ့ ချစ်ခင်မှုခံရခြင်း ။ ၆ ။ နတ်ကောင်းနတ်မြတ်တို့ဧ။် စောင့်ရှောက်မှု ခံရခြင်း ။
၇ ။ မီးပူမလောင်နိုင်ခြင်း ၊ အဆိပ်မထိနိုင်ခြင်း ၊ လက်နက်မထိနိုင်ခြင်း ။ ၈ ။ အေးချမ်းစွာဖြင့် စိတ်တည်ငြိမ်လွယ်ခြင်း၊ သမာဓိရလွယ်ခြင်း ။
၉ ။ စိတ်ကြည်လင်အေးချမ်းသဖြင့် မျက်နှာအဆင်းကြည်လင်ပြီး ကျက်သရေရှိခြင်း ။ ၁၀ ။ မတွေမဝေ အိပ်ပျော်သွားသကဲ့သို့ သက်သက်သာသာ
သေရခြင်း၊ နေစဉ်မှာလည်းသက်သာ , သေစဉ်မှာလည်း စိတ်ချရခြင်း ။ ၁၁ ။ အရဟတ္တဖိုလ် မရသေးလျှင် (ရဟန္တာ မဖြစ်သေးရင်) သေပြီးတဲ့နောက်
ဆင်းရဲနည်းပါး ချမ်းသာများတဲ့ ဗြဟ္မာ့ပြည်ကို လားရောက်ရခြင်း ။ စသည်တို့ကို မေတ္တာသမာဓိ အတိုင်းအတာအလိုက် ရရှိခံစားနိုင်မှာဖြစ်ပေသည် ။
သို့အတွက်ကြောင့် ယခုဘဝသာမက ၊ သံသရာခရီးတလျှောက် သက်သက်သာသာ အဆင့်မြင့်မြင့် သွားရောက်နိင်စေဖို့ မေတ္တာတရား အစဉ်ပွား၍
မေတ္တာစွမ်းအားရှင်များ ဖြစ်စေရန် မေတ္တာဘာဝနာကို လုံ့လကြိုးကုတ် ပွားများအားထုတ် ကြရမည် ဖြစ်ပေတော့သတည်း ။ ။

No comments:

Post a Comment