ဗုဒ္ဓသည်
သဗ္ဗညုတရွှေဉာဏ်တော်ရှင်ဖြစ် ပါလျက်နှင့် ဝိနည်းသိက္ခာပုဒ်တို့ကို တကြိမ်တည်းနှင့် အားလုံးအပြီး အဘယ့်ကြောင့် မပညတ်
မပြဋ္ဌာန်းတော် မူပါသနည်း။
(မေးမြန်းလျှောက်ထားသူ - မစ္စတာ ဘာသာဆဟစ်၊ ဖန်ဆီ သိုးမွေးစက်ပိုင်ရှင်၊ မာလဘာကုန်းမြင့်၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
(မေးမြန်းလျှောက်ထားသူ - မစ္စတာ ဘာသာဆဟစ်၊ ဖန်ဆီ သိုးမွေးစက်ပိုင်ရှင်၊ မာလဘာကုန်းမြင့်၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)
ဆရာတော်အရှင်အရိယဓမ္မ။ အလုံးစုံသောတရားတို့ရဲ့ အတိတ်ကဖြစ်စဉ်၊ ပစ္စုပ္ပန်အခြေအနေ၊ အနာဂတ်တွင်ဖြစ်မည့် အလားအလာ စတဲ့ အချက်အလက်တို့ကို အကြွင်းမဲ့ သိမြင်တော်မူတဲ့ အတုမရှိရွှေဉာဏ်တော်ကြီးလှတဲ့ ဗုဒ္ဓ ကိုယ်တော်မြတ်ဟာ ကိုးကုဋေမျှသော ဝိနည်းသိက္ခာပုဒ်တို့ကို တချိန်တည်း၊ တခါတည်းနဲ့
ပြဋ္ဌာန်းလိုက်မယ်ဆိုရင်ဘယ်လိုအကျိုးတရားမျိုး ပေါ်ထွက်လာမယ်ဆိုတာကို
ကောင်းစွာသိမြင်ထားတော်မူတဲ့အတွက် ဒီ
ဝိနည်းသိက္ခာပုဒ်
ကြီးငယ်တို့ကို အကြောင်းမဲ့ မပြဋ္ဌာန်း မသတ်မှတ်ဘဲ
ထားခဲ့ခြင်းဖြစ်တယ်။ အခါအားလျော်စွာ အရေးကိစ္စပေါ်ပေါက်
လာမှသာ သက်ဆိုင်ရာ ပြစ်မှုကိုကျူးလွန်တဲ့ ရဟန်းတပါးပါးကိုဝေဖန်ဆုံးမပြီး နောက်နောင် သံဃာတဖွဲ့လုံး အလားတူ ပြစ်မှုကို မကျူးလွန်မိအောင်သာ ဝိနည်းသိက္ခာပုဒ်ကို
သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့တယ် ဒကာကြီး။
ဖန်ဆီ။ ဝိနည်းသိက္ခာပုဒ်အားလုံးကို တခါတည်းနှင့် အပြီးသတ် ပြဋ္ဌာန်းလိုက်တဲ့အတွက် မလိုလားအပ်တဲ့၊ အကျိုးမဲ့တဲ့ အဖြစ်မျိုးကို ဖြစ်စေလိမ့်မယ် ဆိုတဲ့စကားကို တပည့်တော် မရှင်းလင်းဘဲ ဖြစ်နေပါတယ် ဆရာတော်။ တပည့်တော် နားလည်သဘောပေါက်အောင် ရှင်းတော်မူပါဦး။
ဆရာတော်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒကာကြီးကို ဦးပဉ္ဇင်းပြန်ပြီးမေးရဦးမယ်။ ဦးပဉ္ဇင်းမေးတဲ့မေးခွန်းတွေကို ဖြေကြားရင်းနဲ့ပဲ ဒကာကြီး မရှင်းတဲ့အချက်တွေဟာ ရှင်းလင်းသွားပါလိမ့်မယ်။
(ဤသို့ပြောပြီးနောက် ဆရာတော်က)
ဒကာကြီးတို့မှာ ဘုံဘိုင်မြို့ စက်ရုံပိုင်ရှင်များအဖွဲ့ ဆိုတဲ့ အဖွဲ့ရှိတယ် မဟုတ်လား။
