ရဟန်းသံဃာတော်များသည် တစ်နှစ်တွင်သုံးလ ဝါဆိုတော်မူကြသည်။ “ဝါဆိုသည်“ ဟုဆိုရာ၌ အကြောင်းကြီးငယ်မရှိဘဲ မိမိတို့ သီတင်းသုံးရာအရပ်မှထွက်ခွါကြွသွားခြင်းမပြုသည်ကိုဆိုသည်။ ထိုသုံးလကာလသည်ပင်“ဝါတွင်း“ မည်ပေသည်။ ပရိယတ်နှင့်ပဋိပတ် သာသနာတို့ အလို့ငှါ အ
ပြည့်အ၀ အားထုတ်ကြိုးကုတ်ခွင့်ရကြသည့် အခါသမယလည်းဖြစ်သည်။

ဝါခေါင်လသည် ဝါတွင်းသုံးလ၏ အလယ်ခေါင်ကျသောလဖြစ်သည်။ မေတ္တာအခါတော်နေ့သည် ဝါခေါင်လပြည့်နေ့ ဖြစ်သည်။ စင်စစ်၊ မေတ္တာအခါတော်နေ့ မှာ ကြာမြင့်လှပြီ ဖြစ်သော ဗုဒ္ဓ
မြတ်စွာဘုရား သက်ရှိထင်ရှားရှိတော်မူခဲ့စဉ်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ မရှိရာမှ
ရှိလာခဲ့သော ထိုနေ့၏ မူလအရင်းအမြစ်ကို သိကြပါလျှင် ပိုမို၍ပင် သဒ္ဓါတရားပွါးများ မိကြပါ
လိမ့်မည်။

ရဟန်းသံဃာတော် အပါးငါးရာသည် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းတရားများတောင်းယူကြကာ ဝါမဆိုမီကျောင်းမှထွက်ခွါကြပြီးတောအုပ်ကြီးတစ်ခုတွင် တရားအားထုတ်၍နေတော် မူကြလေ
သည်။ ၀ါကျွတ်အမီ တရားရရှိကြရန် ရည်သန်ချက်ဖြင့်ဖြစ်သည်။ ရဟန်းတော်များ၏ သိက္ခာ ဂုဏ် မြင့်မြတ်မှုကြောင့် နေရင်းစွဲ ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် မိမိတို့၏ ဘုံဗိမာန်အသီးသီးကို
စွန့်လွှတ်ရှောင်တိမ်းသွားကြရတော့သည်။ သို့ သော်၊ အနံ့ဆိုးများနှင့်ကြောက်မက်ဖွယ် အသံ
များ ပေးလျက် ရဟန်းတော်များအား အနှောက်အယှက် ပြု ကြလေသည်။ ငြိမ်းချမ်းစွာတရား
အားထုတ်၍ မရကြသောရဟန်းတော်များသည် မြတ်စွာဘုရားထံပြန်ခဲ့ကြသည်။

အကြောင်းခြင်းရာကို ဆင်ခြင်သုံးသပ်တော်မူအပြီး၌ မြတ်စွာဘုရားသည် ရဟန်းတော်တို့ အား
မေတ္တာသုတ် ပရိတ်တရားတော်ကို ဟောကြားပို့ ချတော်မူခဲ့သည်။ ဝါခေါင်လပြည့်နေ့တွင် ရဟန်းတော်များသည်ထပ်မံ၍ တောအုပ်ကြီးသို့ ရောက်ရှိခဲ့ကြ ပြန်သည်။ ဤအကြိမ်တွင်မူ
တောအုပ်ကြီးအတွင်းသို့ စတင်ဝင်ရောက်သည်နှင့် မေတ္တာသုတ်တရားတော်ကို ရွတ်ဆိုပွါးများ သွားကြလေသည်။ မေတ္တာတန်ခိုးကြောင့် ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် ရန်လိုခြင်းမရှိကြတော့
ချေ။ ရဟန်းတော်များအား ဝမ်းပန်းတသာကြိုဆိုကြသည်။ ဝါတွင်းကာလတလျှောက်ဝေယျာ ၀စ္စများ ပြုလုပ်ပေးကြသည်။ စောင့်ရှောက်ကြသည်။ ရဟန်းတော်များသည်လည်း ချမ်းသာ
အေးငြိမ်းစွာဖြင့် တရားအားထုတ်တော်မူနိုင်ကြတော့၏။ ရည်မှန်းတော်မူကြသည့်အတိုင်း
ဝါကျွတ်သည်နှင့် ရဟန်းကိစ္စပြီးပြည့်စုံကြ ပြီ ဖြစ်သော ရဟန္တာအရှင်မြတ်များဖြစ်တော်မူကြ
ကုန်သည်။

သို့ ဖြင့်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဟူ၍ သတ်မှတ်လာခဲ့ကြသည်။ ယင်းနေ့များ တွင် မေတ္တာပွါးများခြင်းကို အခန်းအနားအသွင်ဖြင့် ဆင်ယင်ကျင်းပခဲ့ကြသည်။ ယခုခေတ်အခါ တွင် မေတ္တာဘာဝနာပွါးများခြင်းများကို တစ်နှစ်တွင်တစ်လ တစ်လတွင်တစ်ရက်ထဲတွင်သာ
မဟုတ် ကြတော့ဘဲ အခါအားလျော်စွာပြုလုပ်လျက်ရှိကြသည်။ ကောင်းလှပါဘိ။ မေတ္တာ၏ သဘောမှာ မိမိအတွက်ကိုယ်ကျိုးမဖက် တစ်ပါးသူ၏အကျိုးကိုသာ လိုလားစွာချမ်းသာစေလိုခြင်း သက်သက် ဖြစ်သည်မဟုတ်ပါလား။ တစ်ဦးချင်း အနေနှင့်သော်မှ အချိန်မရွေး ပွါးများနိုင်သော
ကုသိုလ် အလုပ်ပါတကား။
Credit original writer
MS

No comments:
Post a Comment