ဗုဒ္ဓဘာသာတရားဟာ သုတမယ၊ စိန္တာမယလောက်နဲ့ တင်
ရပ်ထားလို့ မရဘူး။ ဘုန်းကြီးကိုယ်တိုင်လည်း
သုတမယ၊ စိန္တာမယလောက်နဲ့  ရှိခဲ့တုန်းက ကိုယ့်ဟာကိုယ်
တော်တော်သိပြီလို့ ထင်ခဲ့တာ၊ တရားအားထုတ်ကြည့်လာတဲ့အခါမှာ
ကိုယ့်ဥာဏ်နဲ့ ကိုယ် သိလာတဲ့အခါမှာ သုတမယ၊ စိန္တာမယနဲ့ 
ဘာဝနမယဥာဏ်ကြားမှာ ခြားနားမှု ဘယ်လောက်ကြီးကျယ်သလဲ
ဆိုတာ ပို သိရတယ်။
စာတွေ ဘယ်လောက်ဖတ်ဖတ် ရုပ်တရား နာမ်တရား ဆိုတာကို
စာဖတ်ရုံနဲ့  မသိနိုင်ပါဘူး။ ကိုယ်တိုင် တရားအားထုတ်ပြီး
သတိ၊ သမာဓိ ရင့်ကျက်လာတဲ့အခါကျမှ ရုပ်တရား နာမ်တရားတို့ ရဲ့ 
သဘောကို ပိုင်းပိုင်းခြားခြားသိတဲ့ နာမရူပပရိစ္ဆေဒဥာဏ်ဆိုတာကို
သဘောပေါက်လာတယ်။
တဆင့်တက်ရရင် ရုပ်တရား နာမ်တရားတို့ ရဲ့ 
အကြောင်းအကျိုးကို သိတဲ့ ပစ္စယပရိဂ္ဂဟဥာဏ်ဆိုတာကို
သတိ၊ သမာဓိပိုကောင်းလာတဲ့အခါ သဘောပေါက်လာတယ်။
ပိုပြီး နက်နဲသိမ်မွေ့ ပါတယ်။
သူ့ ထက်တဆင့် ထပ်တက်ရရင်
အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့  လက္ခဏာရေးသုံးပါးကို နက်နက်နဲနဲသိတဲ့
သမ္မသနဥာဏ်ကို သဘောပေါက်လာပြန်တယ်။ ဒီနေရာမှာ
ရှုမှတ်မှုနဲ့ ဆင်ခြင်မှု ရောနေတတ်တယ်။
ဝိပဿနာဥာဏ် ရင့်ကျက်လာတဲ့
အခါမှာတော့ ဆင်ခြင်မှုမပါတော့ဘဲ ဖြစ်ခြင်းပျက်ခြင်းကို ကိုယ်ပိုင်ဥာဏ်နဲ့ တိုက်ရိုက်ကြည့်ုပြီး
သိနေတဲ့ဥာဏ်ကိုရောက်တယ်။ ဒီဥာဏ်မျိုးကို
ရောက်တဲ့အခါမှ အနိစ္စဆိုတာ ဘယ်လိုမှ ပြောပြလို့ မဖြစ်နိုင်ပါလားဆိုတာ
သဘောပေါက်သွားတယ်။
လူတိုင်းပြောနေတဲ့ “ဖြစ်ပြီးရင် ပျက်တာပဲ၊ မမြဲဘူး”ဆိုတာ
အတွေးသက်သက်နဲ့ ပြောတာပါ။
တကယ့်ပရမတ္ထသဘာဝတွေဟာ
စကားလုံးရဲ့ နယ်ပယ်ကို လွန်နေတယ်။
ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)
No comments:
Post a Comment