အနာထပိဏ်သူဌေး။ ။ သာဝတ္ထိမြို့၌နေသော အနာထပိဏ်သူဌေးနှင့် ရာဇဂြိုလ်မြို့၌နေသော သူဌေးတို့သည် သမီးယောက်ဖ ဖြစ်၍ကူးသန်းရောင်းဝယ်ရင်း အမြဲဆက်ဆံနေကြ၏။ ဗုဒ္ဓမြတ်စွာသည်
ရာဇဂြိုလ်မြို့၌ ပဌမအကြိမ် သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည် လှည်းပေါင်းများစွာဖြင့် ကုန်ရောင်းလာ၏။
ထိုသူဌေးနှစ်ယောက်တို့သည် မိမိမြို့သို့လာသောအခါ မြို့ခံသူဌေးက ခရီးဦးကြို
ပြုလေ့ရှိ၏။ ထိုနေ့၌ကား ရာဇဂြိုလ်သူဌေးသည် ဗုဒ္ဓအမှူးရှိသော သံဃာတော်များအား ဆွမ်းကပ်ဖို့ရန်ကိစ္စရှိ၍ ခရီးဦးကြိုမပြုနိုင်ဘဲ အသင့်အတင့်နှုတ်ဆက်ပြီးလျှင် အလုပ်သမားများကို နက်ဖြန် စောစောထ၍
ချက်ပြုတ်ဘို့ရန် စီမံနေလေသည်။
ဗုဒ္ဓဟူသောစကားသံ။ ။ ရာဇဂြိုလ်သူဌေးသည် စီမံဖွယ်ကိစ္စများပြီးစီး၍ အတော်မိုးချုပ်မှ အနာထပိဏ်သူဌေးထံ လာသောအခါ အနာထပိဏ်သူဌေးသည် အလုပ်ကိစ္စများရခြင်းအကြောင်းကိုမေး၏။
ထိုအခါ နက်ဖြန်နံနက်၌ ဗုဒ္ဓအမှူးရှိသော သံဃာတော်များကို ဆွမ်းကပ်ဖို့ကိစ္စရှိ၍ စီမံနေရကြောင်းကို ပြောလေသော် "ဗုဒ္ဓ" ဟူသောအသံကိုကြားရ၍ အနာထပိဏ်သူဌေး၏ တစ်ကိုယ်လုံးပီတိတွေ
စိမ့်လာလေသည်။ ထို့ကြောင့် မေ့သလိုဖြစ်သွားရကား "သူဌေးကြီး...... ဗုဒ္ဓလို့ပြောလိုက်ပါသလား" ဟုထပ်မေးပြန်၏။ ဗုဒ္ဓဟူသောအဖြေစကားကြောင့် ပီတိတွေထပ်၍စိမ့်ရကား ၃ကြိမ်တိုင်အောင်
ထပ်၍ထပ်၍မေးလေသည်။
ဓာတ်ခိုက်မှု။ ။ ဤလောက၌ ဓာတ်ခိုက်မှုသည်အလွန်ဆန်းကြယ်၏။ လောကီကိစ္စ၌သော်မှ မြင်ရုံကြားရုံမျှဖြင့် ဓာတ်ခိုက်မှုကြောင့် ကြက်သီးထလောက်အောင် ပီတိဖြစ်သေး၏။ အနာထပိဏ်သူဌေးကား
ဗုဒ္ဓမြတ်စွာ၏ ကျောင်းဒကာဖြစ်ဖို့ရန် ကမ္ဘာတစ်သိန်းအထက်က ပဒုမုတ္တိုရ်ဗုဒ္ဓထံတော်ဝယ် ဆုပန်ခဲ့သော ကျောင်းဒကာအလောင်းဖြစ်၏။ ထို့ကြောင့် "ဗုဒ္ဓ" ဟူသောအသံသည်ပင် အလွန်နာခံလို့ အရသာ
ရှိလောက်အောင် ဓာတ်ခိုက်ရကား ပီတိအတွေ့ဖြင့် မေ့သလိုဖြစ်ကာ ၃ ကြိမ်တိုင်အောင် ထပ်၍မေးရပါသည်။
