အဲဒီတုန်းက ရာဇဂြိုလ် သူဌေးကြီးဟာ ရတနာသုံးပါး အပေါ် သံသယအားကြီးနေတယ်။
လောကမှာ ဘုရားရဟန္တာဖြစ်ပြီဆိုပြီး ဂိုဏ်းဆရာကြီးတွေ လုပ်နေကြတယ်၊ တကယ့်ဘုရား
ရဟန္တာဆိုရင် သိသာထင်ရှားတဲ့ တန်ခိုးပြရမှာပေါ့လို့  သူဌေးကြီးတွေးထင်နေတယ်။
ဒါနဲ့ တစ်နေ့ တော့ ဂဂါင်္မြစ်ထဲကရတဲ့ အင်မတန် အဖိုးထိုက်တဲ့ စန္ဒကူးသားကို ရတော့
သပိတ်ပုံထွင်းထုပြီး အတောင်ခြောက်ဆယ်လောက် မြင့်အောင် ၀ါးလုံးတွေကို ဆက်ပြီး
အိမ်ရှေ့မှာ ချိတ်ဆွဲထားတယ်။ လောကမှာ ဘုရား ရဟန္တာရှိပါလျှင် ဒီသပိတ်ကို ကောင်းကင်မှ
ယူပါလှည့်၊ ယူနိုင်ခဲ့ရင် သားမယား ကျေးကျွန်နဲ့ တကွ အသက်ထက်ဆုံး လုပ်ကျွေးပါ့မယ်လို့ 
ကြေငြာတယ်။
ဘယ်ပြောကောင်းလိမ့်မလဲ တိတ္ထိတွေ တက္ကဒွန်းကြီးတွေ ဂိုဏ်းဆရာတွေက နည်းအမျိုးမျိုးနဲ့ 
လှည့်ဖျားယူငင်ဖို့  ကြိုးစားခဲ့တာပေါ့။ ဒါပေမယ့် တကယ်ယူမပြနိုင်လို့  သူတို့ ဘုရား ရဟန္တာ
မဟုတ်ဘူးဆိုတာ ထင်ရှားပေါ်လွင်ကုန်တယ်။ ဒီမှ ရာဇဂြိုလ် သူဌေးသာမဟုတ် လူတွေကလည်း လောကမှာ ဘုရား ရဟန္တာ မရှိတော့ပါလား ဆိုတဲ့ သံသယ၀င်ကုန်တယ်။
ဒါကို ရာဇဂြိုလ်မြို့ ထဲ ဆွမ်းခံဝင်တဲ့ အရှင်မောဂ္ဂလာန်ကြီးနဲ့  သူ့ တပည့် အရှင်ပိဏ္ဏောလတို့ 
ကြားတယ်။ ဒီမှာ အရှင်မဟာမောဂ္ဂလာန်ကြီးရဲ့ အကြံက ရတနာသုံးပါးကို လူတွေပြစ်မှားကုန်ပြီ၊ သံသရာမှ နစ်မွန်းရှာတော့မယ်၊ ဒီတော့ ငါ့ရှင် ပိဏ္ဏောလ ကောင်းကင်ဖြင့် သွား၍ သပိတ်ကို ယူချေလို့  တိုက်တွန်းတာပေါ့။
ဈာန်သမာပတ်တို့ ၌ ကောင်းစွာလေ့ကျက်ထားတဲ့ ဘုရားသားတော်တွေပဲ၊ ဒီသပိတ်လောက်တော့ ဘာလို့  ယူမပြနိုင်လိမ့်မလဲ။
သပိတ်မဟုတ်ပါဘူးဗျာ၊ အရှင်ပိဏ္ဏောလမထေရ်ဟာ အလျား၊ အနံ သုံးဂါဝုတ်ရှိတဲ့ ကျောက်ဖျာကြီး ခြေမနဲ့  ညှပ်ပြီး ရာဇဂြိုလ်မြို့ ပေါ် ဟင်္သာငှက်ဝဲသလို
တလူးလာလာ စင်္ကြန်ကြွပြတော်မူတာပေါ့။ ဟာ ရာဇဂြိုလ်တစ်မြို့ လုံး ရုန်းရင်းဆန်ခတ် ထိတ်လန့် အော်ဟစ် ပြေးလွှားပုန်းအောင်း ကယ်ပါ ယူပါ၊ အရှင်ပိဏ္ဏောလကလည်း မြို့ ကို ခုနှစ်ပတ်ပတ်ပြပြီးမှ သူ့ ကိုယ်ကို မြင်တော်မူစေတယ်။ လူတွေအော်ဟစ်တောင်းပန်တော့မှ
ကျောက်ဖျာကြီး ခြေနဲ့ ခတ် လွှင့်ပစ်တာ၊ ပြီးတော့မှ ရာဇဂြိုလ်သူဌေးအိမ်အပေါ်မှာ ထန်းခုနစ်ဆင့် အမြင့်က ရပ်တော်မူ ကိုယ်ထင်ပြတယ်။ ဒီတော့မှ သူဌေးလည်း ရဟန္တာရှိတယ်ဆိုတာ ယုံပါပြီ။ တပည့်တော်ရဲ့ အလှူကို ခံတော်မူပါ ဖြစ်ကရော။
ဒီလောက်နဲ့  မပြီးသေးဘူး။ အရှင်ပိဏ္ဏောလ တန်ခိုးပြတဲ့ သတင်းက ကျောင်းအထိပြန့် သွားတော့ကာ တန်ခိုးပြတာ မမြင်လိုက်ရတဲ့ ရဟန်းတွေက စည်းဝေးတိုင်ပင်ပြီး အရှင်ပိဏ္ဏောလ တန်ခိုးပြပါ ချည်း တောင်းပန်ကုန်ရော။ တရားမတောင်းဘဲ တန်ခိုးတောင်းကုန်ကြပြီ။ ဘယ့်နှယ်လဲ၊ ဒါတောင် ရဟန်းတွေနော်၊ လူတွေဆို ဆိုဖွယ်ရာ မရှိတော့ပါဘူး။ ဒါနဲ့  နောက်ဆုံး ဘုရားရှင်ကြားသိတော်မူတော့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ အကြောင်းပြချက်နဲ့  တန်ခိုးပြဋိဟာ မပြရလို့  သိက္ခာပုဒ် ပညတ်တော်မူသတဲ့ကွယ်။ ဒါ့ကြောင့် တန်ခိုးများပြမိရင် အဆန်းမှာ လမ်းဆုံးပြီး ပညာအားဖြင့်
သွားရတဲ့ မဂ်ဖိုလ် နိဗ္ဗာန် စခန်းပန်းတိုင် ပျောက်မှာ စိုးလို့ …။
တန်ခိုးသည် ဖုံးထားရသော အရာ၊ ပညာသည် ဖွင့်ဖော်ထားအပ်သော အရာ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သုဝဏ္ဏသျှမ်တောင် သြ၀ါဒ)
No comments:
Post a Comment