Monday, August 27, 2018

ဗုဒ္ဓံ ဘာသာဝင်တို့မျက်စိလည်စေသော၊ ကံနှင့်ကံ၏အကျိုး(၂)

အချိုးကျအောင် ဥပဓိကို ပြင်နိုင်ပါသေး၏။ ယခုကာလ၌ ငယ်စဉ်ကာလက မိခင်တို့ ပြုပြင်၍ မပေးကြသောကြောင့် တစ်ဖက်သတ် အိပ်လေ့ရှိသော ကလေးတို့၌ ဦးခေါင်း မတည့်ဘဲ စောင်းရွဲ့နေတတ်၏။ အချို့ကလေးများမှာ အထက်ပိုင်းလေး၍ ခြေသလုံး၊ ပေါင်ရိုးတို့ မတောင့်တင်းသေးမီ “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့” ဟု ရပ်နည်းသင်ပေးကြသဖြင့် ကလေးများ ခြေခွင်နေတတ်ကြသည်။ နုနယ်သော လက်ခြေ အင်္ဂါ နှာခေါင်းများကို နဂိုက မလှသော်လည်း ပြုပြင်ပေးလျှင် အထိုက်အလျှောက် ဖြောင့်စင်း လှပနိုင်လျှက် ပြုပြင်၍မပေးကြ။
သင့်မြတ်သော အစာ နို့ရည်များကို တိုက်ကျွေးဖို့ရန် နားမလည်၍ ရောဂါထူပြောလျှက် ကလေးငယ်များ ရုပ်အဆင်း ပျက်ကြရ၏။ ဤအချက်များသည် မိဘဆွေမျိုးတို့၏ ပယောဂ သမ္ပတ္တိ မရှိမှုကြောင့် ကလေး၌ အကုသိုလ်က အကျိုးပေးခွင့် သာခြင်းဖြစ်ရကား ထိုကဲ့သို့ မဖြစ်ရအောင် မိဘဖြစ်သူများက (နားလည်မှု ဉာဏ်၊ မပျင်းရိမှု ၀ီရိယ၊ မမေ့လျော့မှု သတိဟူသော) ပယောဂ သမ္ပတ္တိ ဖြင့် ပြုပြင်၍ ပေးထိုက်လှပေသည်။
ထို့ပြင် ယခုခေတ်အခါ၌ ဆေးပညာ တိုးတက်လာ၍ အစားထိုး ခွဲစိပ် ပြုပြင်မှုများ ရှိလာပြီဖြစ်ရကား မိမိ၏ ဥပဓိ ရုပ်၌ မလှသော နေရာကို ခွဲစိပ် အစားထိုး ပြုပြင်ခြင်းဖြင့် ဥပဓိ သမ္ပတ္တိ ဖြစ်အောင် ပြုလုပ်နိုင်ပါ၏။ သို့သော် လုံးဝ ဥဿုံ ပြုပြင်၍ကား ရနိုင်မည် မဟုတ်ပေ။
ကာလ သမ္ပတ္တိ ဖြစ်အောင်ကား ခေါင်းဆောင်၊ မင်း စသူတို့ ပြုပြင်မှ ဖြစ်နိုင်သောကြောင့် မိမိတစ်ယောက်တည်း ပြုပြင်၍ မရနိုင်ပေ။ သို့သော် အင်မတန် ဆိုးရွား၍ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံး ပျက်ပြားနေသောအခါ မဟုတ်လျှင် မင်းကောင်း၊ ခေါင်းဆောင်ကောင်းတို့ ရှိရာအရပ်သို့ ရွှေ့ပြောင်းခြင်းဖြင့် ကာလသမ္ပတ္တိဖြစ်အောင် အထိုက်အလျောက် ပြောင်းလဲနိုင်ပါ၏။ ရပ်ရွာ လူကြီး၊ ဆရာသမား၊ ဘုန်းတော်ကြီးတို့ကလည်း မိမိတို့ ရပ်ရွာ နယ်ပယ်၌ အထိုက်အလျှောက် ကာလ သမ္ပတ္တိ ဖြစ်အောင် ပြုပြင်နိုင်ကြပါသည်။
ယခုအခါ မြန်မာနိုင်ငံသား အများအပြားပင် နိုင်ငံခြား တိုင်းပြည်များသို့ ပြောင်းရွှေ့နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းများ၊ စီးပွါးရှာခြင်းများ ပြုလုပ်နေကြ၏။ ဤသည်မှာလည်း ကာလ ၀ိပတ္တိ ဖြစ်၍ ခေတ်မကောင်း၊ စီးပွါးမကောင်း၊ ပညာရေးမကောင်း ဖြစ်နေသော အမိနိုင်ငံမှ ကာလ သမ္ပတ္တိ ဖြစ်၍ အစစ အရာရာ သာလွန် ကောင်းမွန်နေသော နိုင်ငံများသို့ ပြောင်းရွှေ့ခြင်းဖြစ်၍ ကာလ ၀ိပတ္တိ ဆိုက်နေရာမှ ကာလ သမ္ပတ္တိ ဖြစ်အောင် ပြောင်းလဲ ပြုပြင်ယူခြင်းပင် ဖြစ်ပါသည်။ ဤသာဓကများအရ ဂတိ၊ ဥပဓိ၊ ကာလ တို့ကို အကုန် မပြုပြင်နိုင်သော်လည်း တတ်သိနားလည်လျှင် အထိုက်အလျှောက် ပြုပြင်နိုင်သည် ဟု မှတ်ယူရပါမည်။
ပယောဂ ကိုကား ပြုပြင်ရန် လွယ်ကူ၏။ သတိ မေ့တတ်လျှင် ကြိုးစား၍ သတိထားက သတိကောင်းသူ ဖြစ်နိုင်ပါသည်။ နဂိုက ၀ီရိယ ညံ့ဖျင်းသူ ဖြစ်လျှင် “ငါ မပျင်းဘူး” ဟု မိမိကိုယ်ကို ပြုပြင်က ၀ီရိယကောင်းသူ ဖြစ်နိုင်ပါသည်။ ဒေါသကြီးသူဖြစ်လျှင် ဒေါသမကြီးအောင် စိတ်ပါလက်ပါ စောင့်စည်းသွားပါက အလွန်အေးမြသူ ဖြစ်နိုင်ပါ၏။ မာနကြီးလျှင်လည်း မာနကို ပြုပြင်နိုင်ပါ၏။ အသိ အလိမ္မာ ဉာဏ် ပညာ မရှိလျှင် တတ်သိနားလည်သူတို့၏ စကားကို နားထောင်၍ ဖြစ်စေ၊ စာဖတ်ခြင်း ဗဟုသုတ လေ့လာဆည်းပူးခြင်းအားဖြင်း ဖြစ်စေ ပြုပြင်က အသိ အလိမ္မာ ဉာဏ်ပညာများ တိုးပွါးလာနိုင်ပါ၏။ (စာကျက်၍ မရသဖြင့် သတိ မကောင်းသူ ဉာဏ် မကောင်းသူ ဟု ဆိုကြသော်လည်း) အလိမ္မာနည်းမှာ အရမကျက်ဘဲလည်း ဖြစ်နိုင်ပါသည်။ ဤအလိမ္မာကို ပြုပြင်လေ့ ရှိသူသည် ယခုဘ၀သာ လိမ္မာမည် မဟုတ်၊ နောင် သံသရာတွင်လည်း အလိမ္မာဓါတ် လိုက်ပါလျှက် တစ်သံသရာလုံး အလိမ္မာဆုံး ဖြစ်နိုင်ပေသည်။
မကောင်လည်း ကံ၊ ကောင်းလည်း ကံ။ ။
ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာ ဟု ဘာသာကြီး(၄) မျိုးရှိ၏။ ထိုတွင် ခရစ်ယာန် ဘာသာ နှင့် အစ္စလာမ် ဘာသာ တို့သည် သတ္တ၀ါတို့၏ ကောင်းကျိုး ဆိုးကျိုးကို ထာဝရဘုရား ၊ အလ္လာအရှင်မြတ် စသူတို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းရှင်ကို စွဲလန်း ယုံကြည်ကြ၏။ ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ တို့သည် “ကောင်းကျိုး ဆိုးကျိုးကို ရှေးက ပြုခဲ့သော ကံက စီမံ၏” ဟု ရှေးကံကို စွဲလန်း ယုံကြည်ကြ၏။ ဖန်ဆင်းရှင်ကို ယုံကြည်မှု၏ မှားယွင်းပုံကို စာဖတ်သူလည်း သိပြီး ဖြစ်ပါလိမ့်မည်။ ဤ၌ထိုအကြောင်းကို မဝေဖန်တော့ပြီ။
အရာရာ ကံကိုချည်း ယုံကြည်စွဲလန်း သူများသည်လည်း “ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ” ခေါ် မိစ္ဆာဒိဋ္ဌိ တစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထို ဒိဋ္ဌိ၏ ယူမှားပုံကား “ ယခု မျက်မြင် သတ္တ၀ါ အားလုံးသည် ကောင်းကောင်း ဆိုးဆိုး အမျိုးမျိုးသော အကြောင်း အကျိုးကို ခံစားရ၏။ ထိုအကျိုးအားလုံးသည် ရှေးက ပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏။” ဤသို့ စသည်ဖြင့် ယူလေသည်။
“မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟု ကံတစ်ခုတည်းကိုသာ စွဲလန်းယုံကြည်ကြသော ဗုဒ္ဓဘာသာဝင်တို့လည်း ထို ပုဗ္ဗေကတ ဟေတု ဒိဋ္ဌိ မှ မလွတ်သည်ကို တွေ့ရမည် ဖြစ်သည်။
“ကံကို ယုံ၍၊ ဆူးပုံ အတွင်း၊ မနင်းထိုက်စွာ၊ ကျားရဲရာလည်း၊ ကြမ္မာ အကြောင်း၊ မယိုးကောင်းဘူး။”
ဟူသော အဆုံးမနှင့်အညီ ကံရှိလျှင် ဆူးစူးမှာ မဟုတ်ဟု ယုံကြည်၍ ဆူးပုံအတွင်း သက်ဆင်းလျှင် ဆူးကား စူးမည် ဧကန်ပင်တည်း။ ကံကြမ္မာ ကောင်းလျှင် ကျားမကိုက်တန်ရာ ဟု တွေး၍ ကျားပေါသော တောသို့ ၀င်လျှင် ဧကန်မုချ ကျားကိုကခံရမည်သာတည်း။ အရာရာ ကံကိုချည်း မယုံအပ်။ လက်တွေ့ အကြောင်း အကျိုးကိုလည်း ဆင်ခြင်ယူပါလေ။ ကံ ဟူသည် “ကမ္မ” ဟူသော ပါဠိမှ ဆင်းသက်လာ၏။ ထို့ကြောင့် အလုပ် ကိုလည်း ကံ ဟုခေါ်ပြီး၊ စေတနာ ကိုလည်း ကံ ဟု ခေါ်ကြောင်း ခွဲခြားမှတ်သားသင့်ပါသည်။
ထို့ကြောင့် ပြခဲ့ပြီးသော သမ္ပတ္တိ (၄)ပါး၊ ၀ိပတ္တိ (၄)ပါး တို့ကို စဉ်စားပြီးလျှင် ငါတို့ သန္တာန်၌ အကျိုးမပေးရသေးသော ကုသိုလ်ကံ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်ပါနေသည်ကား မှန်၏။ သို့သော် ထိုကံတို့တွင် အကုသိုလ်ကံတို့သည် ၀ိပတ္တိ အမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေးခွင့် ရကြ၏။ ကုသိုလ်ကံ တို့သည်လည်း သမ္ပတ္တိ အမျိုးမျိုး ရှိမှသာ အကျိုးပေးခွင့် ရကြသည် ဟု ယုံကြည်ကြပါကုန်။