ဖန်ဆီ။ မှန်ပါ ဆရာတော်။ တပည့်တော်တို့မှာ စက်ရုံပိုင်ရှင်များအဖွဲ့ ရှိပါတယ်။ တပည့်တော်ဟာ ဒီအဖွဲ့မှာ အဖွဲ့ဝင် တယောက်ဖြစ်ပါတယ်။
ဆရာတော်။ အရေးကိစ္စပေါ်ပေါက်လာတဲ့အခါ မကြာခဏဆိုသလို ဒကာကြီးတို့အဖွဲ့က စည်းမျဉ်းဥပဒေသစ်တွေ ကို သတ်မှတ်ပြဋ္ဌာန်းတယ် မဟုတ်လား။
ဖန်ဆီ။ မှန်ပါ၊ အရေးကိစ္စပေါ်တိုင်း စည်းမျဉ်းဥပဒေသစ်တွေကို သတ်မှတ်ပြဋ္ဌာန်းရပါတယ် ဆရာတော်။
ဆရာတော်။ ဒကာကြီးတို့အဖွဲ့မှာ ဥပဒေစည်းကမ်း (၇၀)ကျော် (၈၀)လောက် ရှိတယ်မဟုတ်လား။
ဖန်ဆီ။ စည်းကမ်းဥပဒေ (၈၀)လောက်ရှိပါတယ် ဆရာတော်။
ဆရာတော်။ ဒီ (၇၀)ကျော် (၈၀) လောက်ရှိတဲ့ စည်းကမ်းဥပဒေကို ဒကာကြီးတို့ အသင်း ထူထောင်စကတည်း က အကုန်လုံး ဘာအရေး ဘာကိစ္စမျှ မပေါ်ဘဲနဲ့ သတ်မှတ်ပစ်လိုက်တယ်ဆိုရင် ဒကာကြီးတို့အသင်းမှာ အသင်းသား ဦးရေဟာ နည်းမယ်ထင်သလား၊ များမယ်ထင်သလား။
ဖန်ဆီ။ စည်းကမ်းဥပဒေ (၈၀)လောက်ကို တကြိမ်တည်း တခါတည်းနဲ့ အသင်းဖွဲ့ဖွဲ့ချင်း သတ်မှတ်ပြဋ္ဌာန်းလိုက်မယ် ဆိုရင် တပည့်တော်တို့အသင်းထဲ ဘယ်သူမှ ဝင်မယ် မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။ အဲ ဒကာကြီးတို့ရဲ့ (၈၀)လောက်ရှိတဲ့ စည်းကမ်းဥပဒေတွေကို တခါတည်းနဲ့ အကုန်လုံးပြဋ္ဌာန်းလိုက် ရင် အသင်းသားတယောက်မှ ရှိမှာမဟုတ်ဘူးဆိုတော့ (၉)ကုဋေလောက်ရှိတဲ့ ဝိနည်းသိက္ခာပုဒ်တွေကို တကြိမ်တည်း၊ တခါတည်းနဲ့ အပြီးပြဋ္ဌာန်းလိုက်မယ်ဆိုရင် ဗုဒ္ဓရဲ့သာသနာ့ဘောင် အတွင်းကို ဝင်မယ့်လူ ရှိပါဦးမလား။ ဒီလိုဖြစ်ပေါ် လာမယ့် အကျိုးတရားကို ကြိုတင်သိမြင်ထားတဲ့အတွက် ဗုဒ္ဓက ဒီလောက်များပြားလှတဲ့ ဝိနည်းသိက္ခာပုဒ်တွေကို တခါတည်းနဲ့ အပြီး မပြဋ္ဌာန်းတာ ဖြစ်တယ် ဒကာကြီး။ ဒီလောက်နဲ့ပဲ ဒကာကြီး ရှင်းလင်းသဘောပေါက် နားလည်သွား ပြီလို့ ဦးပဉ္ဇင်းကတော့ ယူဆမိတယ်။
ဖန်ဆီ။ မှန်ပါ၊ အရှင်ဘုရားပေးတဲ့ ဥပမာနဲ့ပဲ ဒီပြဿနာကို တပည့်တော် ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက် သွားပါပြီ ဘုရား။
ဤတွင် တရားနာပရိဿတ်က သာဓုအနုမောဒနာ ခေါ်ကြလေသည်။
................................................
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment