Friday, September 13, 2013

သံသရာ အတွက် ရေချိုဆောင် (သို့) ပူ နှင့် လူ



ပင်လယ်ထဲက ရေတွေဟာ အလွန်များပြားကြပေမယ့် သူချည်း သက်သက်မဟုတ်ဘူး။ ရေရှိသလောက် ဆားရှိတယ်၊ ရေနဲ့ထပ်တူ ဆားပါဝင်နေပါတယ်၊ ဒါ့ကြောင့် ငန်လွန်းလို့ သောက်သုံးလို့ မဖြစ်ပါဘူး။ 

ဒါမျိုးလိုပဲ လူမှာရှိနေတဲ့ သက်မဲ့သက်ရှိအားလုံးဟာ သူတို့ချည်း သက်သက်ရှိ နေကြတာ မဟုတ်ဘူး။ သူတို့ ရှိသလောက် အပူရှိနေတယ်။ အရှိနဲ့ ထပ်တူ အပူပါဝင်နေတယ်၊ ဒါ့ကြောင့် ဘာပဲရှိရှိ ရှိရုံနဲ့တော့ မငြိမ်းချမ်းပါဘူး၊ အသိက မှီအောင်လိုက်ပေးမှပဲ ငြိမ်းချမ်းပျော်ရွှင်နိုင် ကြမှာပါ။ 

ရေပေါတဲ့ပင်လယ်ထဲ သင်္ဘောနဲ့ ခရီးသွားကြတဲ့အခါ သောက်သုံးဖို့ရေချိုရေကောင်း ယူဆောင်သွားရသလို လောကထဲမှာ ပစ္စည်းရှာရင်းစားဝတ်နေရေး စီးပွါးရေး လူမှုရေးတွေ လုပ်ကြတော့လဲ ငြိမ်းချမ်းစွာ သောက်သုံးဖို့တရားရေကို ယူဆောင်ကြရပါတယ်။ 

လူ့အပူအားလုံးကို စုပ်ထုတ်ပစ်နိုင်တာက တရား ၁-မျိုး ထဲရှိတာ ဖြစ်လို့ဒုက္ခထုပ်ဖြစ်တဲ့ ပစ္စည်းဥစ္စာတွေကို ချမ်းသာအဖြစ် စစ်ထုတ်ပေးဖို့ တရားဆိုတာရှိအောင် လုပ်ရပါတယ်။ 

ပင်လယ်ရေကို စနစ်တကျခပ်ယူပြီး ဆားချက်ရင် အဖိုးတန် လူသုံးဆား ရရှိနိုင်သလို လူ့ပစ္စည်းတွေကိုလဲ အဖိုးတန် တရားတွေ ဖြစ်သွားအောင် ချက်ပေးဖို့လိုမှာပါပဲ။ 

တရားမပါရင် အပူနဲ့ချည်းနေရမှာဖြစ်လို့ "လူ" မဖြစ်တော့ပဲ "ပူ" ပဲဖြစ်နေတော့မှာပါ။ တရားနဲ့ အညွန့် တလူလူ လွှင့်ထူနိုင်မှ "လူ" ဖြစ်ခွင့် ရမှာဖြစ်ပါတယ်။

စွမ်းအားမပါ၊ အသိကွာ၊ နစ်နာ"ပူ" ဟုမှတ်။
မရှိလဲပူ၊ ရှိလဲပူ၊ အပူတိုး၍ အနေကျပ်။
စွမ်းအားပြည့်ကာ၊ အသိပါ၊ မြတ်တာ "လူ" ဟု မှတ်။
မရှိလဲအေး၊ ရှိလဲအေး၊ အအေးစုံ၍ အနေမြတ်။
အညွန့်ကိုထူ၊ တလူလူ၊ အပူငြိမ်း၍ ဒုက္ခလွတ်။
စိတ်ကောင်းထားက၊ လူ့ဘဝ၊ မုချရကျိုးနပ်။ 

(တိပိဋကယောဆရာတော်)
  ......................................................................
the eXistence မှ
အရှင်သိရိန္ဒ္ဒာဘိဝံသ ( တိပိဋကယောဆရာတော် ) 
 ရေးသားပြုစုထားသော "လူ၏စွမ်းအား မြတ်တရား" 
(စာမျက်နှာ -
၁၇ ) စာအုပ်မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment