ရန်ကုန်မြို့မှ ဂဏန်းပေးသော ဆရာတော်ထံတွင် ဗုဒ္ဓဘာသာ ၀င်များ၏ လှူဒါန်းငွေ သိန်းပေါင်းလေးသောင်းကျော်ရှိ၏။ ထိုငွေများသည်
လောကအတွက် သာသနာအတွက် ဘာမျှ အကျိုးမရှိဘဲ အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ
စောင့်ရှောက်ရေးကျောင်းများတွင် လှူဒါန်းသူ နည်းပါး လှသဖြင့် ကလေးငယ်များမှာ မ၀ရေစာစား နေကြရ၏။
ယနေ့အချိန်တွင် ဗုဒ္ဓဘာသာမှ အမြင်ကျယ်သော ရဟန်းတော်များ သီလရှင်များသည် ပရဟိတကျောင်းများ တည်ထောင်ပြီး တောင်ပေါ်ဒေသ နှင့်တကွ
အနယ်နယ် အရပ်ရပ်မှ မိဘမဲ့ကလေးများကို ထိန်းသိမ်း စောင့်ရှောက် ပညာသင်ပေးနေကြ၏။ ထိုကဲ့သို့ လက်ခံစောင့်ရှောက်သူ မရှိပါက ဗုဒ္ဓဘာသာ
ကလေးငယ်များသည် ဘာသာခြားဘ၀သို့ ရောက်ကြရမည် ဖြစ်၏။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များသည် မိမိတို့ ဗုဒ္ဓဘာသာဝင် ကလေးများ တခြားဘာသာထဲ မရောက်ရန်အတွက် မိဘမဲ့ ပရဟိတကျောင်းများ
ဆင်းရဲ နွမ်းပါး ဒုက္ခရောက်နေသူများကို အဓိကထားပြီး လှူဒါန်းကြရမည် ဖြစ်၏။
မြစ်ကြီးနားမြို့မှ ဖြစ်ရပ်ကလေးတစ်ခုကလည်း ဗုဒ္ဓဘာသာဝင် များအနေဖြင့် လှူမှုရေးအလှူကို အဓိကထားဖို့ သင့်နေပြီဖြစ်ကြောင်း
မီးမောင်း ထိုးပြလျက်ရှိ၏။ ပန်းဒကာ ကိုတင်မြင့်၏ ဟောပြောပြသမှုကြောင့် ဘာသာ ခြားအမျိုးသမီးကြီး တစ်ဦးသည် သားနှစ်ယောက်နှင့်အတူ
ဗုဒ္ဓဘာသာထဲ ၀င်ရောက်လာ၏။ ဗုဒ္ဓဘာသာဝင် ဖြစ်သွားသည်နှင့် ယခင်ဘာသာမှ ထောက်ပံ့မှုများ ရုတ်သိမ်းသွားသဖြင့် အမျိုးသမီးကြီးနှင့်
သားနှစ်ယောက်တို့မှာ အတော် ဒုက္ခရောက်ရှာ၏။ အမျိုးသမီးကြီးမှာ အသက်ကြီးပြီ ဖြစ်သဖြင့် စီးပွားရေးကို ဦးဆောင် မလုပ်နိုင်တော့ပေ။
သားနှစ်ယောက်ကသာ ကြိုးစားလုပ်ဆောင် နေရ၏။ တိုက်ဆိုင်မှုဟု ဆိုရပေမည်။ ဘာသာပြောင်းပြီးမှ စီးပွားရေးက ထိုးကျလာ၏။
ယခင်ဘာသာကဲ့သို့ ဆင်းရဲသားများကို ဗုဒ္ဓဘာသာမှ ကူညီထောက် ပံ့မှု ပေးမည်ဟု ထင်ထားမိကြ၏။ သို့သော် ထိုကဲ့သို့
လူမှုရေးကူညီမှုအသင်း မျိုးမရှိဟု ဆိုသောအခါ သူတို့မှာ တော်တော် အံ့သြကြ၏။ သူတို့၏ ဒုက္ခကို ကူညီသူဟူ၍ ပန်းဒကာကိုတင်မြင့်
တစ်ယောက်သာရှိ၏။
စားဝတ်နေရေး ဒုက္ခမျိုးစုံ ခံစားရင်းပင် ဗုဒ္ဓဘာသာကို စွဲမြဲဆုပ်ကိုင် ရင်း၊ ယင်းအမျိုးသမီးကြီး ကွယ်လွန်သွား၏။ ကွယ်လွန်ချိန်တွင်လည်း
ဗုဒ္ဓဘာသာဘက်မှ ကူညီသူဟူ၍ ပန်းဒကာကိုတင်မြင့် တစ်ယောက်တည်း သာ။ ထိုအချိန်တွင် အုပ်စုလိုက် လာရောက်ကူညီသော အဖွဲ့ကား ဘာသာ
ခြားများပင်ဖြစ်၏။
မိခင်ကြီး၏ သင်္ဂြိုဟ်ခြင်းကိစ္စ ပြီးဆုံးသောအခါ ကျန်ရစ်သူသား နှစ်ယောက်က ဗုဒ္ဓရုပ်ပွား ဆင်းတုကလေးကို ပန်းဒကာ၏လက်ထဲ
ပြန်အပ်ကာ အရင်ဘာသာသို့ ပြန်ပြောင်းသွား၏။ ဗုဒ္ဓရုပ်ပွားကို ပြန်အပ်ရင်း သူတို့ပြောခဲ့ သောစကားက -““ ဦးလေးတို့၊ ဗုဒ္ဓဘာသာဟာ အခြားဘာသာတွေထက် မြင့်မြတ် သာလွန်တယ်ဆိုတာ မှန်တယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာ အများစုဟာ ဗုဒ္ဓရဲ့
စကားကို တကယ်လိုက်နာတာ ရှားပါတယ်၊ ကျွန်တော်တို့ဟာ အရင် ဘာသာက ဆွေမျိုးအသိုင်းအ၀ိုင်းတွေ၊ အရင်ဘာသာက အထောက် အပံ့တွေကို
စွန့်ပစ်ပြီး ဗုဒ္ဓဘာသာရဲ့ အရိပ်မှာလာပြီး ခိုလှုံကြတာပါ၊ ဒါပေမယ့် ကျွန်တော်တို့ကို အားပေးကူညီသူဆိုလို့ ဦးလေးတစ်ယောက်ပဲ ရှိတယ်၊ နေပူထဲက
ချွေးသန်တရွှဲရွှဲနဲ့ နေရိပ်ထဲဝင်လာသူကို လက်ကမ်း ကြိုဆိုသူ တစ်ယောက်၊ ဖနောင့်နဲ့ ဆီးပေါက်သူက တစ်ရာလောက် ဖြစ်နေ ပါတယ်၊ မွေးနေ့ပွဲ၊ ရှင်ပြုပွဲမှာ ဇာတ်ပွဲဆိုင်းပွဲကို ဆယ်သိန်းလောက် အကုန်ခံ တဲ့ အလှူရှင်ဟာ၊ ဗုဒ္ဓဘာသာထဲက ဒုက္ခရောက်နေသူ တစ်ယောက်အတွက်
အရင်းအနှီးတစ်သိန်း တောင် ထုတ်မပေးရဲပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓကို ကြည်ညိုတယ်၊ လေးစားတယ်၊ အားကိုး တယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်
အများစုကိုတော့ ကြည်ညိုလေးစားလို့ မရလို့ အရင်ဘာသာကို ပြန်ပြောင်းတာပါ””ဟူ၏။
ဤအချက်ကို ထောက်၍ ဗုဒ္ဓဘာသာ အများစုသည် မည်သည့် ကောင်းကျိုးမျှ မရနိုင်သည့် ပကာသနဒါနများကို လျှော့၍ လူမှုရေးဒါနများကို ဦးစားပေးသင့်ကြပြီဖြစ်၏။
(အရှင်ဇ၀န)၏ မေတ္တာဖြင့်စီးပွားရှာခြင်းမှတင်ပြသည်။
No comments:
Post a Comment