စာရေးသူ ဒီပို့စ်လေးကို တင်ပြလိုက်ရသော အကြောင်းကတော့
ဗုဒ္ဓဘာသာဝင် အပေါင်းတို့ စဉ်စားဝေဖန် နိုင်အောင်နှင့် ဗဟုသုတ ရပါစေခြင်း
အလို့ငှာ သီရိလင်္ကာနိုင်ငံ ကလနိယ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပေးနေသော
အနောက်တိုင်း ပါဠိပါရဂူ ဆရာများ၏ ဗုဒ္ဓဘာသာအပေါ်တွင် ဝေဖန်နှိုင်းယှဉ်
သုံးသက် ချက်များကို
သင်ကြားခဲ့ရ၍ သိခဲ့ရသော
ဗုဒ္ဓဘာသာ အကြောင်းတရားများနင့် စာရေးဆရာ ဦးအေးမောင် ရေးသေားထားသော
ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ထဲမှ အချက်အလက် များကိုပေါင်းစုကာ စာဖတ်သူများ
မျက်မှောက်သို့ တင်ပြလိုက်ပါသည်။ စာဖတ်ပရိတ်သတ်အားလုံး
ကိုယ်ပိုင်ဥာဏ်အစွမ်းဖြင့် ဝေဖန်စဉ်စား နိုင်ကြပါစေ..........
မြန်မာနိုင်ငံသည် ဗုဒ္ဓဝါဒထွန်းကားသော နိုင်ငံဖြစ်၍
မြန်မာတို့သည် အများအားဖြင့် ဗုဒ္ဓဝါဒကို ယုံကြည် ကိုးကွယ်ကြပါသည်။
ဗုဒ္ဓဝါဒကို မြန်မာတို့ ယုံကြည် ကိုးကွယ်ကြခြင်းမှာ ပဓနအားဖြင့်
မျိုးရိုးစဉ်ဆက် ဗုဒ္ဓဝါဒီ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဖြစ်ခဲ့ကြသောကြောင့်
ဖြစ်ပါသည်။ ဗုဒ္ဓဝါဒကို ပညာဥာဏ်ဖြင့် ဆင်ခြင်သုံးသပ်ပြီးမှ နှစ်သက်ကျေနပ်၍
လက်ခံယုံကြည်ကြသော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများမှာ အလွန်နည်းပါးလှပါသည်။
သို့ရာတွင် ကမ္ဘာပေါ်ရှိ ဘာသာ အယူဝါဒများတွင် မည်သည့် ဘာသာဝါဒသည်
စဉ်စားဝေဖန်မှုကို အများဆုံး အားပေးပါသနည်း၊ မည်သည့် ဘာသာတရားသည် လူတို့အား
အစစအရာရာ စဉ်စားဆင်ခြင်ပြီးမှ လက်ခံယုံကြည်ရန် အများဆုံး
ဟောကြားခဲ့ပါသနည်းဟု မေးလျှင် ဗုဒ္ဓဝါဒကို ညွန်ပြရပါလိမ့်မည်။
ဗုဒ္ဓဝါဒသည် "ပစ္စတ္တံဝေဒိတဗ္ဗော" ဟူသော
တရားတော်၏ဂုဏ်နှင့်အညီ မိမိပညာဥာဏ်ဖြင့် ဆင်ခြင် သုံးသပ်ပြီးမှ
လက်ခံယုံကြည်ရမည့် ဝါဒဖြစ်၏၊ အဂုင်္တ္တရနိကာယ်၌ ဗုဒ္ဓသည် ကာလာမ
အမျိုးသားတို့အား အကြင်စကားသည် ရှေးအစဉ်အလာစကား ဖြစ်သောကြောင့်သော်၎င်း၊
မိမိတို့ နှစ်သက်ကျေနပ်သောကြောင့်၎င်း၊ မိမိတို့ကြည်ညိုလေးစားသော ဆရာ ရဟန်း