ဆက်၍ဆိုရပါလျှင်- အကုသိုလ်ကံ အကျိုးပေးဖို့ရန် ကံဇာတာ ညံ့ခိုက် ကြုံသော်လည်း သတိ၊ ၀ီရိယ၊ ဉာဏ်ဟူသော ပယောဂ သမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးနိုင်တော့ဘဲ ရှောင်လွှဲရမည်သာတည်း။ အကယ်၍ ယခုဘ၀၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်လိုက်ပါလျှင် နောက်နောင် သံသရာဝယ် ကောင်းမြတ်သော ဂတိကို ဧကန် ရမည်သာတည်း။ ထိုသို့ ဂတိ သမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေရပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့သည် နိဗ္ဗာန် ရသည့်ဘ၀တိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်တော့ပေ။ အဟောသိကံ ဖြစ်ရတော့၏။
ထို့ကြောင့် မိမိမမြင်နိုင်သော ရှေးကံကို တွေးကြံ ကြောက်မနေဘဲ ယခုဘ၀၌လည်း လူမှုရေး၊ စီးပွါးရေး၊ ပညာရေး အဆင့်အတန်းမြင့်၍ နောင်သံသရာ၌လည်း အစစအရာရာ အဆင့်ဆင့် မြင့်မြတ်ရလေအောင် ယခု ဘ၀ လက်ငင်း ပြုပြင်၍ ရကောင်းသော ကာလသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ နှင့် အထူးသဖြင့် ပယောဂ သမ္ပတ္တိ တို့ကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ယူကြပါကုန်စို့။ ။
“အကုသလ၊ ကုသလ၏၊ ကမ္မဿကာ၊ လက္ခဏာကို၊ မြဲစွာဝမ်းတွင်း နှလုံးသွင်းလော့၊ မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား၊ ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏။ အယူမယွင်း၊ ဆောက်တည်ခြင်းဖြင့်၊ ကံရင်းမူလ၊ ၀ီရိယနှင့်၊ ဉာဏထောက်ကူ၊
ထိုသည့်သူမှာ၊ လူတွင်လူလွန်၊ လွှားတံခွန်သို့၊ လူမွန်တစ်ယောက်၊ တစ်-ခေါ်လောက်အောင်၊ ခါရောက်ချိန်ဆုံး၊
တုမဲ့နှုန်း၍၊ ရွှေဘုန်းမော်ရမည်ကိုကား။ ။”
ကုသိုလ်ကံ အကုသိုလ်ကံတို့၏ သဘေတရားကို နားလည်ပြီး၊ “မကောင်းလည်းကံ ကောင်းလည်းကံ” ဟု ကံကိုချည်းသာ အားကိုးကာ ထိုင်စောင်မနေဘဲ၊ ကိုယ့်ကိုယ်ကို တကယ်ချစ်သောသူဖြစ်အောင် ကံ၊ ဉာဏ်၊ ၀ီရိယတို့ဖြင့် ကြိုးစားလျှင် ဤဇမ္ဗူတစ်လျှားမှာ ရှာမှရှားသည့် လူချွန်လူမွန် ဧကန်ပင်ဖြစ်နိုင်ပါကြောင်း မိမိတို့မြန်မာလူမျိုးများ တိုးတတ်ပါစေရန် ဇာတိမာန်ဖြင့် နှိုးဆော်တိုက်တွန်းလိုက်ရပါသည်။ ။
အရှင်ဥက္ကံသ သာသနတက္ကသီလ မဟာဓမ္မာစရိယ M.A.(Buddhism)
ကျမ်းကိုး။။ အံ၊ ဋ္ဌ၊ ၁၁၂၊ ၁၁၃။ အဘိ၊ ၂၊ ပါ၊ ၃၅၁။ ဋ္ဌ၊ ၄၂၁။ ဓမ္မပဒ၊ ဋ္ဌ၊ ၁၄၇။ ဇာတက၊ ပါ၊ ၂၊ ၆၆။ ဋ္ဌ၊ ၅၊ ၂၉၇။ ၃၀၆။
မာန်လည်ဆရာတော်၊ မဃဒေ၀၊ ၂၁၆။
အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာ၊ ၁၈၀။
ms

No comments:

Post a Comment