ပီတိကြောင့်ကိုယ်ရောင်ထွက်ခြင်း။ ။ ထိုဗုဒ္ဓအကြောင်းကိုကြားရ၍ချက်ချင်းပင် ဗုဒ္ဓအထံတော်သို့ သွားလိုပါသော်လည်းမိုးချုပ်ပြီးဖြစ်၍မသွားသင့်ကြောင်းကို ပြောသော ရာဇဂြိုလ်သူဌေး၏ စကားကြောင့်
အိပ်ရာဝင်ရလေသည်။ သို့သော် ဗုဒ္ဓ အာရုံတော်ကစိတ်ထဲ၌စွဲနေသောကြောင့် ကောင်းကောင်းအိပ်၍မပျော်သည့်အပြင် ဗုဒ္ဓကိုအာရုံပြုသောပီတိကြောင့် မိမိကိုယ်မှအရောင်တွေထွက်၍လာရကား
လင်းပြီဟု ထင်ကာ ၃ကြိမ်တိုင်အောင် ထ၍ လကိုကြည့်မိလေသည်။
ဗုဒ္ဓအထံတော်သို့သွားခြင်း။ ။ နောက်ဆုံးကြည့်ရာ၌ကား အလင်းရောက်မည့်မိုးသောက်အချိန်ဖြစ်၍ အနည်းငယ်မှောင်သေးသော်လည်း မိမိကိုယ်ရောင်ဖြင့် "ကောင်းကောင်းလင်းပြီ“ ဟုထင်ကာ
နတ်တို့ဖွင့်ထားအပ်သော ဘုံခုနစ်ဆင့်ပြသာဒ်၏ တံခါးခုနစ်ပေါက်ကိုလွန်မြောက်၍ လမ်းမသို့ရောက်လာ၏။ ထို့နောက် အစဉ်အတိုင်းသွား၍ နတ်တို့ဖွင့်အပ်သော မြို့တံခါးမှ ထွက်လိုက်မိလျှင်ပင်
ညဥ့်အချိန် သေ၍ ချက်ချင်းမြို့ရိုးပေါ်၌ အပြင်ဘက်သို့ပစ်ချထားသော လူသေကောင်တို့ကို တိုက်မိသောကြောင့် ကြောက်စိတ်ဝင်ကာ ပီတိတို့ပျောက်၍ အမှောင်ရောက်လာလေသည်။
ပြန်ဦးမည်ဟုကြံခြင်း။ ။ ထိုအခါ ကြောက်သောကြောင့် ရှေ့မတိုးဝံ၍ "ပြန်လှည့်ဦးမည်။" ဟု အကြံဖြစ်လျှင်ပင် သင်္ချိုင်း၌နေ၍ တရားရပြီးသော နတ်က "ဆင်တစ်သိန်း၊ မြင်းတစ်သိန်း အဿတိုရ်မြင်း ကအပ်သော
ရထားတစ်သိန်း ဆင်ပြင်ထားသော သတို့သမီးကညာ တစ်သိန်း ဆိုတဲ့ရလာဘ်တွေကို ဗုဒ္ဓကိုအဖူးသွား၍ တရားရမည့်သူအတွက် ရအပ်သော တရားထူးလာဘ်နှင့် နှိုင်းစားလျှင် နှစ်ရာ့ငါးဆယ် ခြောက်ပုံပုံ၍ တစ်ပုံလောက်
မျှ အဖိုးမတန်ပါ၊ အိုသူဌေးကြီး ရှေ့သို့သွားပါ ၊နောက်ပြန်လှည့်ဖို့မကြံပါနှင့် " ဟုအားပေးလေသည်။
ဗုဒ္ဓအထံတော်သို့ရောက်ခြင်း။ ။ ဤသို့နတ်ကအားပေးလိုက်သောအခါ ကြောက်စိတ်များပျောက်၍ ဗုဒ္ဓအာရုံရောက်မြဲရောက်ရကား ကိုယ်၏အရောင်လည်းတောက်မြဲတောက်လာပြန်၏။ ထို့နောက် လူသေကောင်တွေကို