ပုဏ္ဏားတို့၏ စကားဖြစ်သောကြောင့်သော်၎င်း၊ ထိုစကားကို မျက်စိမှိတ်၍
လက်ခံခြင်းမပြုဘဲ အကောင်းအဆိုး အကျိုးအပြစ် ဝေဖန်စိစစ်ပြီးမှ
လက်ခံယုံကြည်ကြရန် ဟောတော်မူခဲ့ပါသည်။
ဘဒ္ဒိယမင်းသားအားလည်း ထိုနည်းနှင့်
ဖြင့်သာဟောတော်မူခဲ့ပါသည်။ (အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ဘဒ္ဒိယလိစ္ဆဝီသုတ်)။
အမှန်ဆိုသော ဗုဒ္ဓသည် တပည့်ရဟန်းတို့က မိမိအားကြည်ညိုသောကြောင့် မိမိတရားကို
လက်ခံယုံကြည်ခြင်းကို မလိုလားချေ။ "ရဟန်းတို့၊ သင်တို့သည် ငါဘုရားအား
ကြည်ညိုလေးစား၍ ငါဘုရား၏ စကားကို လက်ခံယုံကြည်ခြင်းသည်က မသင့်။ သင်တို့သည်
အကြင်တရားကို ကိုယ်တိုင်ဥာဏ်ဖြင့် ထိုးထွင်း၍ သိအပ်၏။ မြင်အပ်၏။
ထိုကိုယ်တိုင်သိမြင်သောတရားကိုသာလျှင် သင်တို့ယုံကြည်ကြသည်မဟုတ်လော။"
(မဇ္ဈိမနိကယ် မဟာတဏှာသင်္ခယသုတ်)။
ထို့ကြောင့် ဗုဒ္ဓသည် ဗုဒ္ဓဝါဒသို့ အခြားသော ဘာသာဝင်များ
အလွယ်တကူ အလျင်စလို ကူးပြောင်းခြင်းကို အားပေးတော်မမူချေ။
ဝိနယပိဋကတ်မဟာဝဂ်၌ တိတ္ထိဖြစ်ဘူးသော သူသည် အကယ်၍ ရဟန်းဘောင်သို့
ဝင်ရောက်လိုပါက လေးလတိတိ ဆိုင်းငံ့ရမည်ဟု လာရှိပါသည်။ မဇ္ဈိမနိကယ်
ဥပါလိသုတ်၌ ဥပါလိ သူကြွယ်သည်၎င်း၊ ဝိနည်းပိဋကတ်မဟာဝဂ်၌
သီဟစစ်သူကြီးသည်၎င်း၊ ဘုရားရှင်၏တရားကို အလွန်နှစ်သက်သဖြင့် တိတ္ထိအယူကို
စွန့်၍ အသက်ထက်ဆုံး ဥပါသကာအဖြစ် မှတ်ယူရန် လျှောက်ထားသောအခါ ဘုရားရှင်သည်
ထိုသူတို့အား လေးလေးနက်နက်စဉ်စားဆင်ခြင်ပြီးမှ ဗုဒ္ဓဝါဒသို့
သက်ဝင်ယုံကြည်ရန် သတိပေးတော်မူခဲ့ပါသည်။
ဗုဒ္ဓအလိုအားဖြင့် ဗုဒ္ဓ၏တရားကို ဗုဒ္ဓထင်ရှားရှိစဉ်က
ဗုဒ္ဓထံမှကိုယ်တိုင် ကြားနာရသောသူသည် လေးလေးနက်နက် ဆင်ခြင်သုံးသပ်ပြီးမှ
လက်ခံယုံကြည်သင့်သည်ဆိုပါက အရှင်အာနန္ဒာ, အရှင်မဟာကဿပ စသော
တပည့်သာဝကများထံမှ တဆင့် ကြားသိရသည်ဆိုသော ဗုဒ္ဓဒေသနာကို ပို၍
ဝေဖန်ဆန်းစစ်ဘို့ လိုပေလိမ့်မည်။ များစွာသော ဗုဒ္ဓဒေသနာများသည် အရှင်အာနန္ဒာ
ထံမှ တဆင့်ကြားသိရသော ဒေသနာများဖြစ်ပါသည်။ သိုရာတွင်
အရှင်အာနန္ဒာကိုယ်တိုင်က တဆင့်ကြားကို မှီသော၊ တဆင့်ကြားကို
ယုံကြည်သောအားအဖြင့် ကျင့်သောဆရားအား ကောင်းစွာကြားခြင်းသည်ဖြစ်၏၊
မကောင်းသဖြင့်ကြားခြင်းသည်လည်း ဖြစ်၏၊ ကြားတိုင်းသော အခြင်းအရာ
အားဖြင့်လည်းဖြစ်၏။ ကြားသည်မှ တပါးသောအခြင်းအရာအားဖြင့်လည်းဖြစ် ဟု
မိန့်ဆိုဘူးလေသည်။ (မဇ္ဈိမနိကယ် သန္ဒကသုတ်)။
ဗုဒ္ဓကလည်း "ထိုရဟန်းပုဏ္ဏားတို့သည် ဤအယူသည်သာမှန်၏။
အခြားသောအယူဝါဒတို့သည် အချည်းနှီးသာတည်းဟု ပြောဆိုကြကုန်၏။ စင်စစ်
ထိုသူတို့အား ယုံကြည်ခြင်း၊ အရမ်းမဲ့စွဲယူခြင်းကို ကြဉ်၍၄င်း၊
မျက်မှောက်ထင်ထင် သိမြင်သော အသိဥာဏ်ဖြစ်ပေါ်ရန် အကြောင်းသည် မရှိဟု
ထိုသို့ပြောဆိုကုန်သော သူများကို မိန့်ဆိုတော်မူလေသည်။ (မဇ္ဈိမနိကယ်
ပဉ္စာယတနသုတ်)။ " ရဟန်းတို့ ဤတရားတို့ကို ယုံကြည်ခြင်း နှစ်သက်ခြင်း
တဆင့်စကားကြားခြင်းဖြင့် သိအပ်သည်မဟုတ် ပညာဖြင့်
တွေ့မြင်၍သိအပ်ကုန်သည်သာဖြစ်၏ ဟု မိန်တော်မူပါသည်။(သဠာတယနသံယုတ်၊
နဝပုရာဏဝဂ်၊ ပရိယာယသုတ်)။
ဗုဒ္ဓဝါဒသည် သိမ်မွေ့နက်နဲ့သောကြောင့် ပညာဥာဏ်ဖြင့်
စေ့ငုံသေချာစွာ လေ့လာခြင်းမပြုပါက မိမိရရသိရှိ နားလည်ရန် ခဲယဉ်းပါသည်။
ထိုသို့ နားလည်ရန် ခတ်ခဲသဖြင့် ပညာဥာဏ်မသုံးပဲ ဗုဒ္ဓဒေသနာကို မှားယွင်းစွာ
ဆင်သုံးသပ်မိပါက မြွေကို မဆင်ခြင်ဘဲ ဖမ်းသော ယောက်ျားကဲ့သို့
အကျိုးယုတ်နိုင်ပါသည်။ (မဇ္ဈိမနိကာယ်၊ အလဂ္ဂဒ္ဒူပမသုတ်)။ သို့ဖြင့်
အာရှမြောက်ပိုင်း နိုင်ငံများရှိ အချို့သော မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းများသည်
မူလဗုဒ္ဓဝါဒနှင့် များစွာဆန့်ကျင်သောအယူများကို လက်ခံထားကြပါသည်။
စာရေးသူတို့ မြန်မာနိုင်ငံသည် အတော်အတန် သန့်ရှင်းစင်ကြယ်သော ပါဠိပိဋကတ်ကို
ရရှိထားပါသည်။ သို့ရာတွင် နှံနှံစပ်စပ် ဖတ်ရှုလေ့လာမှု၊ ပညာဥာဏ်ဖြင့်
ဝေဖန်စိစစ်မှုနည်းပါးသောကြောင့် အချို့သော မြန်မာ့ဘာသာရေး အယူအဆများနှင့်
အပြုအမူများမှာ သို့လောသို့လော ယုံမှားဖွယ်ရာ များဖြင့် မေးဖွယ်ရာ
ဖြစ်ပါသည်။ ဥပမာအားဖြင့် မြန်မာတို့၏ ဘာသာရေးယုံကြည်ချက်တစ်ခုနှင့်
ဓလေ့ထုံးစံတစ်ခုကို ဆင်ခြင်စဉ်းစားနိုင်ပါသည်။
ဗုဒ္ဓသည် ကဆုန်လပြည့်နေ၌ ပရိနိဗ္ဗာန်ပြုတော်မူသည်ဟု
မြန်မာတို့ယုံကြည်ပါသည်။ ထိုယုံကြည်ချက်အတွက် အထောက်အထားကား
ဇိနတ္ဘပကာသနီကျမ်းနှင့် အခြားဗုဒ္ဓဝင်ကျမ်းများဖြစ်သည်။
ဗုဒ္ဓ၀င်ကျမ်းပြုဆရာတို့သည် ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ခန်းကို ရေးသားရာ၌
ဒီဃနိကာယ်မဟာပရိနိဗ္ဗာနသုတ်ကို မှီငြမ်းပြုကြရပါသည်။ မဟာပရိနိဗ္ဗာနသုတ်၌ကား
ဘုရားရှင်ပရိနိဗ္ဗာန်ပြုသော နေ့အမည်ကို ဖော်ပြမထားချေ၊ အမှန်ဆိုသော်
ဗုဒ္ဓ၏ဘဝဖြစ်စဉ်ကို ဖော်ပြထားသော အခြားပါဠိတော်များ၌လည်း
ဗုဒ္ဓ၏အခြားဖြစ်စဉ်များနှင့် စပ်လျင်း၍ ခု, နှစ်, လ, ရက်,
များအတိအကျပြထားခြင်းမရှိပါဘူး။
မဟာပရိနိဗ္ဗာနသုတ် အလိုအားဖြင့် ဗုဒ္ဓသည်
ရာဇဂြိုဟ်ပြည်အနီး ဝေဠုဝရွာ၌ နောက်ဆုံးအကြိမ် ဝါဆိုတော်မူပါသည်။ ထိုနောက်
ဝေသာလီပြည်အနီး စာပါလစေတီအရပ်၌ မာရ်နတ်မင်းအား ငါဘုရားသည် ယနေ့မှ
နောက်သုံးလ လွန်မြောက်သောနေ့၌ ပရိနိဗ္ဗာန်ပြုမည်ဟု မိန့်ကြား၏။
ထိုသို့မိန့်ကြားအချိန်မှာ ဝါဆိုနေစဉ် သို့မဟုတ် ဝါမှအထတွင်
ဖြစ်ပေလိမ့်မည်။ သို့ဖြစ်၍ ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောလသည် အောက်တိုဘာလနှင့်
ဇန္နဝါရီလအကြား တစ်လ၊ လ ဖြစ်တန်ရာ၏။ မေ(ကဆုန်)လမဖြစ်တန်ရာ၊ မေလဖြစ်ပါက
ဗုဒ္ဓသည်မကျန်းမာသဖြင့် အင်းအားနည်းနေပါလျက် ပူပြင်းသော နွေရာသီမှာ
သုံးလတိုင်တိုင် ဒေသစာရီကြွချီရသည် ဆိုသော ယုတ္တိမရှိသည့်စကားကို
လက်ခံရပေလိမ့်မည်။ ထို့အပြင် မေလဖြစ်ပါက ဘုရားပရိနိဗ္ဗာန် စံခါနီးအတွင်
ကုသိနာရုံ ဥယျာဉ်၌ အင်ကြင်းပန်းတို့သည် အခါမဲ့ပွင့်သည်ဆိုသော
ပါဠိတော်လာစကားသည် မှားဖွယ်ရာရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော ယခုကာလ
အိန္ဒိယရုက္ခဗေဒပညာရှင်တို့၏ စူးစမ်းချက်များအရ ထို အင်ကြင်းပန်းမျိုးသည်
သဘာဝအားဖြင့် ဧပြီလ-မေလလောက်၌သာ ပွင့်တက်၍ ကဆုန်လမှ တစ်ပါး အခြားလများ၌
ပွင့်မှသာ အခါမဲ့ပွင့်သည်ဟု ဆိုရပေလိမ့်မည်။
ခရစ်သက္ကရာဇ် ခြောက်ရာစုလောက်က အိန္ဒိယပြည်သို့
ရောက်ရှိခဲ့သော တရုပ်ခရီးသည် ဟီယန်ဆိုင်၏မှတ်တမ်းတွင် ထိုအခါက သဗ္ဗတ္တိဝါဒီ
ခေါ် ဗုဒ္ဓဝါဒီတို့သည် အောက်တို့ဘာ သို့မဟုတ် နိုဝင်ဘာလ၌
ဘုရားပရိနိဗ္ဗာန်ပြုသည်ဟု ယုံကြည်ကြကြောင်း ဖော်ပြထားပါသည်။ အနောက်ပညာရှင်
ပါဠိပါရဂူတစ်ဦးကမူ ပါဠိတော်များကိုလေ့လာပြီးနောက်
ဗုဒ္ဓပရိနိဗ္ဗာန်ပြုသောနေ့သည် ၄၃၈ ဘီစီ အောက်တိုဘာလ ၁၃ ရက်ဖြစ်တန်ရာဟု
ဆိုလေသည်။
နောက်တစ်ခုက မြန်မာ့ဘာသာရေး ဓလေ့ထုံးစံများတွင်
စဉ်းစားစရာကောင်းသော ထုံးစံတစ်ခုမှာ ကလေးသူငယ်များကို ရှင်ပြုပေးသော
အချက်ပင်ဖြစ်ပါသည်။ မြန်မာဗုဒ္ဓဝါဒီတို့သည် ဘာမျမသိသေးသော ကလေးသူငယ်များကို
ရှင်ပြုလေ့ရှိကြပါသည်။ ထိုသို့ ရှင်ပြုကြခြင်းဖြင့် ထိုကလေးများသည်
ဘုန်းကြီးကျောင်း၌ ရှင်သာမဏေအဖြစ်ဖြင့် ရက်အနည်းငယ် နေထိုင်ဘူးသည်မှအပ
အခြားမယ်မယ်ရရအကျိုးတစ်စုံတစ်ရာမရှိချေ။ ဝိနည်းပိဋကတ်မဟာဝဂ်၌ ဗုဒ္ဓသည်
ကျီးခြောက်လှန့်ခြင်းငှါ စွမ်းနိုင်သော သူငယ်တို့အားရှင်ပြု နိုင်သည်ဟု
မိန်တော်မူသည်ဆိုပါသည်။ စင်စစ် အသက် ၃ နှစ် ၄ နှစ်ရှိသောကလေး သူငယ်သည်ပင်
ကျီးကိုခြောက်လှန့်နိုင်စွမ်းရှိရကား ဤစကားသည် ဗုဒ္ဓမိန့်ကြားသော စကားအမှန်
ဖြစ်ပါ၏လောဟု သံသယ ဖြစ်ဘွယ်ရှိ၏။ မည်သို့ဖြစ်စေ ဤစကားသည်
ထိုဝိနည်းပါဠိတော်၌လာသော ပညတ်ချက်နှင့် ဆန့်ကျင်၏။ ဝိနည်းပိဋကတ်မဟာဝဂ်၌
ဗုဒ္ဓသည် အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော သူငယ်အားရှင်မပြုအပ်၊
ရှင်ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်တော်မူထားပါသည်။
ဤပညတ်တော်မူချက်မှာ လျော်ကန်သင့်မြတ်လှပေ၏။
ရှင်သာမဏေအဖြစ်သည် တတ်သိလိမ္မာသောအရွယ်သို့ ရောက်ရှိပြီး
ဖြစ်သည့်အလူငယ်များအဖို့သာလျင် အကျိုးရှိ၏။ ယခုခေတ်ကာလ၌ မိဘများက
ရှင်ပြုပေးသော သူငယ်များမှာ အများအားဖြင့် အသက်ငယ်ရွယ်ဥာဏ်နုနယ်သေးသော
သူများဖြစ်ကြရကား ထိုသူငယ်များအဖို့ ဘာသာရေးဘက်တစ်စုံတစ်ရာ
ထားခြားပြောင်းလဲခြင်းမရှိချေ။ ထိုကြောင့်လည်း ငယ်ငယ်ရွယ်ရွယ်
သာမဏေဖြစ်ခဲ့ဘူးပါလျက် ဘာသာရေးအသိတရား ခေါင်းပါးနေကြ၏။ မိဘများသည်
သားသမီးများကို ရှင်ပြုရသော ကုသိုလ်ကောင်းမူအတွက်
နှစ်သိမ်ကျေနပ်ကြပေလိမ့်မည်။ သို့ရာတွင် ကလေးကို ရှင်ပြုခြင်းသည်
မိဘများ၏ယခုဘဝကျေနပ်မူအတွက် ကုသိုလ် ရမူအတွက် ဖြစ်ပါသလော။
ကလေး၏အကျိုးစီးပွား သာသနာတော်၏ အကျိုးစီးပွားအတွက် ဖြစ်သင့်သည်မဟုတ်ပါလော
ဟု မေးဘွယ်ရှိသည်။ ဤသို့လျင် အချို့သော
မြန်မာ့ဘာသာရေးအယူနှင့်အပြုအမူများမှာ စဉ်စားဝေဖန်ဘွယ်ရာဖြစ်ပါသည်။
သို့ဖြစ်စေကာမူ လူတို့သည် မိမိတို့ ယုံကြည်ချက်များကို
ကိုယ်တိုင်ဝေဖန်ဘို့ဝေးစွ သူတစ်ပါးတို့ ဝေဖန်သည်ကိုပင် လက်မခံနိုင်ကြချေ။
ထိုသို့ လက်မခံနိုင်ကြခြင်းမှာ စင်စစ်ထိုယုံကြည်ချက်များသည်
စဉ်းစားဆင်ခြင်ဥာဏ် အောက်ခြေလွတ်နေသောကြောင့် ဖြစ်၏။
ဆိုင်ကိုအနာလစ်(Psychoanalysis) စိတ်ပညာအရ လူတို့သည် မိမိတို့ ယုံကြည်ချက်
တစ်ခုအား ဝေဖန်ဆန်းစစ်မှုကို သည်းမခံနိုင်လေ ထိုယုံကြည်ချက်သည် အခြေအမြစ်
ယုတ္တိကင်းမဲ့ကြောင်း ထင်းရှားလေဖြစ်၏။ ( နောက်ပိုင်း တွင် ဘုရားလက်ထက်က
ခုနှစ်နှစ် သားလေးများ ဘာကြောင့်ရှင်ပြုရသည်ကို ဆက်လက်ဖော်ပြသွားပါမည်)
ဥပမာ အကယ်၍ လူတဦးက ကမ္ဘာကြီးလုံးသည်ဆိုသော စကားမှာ
ရယ်စရာဖြစ်သည်။ သိုမဟုတ် တြိဂံတစ်ခုတွင် ဒီဂရီ ၁၈၀ ရှိသည်ဆိုသော စကားမှာ
မှားသည်ဟုဆိုပါက စိုးစိမျှစိတ်တုန်လှုပ်မည်မဟုတ်ပါ အဘယ်ကြောင့်ဆိုသော်
ထိုအချက်များမှာ သေချာစွာ စုံစမ်းစစ်ဆေးပြီးမှ လက်ခံထားသော
အချက်များဖြစ်ပါသည်။ ဘာသာရေး ယုံကြည်ချက်များသည်က ထိုကဲ့သိုမဟုတ်
အများအားဖြင့် မစူးစမ်းမဆင်ခြင်ပဲ လက်ခံထားသော ယုံကြည်ချက်များဖြစ်၍
ဝေဖန်ဆန်းစစ်မှုကို ကျွန်ုပ်တို့ သည်းမခံနိုင်ဖြစ်တက်၏။
ထို့ကြောင့် ဥရောပတိုက်၌ ဘာသာတရားကို မျက်စိမှိတ်၍
အကြွင်းမဲ့ယုံကြည်သော ရှေးအခါ ဘာသာတရးနှင့် ဆန့်ကျင်ဘက်စကားပြောသော
သိပ္ပံပညာရှင်(ဂါလီလီအို) သည် နှိပ်ကွပ်ခြင်းခံကြရ၏။ ဘာသာရေး၌ အယူသည်းမူ
စိတ်ထားသေးသိမ်မူကြောင့် ဘာသာရေး စစ်ပွဲကြီးများဖြစ်ပွားကာ
အမျိုးသားအချင်းချင်း သွေးချောင်းစီးသတ်ဖြတ်ခဲ့ကြသည်။ ယခုခေတ်ကာလ၌
အနောက်တိုင်းနိုင်ငံများတွင် ဘာသာရေး အယူသည်းမှု နည်းပါးလာ၍
လွတ်လပ်စွာဝေဖန်မှုကြောင့် တစ်ဦးနှင့်တစ်ဦး
ခိုက်ရန်ဒေါသဖြစ်ခြင်းမရှိတော့ချေ။
ဗုဒ္ဓဝါဒသည် လွန်လပ်စွာ စဉ်းစားဝေဖန်မှုကို
အားပေးသောကြောင့် ဗုဒ္ဓဝါဒသမိုင်းတွင် ဘာသာရေးစစ်ပွဲစသော အမဲကွက်များမရှိဘဲ
ဘာသာရေးစိတ်သဘောထားကြီးမှုအတွက် ကမ္ဘာ့စံပြ ပုဂ္ဂိုလ်များပေါ်ထွက်ခဲ့၏။
အသောကမင်းသည် ဘာသာအယူဝါဒ အားလုံး သင့်တင့်ညီညွတ်မှုကို လိုလားကြောင်း
ကျောက်စာရေးထိုးခဲ့ပါသည်။ မင်းတုန်းမင်းသည် ခရစ်ယန်သာသနာပြုလုပ်ငန်းကို
အားပေးချီးမြှင့်ခဲပါသည်။ စင်စစ် ဘာသာရေး စိတ်သဘောထားကြီးမှုသည်
ဗုဒ္ဓဘုရားရှင်အလေးအနက်ဟောတော်မူခဲ့သော တရားဖြစ်ပါသည်။ " ရဟန်းတို့
သူတပါးတို့သည် ငါ၏အပြစ်ကို ဖြစ်စေ တရား၏အပြစ်ကိုဖြစ်စေ သံဃာ၏အပြစ်ကိုဖြစ်စေ
ပြောကြသောကြောင့် သင်တို့သည် အမျက်ထွက်မည် နှစ်လုံးမသာမယာဖြစ်မည်ဆိုလျင်
သင်တို့အားသာ အန္တရာယ်ဖြစ်၏။ သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း
စကားဆိုကို သိနိုင်ကြမည်မဟုတ်။"(ဒီဃနိကာယ် ဗြဟ္မဇာလသုတ်)။
အကယ်၍ ဗုဒ္ဓဝါဒသည် မှန်ကန်သောတရားဖြစ်သည်ဟု
ကျွန်ုပ်တို့ စွဲစွဲမြဲမြဲ ယုံကြည်ခဲ့လျင် သူတပါးတို့၏ ဝေဖန်စိစစ်မှုကို
ခံနိုင်ရပေသည်။ ထိုသို့ ခံနိုင်ရန်ရှိရန်အတွက် ယုံကြည်ချက်သည်
မိမိကိုယ်တိုင် စေ့ငုံသေချာစွာ လေ့လာမှု လွတ်လပ်စွာ စဉ်းစားဝေဖန်မှု အပေါ်၌
အခြေတည်ရမည်ဖြစ်သည်။ ထိုနေရာတွင် စဉ်စားဝေဖန်မှုကို ပိတ်ပင်တားဆီးတတ်သော
အစွဲနှစ်ခုကို သတိပြုဘို့လေသည်။
၎င်းတို့ကို အပိုင်း (၂) တွင်ရှုပါ.......
မောင်ငြိမ်းချမ်းလေး
Buddhism and Criticism (ဗုဒ္ဓ၀ါဒနှင့် စဉ်စားဝေဖန်မှု (၁)) by Ashin Pannananda (အရှင်ပညာနန္ဒ- M.A)
No comments:
Post a Comment