နင်းမိပြန်၍ ကြောက်ရပြန်ကား ကိုယ်ရောင်လည်းပျောက်ပြန်၏။ ထိုအခါ နတ်ကအားပေးပြန်သောကြောင့် အကြောက်လည်းပျောက်ကိုယ်ရောင်လည်းတောက်ပြန်၏။ ဤသို့ ၃ကြိမ်တိုင်အောင်ဖြစ်ပြီးမှ ဗုဒ္ဓအနီးသို့ရောက်လေသည်။
သောတပန်ကျောင်းဒကာဖြစ်ခြင်း။ ။ ဗုဒ္ဓမြတ်စွာ၏ မနီးမဝေးသို့ရောက်လျှင် "အများသိဖြစ်နေသော အနာထပိဏ် နာမည်ကိုမခေါ်ဘဲ မည်သူမျှမသိအပ်သော ငယ်နာမည်ခေါ်လျှင် ကောင်းလေစွ" အကြံဖြစ်တုန်းမှာပင်
ဗုဒ္ဓမြတ်စွာက "သုဒတ္တ.... လာခဲ့လော" ဟုခေါ်တော်မူလေရာ အလွန်ဝမ်းမြောက်စွာဖြင့် "ဗုဒ္ဓအစစ်ပါပဲ" ဟုဆုံးဖြတ်၍ ခြေတော်တို့ကို မြတ်မြတ်နိုးနိုး ရှိခိုးဦးတိုက်လေသည်။ ထို့နောက် ဗုဒ္ဓမြတ်စွာသည် သူဌေးနှင့် လျော်သော
တရားကို ဟောတော်မူ၍ ထိုနေရာ၌ သောတပန်ဖြစ်ရပေသည်။ ထို့နောက် ရာဇဂြိုလ်သူဌေး အိမ်၌ပင် ဆွမ်းဘုဉ်းပေးဘို့ ပင့်ကာ ဆွမ်းဘုဉ်းပေးအပြီးမှာ သာဝတ္တိမြို့သို့ကြွရန် ပင့်လျှောက်၍ ဇေတဝန်ကျောင်းတိုက်ကြီး
တည်ဆောက်ကိုးကွယ်သော ဧတဒဂ်ရကျောင်းဒါယကာကြီးဖြစ်လေသည်။
တိုက်တွန်းချက်။ ။ ဤဝတ္ထုကို သတိပြုသင့်၏ သူဌေးကြီးစိတ်၌ ဗုဒ္ဓမြတ်စွာ ထင်လာထင်လာတိုင်း ပီတိစိမ့်ကာ သဒ္ဒါအား ပညာအား စိတ်အား ထက်သန်လာသလောက် ကြောက်စိတ်တွေပျောက်၍ ရဲစိတ်တွေ ပေါ်ပေါက်လာသကဲ့သို့ ဗုဒ္ဓမြတ်စွာကိုအာရုံပြု၍ ဘုရားရှိခိုးသူတို့လည်း သက်တော်ထင်ရှားမြတ်ဘုရားကို စိတ်ထဲ၌ပေါ်လာအောင် အာရုံပြု၍ ရှိခိုးကြပါ။ ထိုသို့ရှိခိုးလော့ရှိသည်သူ မကြာမကြာပီတိဖြစ်၍ အတော်ကြာလျှင် ဗုဒ္ဓအာရုံ
အထုံရသဖြင့် မကြာမကြာ သက်တော်ထင်ရှားမြတ်ဘုရားကို ဖူးနေရသလိုဖြစ်ပါလိမ့်မည်။ ထိုအခါပီတိတွေဖြာလျက် သဒ္ဒါအား ပညာအား စိတ်အားတွေ တိုးသလောက် ကြောက်စိတ်တွေပျောက်ကာ ရဲစိတ်တွေပေါ်လာလိမ့်မည်။
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးအရှင်ဇနကာဘိဝံသရေးသားတော်မူသောဗုဒ္ဓနုဿတိဘာဝနာစာအုပ်မှတဆင့်တင်ပြသည်)
(MK)
No comments:
Post a Comment