ဗုဒ္ဓဘာသာ
ရှုထောင့်ကကြည့်ရင် အခြားအခြား ဘာသာအယူဝါဒတွေဟာ လွဲမှားနေတဲ့
မိစ္ဆာဒိဋ္ဌိတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါဆိုရင် အခြားဘာသာတွေရဲ့
ရှုထောင့်ကကြည့်ရင်လည်း သူတို့က ဗုဒ္ဓဘာသာကို မှားယွင်းတဲ့ မိစ္ဆာဒိဋ္ဌိလို့
ပြောကြမှာ ဖြစ်ပါတယ်။
အားလုံးကတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်အယူဝါဒသာ အမှန်လို့ ပြောကြမှာ
ဖြစ်ပါတယ်။ တစ်ချို့လည်း မှားမှန်းသိသိနဲ့ပဲ အယူဝါဒတစ်ခုကို ဇွတ်မှိတ်ပြီး
လက်ခံနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်လက်ထက် ဘုရားနဲ့ ခေတ်ပြိုင်
ပေါ်ထွက်ခဲ့ကြတဲ့ တိတ္တိဆရာကြီးတွေမှာ သူ့ပရိတ်သတ်နဲ့သူ ရှိနေကြတာ
ဖြစ်ပါတယ်။ ဒါဟာ အယူဝါဒနဲ့ ပတ်သက်ပြီး အသက်သာ အသေခံသွားမယ် အလွယ်တကူ
စွန့်လွှတ်ဖို့ ခက်ခြင်းရဲ့ ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲ
ဖြစ်ဖြစ် မှန်ကန်တဲ့ အယူဝါဒ ဆိုတာဟာ ဘယ်လိုပေတံနဲ့ တိုင်းတိုင်း၊
ဘယ်လိုမှတ်ကျောက်မျိုးပဲ တင်တင်၊ ဘယ်လိုဆန်းစစ်မှုမျိုးပဲ လုပ်လုပ်၊
ဘယ်လိုပုဂ္ဂိုလ်မျိုး အတွက်ပဲ ဖြစ်ဖြစ်မှန်ကန်ပြီး ယုတ္တိကျနေဖို့ လိုပါတယ်။
ဒီဘာသာဝင်အတွက် မှန်တယ်၊ ဟိုဘာသာဝင်အတွက်တော့ မှားတယ် စတာတွေဟာ သဘာဝနိယမ
သဘောအားဖြင့် ကြည့်ရင် ဒါဟာ ယုတ္တိမကျဘူး၊ မမှန်ကန်ဘူးလို့ ပြောရမှာ
ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာရဲ့
အဆုံအမတွေကတော့ သဘာဝနိယာမနဲ့ ယုတ္တိဘေဒကို အချိန်မရွေး
လက်ခံဆန်းစစ်ကြည့်နိုင်တာ ဖြစ်ပါတယ်။ ဘုရားဟော
ဒေသနာတွေကိုကြည့်မယ်ဆိုရင်လည်း ဘုရားရှင်က မှန်တဲ့အရာတွေကိုပဲ ဟောတော်မူတာ
ဖြစ်ပါတယ်။ မှန်အောင်တမင်လုပ်ပြီးဟောတော်မူတာ ဘာတစ်ခုမှ မရှိပါဘူး။
လက်တွေ့အားဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ဗါဒ်နဲ့
ကမ္မဝါဒတွေကိုကြည့်ရင် အလွယ်တကူ သိနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတရားတော်တွေဟာ
ဗုဒ္ဓဘာသာဝင်များအတွက်သာ သီးသန့်ဟောထားတာ မဟုတ်ပါဘူး။ သတ္တဝါအားလုံးအတွက်
ဟောတော်မူထားတာ ဖြစ်ပါတယ်။ လက်တွေ့လိုက်နာ ကျင့်သုံးသူများအတွက်
ကိုယ်ကျင့်နိုင်တဲ့ အတိုင်းအတာအတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ
ဖြစ်ပါတယ်။ ဒီနိယာမဟာ အမည်ခံများအတွက်မဟုတ်ဘဲ လက်တွေ့ကျင့်သုံးသူများ
အတွက်ပဲ ဖြစ်ပါတယ်။
သဘာဝနိယာမ ရှုထောင့်အရ တကယ်မရှိတာကို ရှိသယောင်ထင်မှတ်နေတဲ့အတွက် အယူမှား မိစ္ဆာဒိဋ္ဌိလို့ ဆိုရမယ့် အယူအဆ အချို့ကတော့
(၁)
လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့်
သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့်
ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂)
လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း
ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု
ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃)
ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ
အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ
မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄)
ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏
အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း
အဟေတုကဒိဋ္ဌိ
(၅)
လောက၌ ငါ၊ ငါ့ဥစ္စာ၊ ငါ့အတ္တဆိုတာရှိတယ်လို့ ယူဆခြင်းသက္ကာယဒိဋ္ဌိနှင့်
လူသာသေတာ၊ ငါ င့ါလိပ်ပြာက မသေဘူးစသဖြင့် မမြဲခြင်းသဘောကို မြဲသည်ဟု
အယူရှိခြင်း သဿတဒိဋ္ဌိ
(၆)
လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊
ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည်
စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ စတဲ့ အယူအမှား မိစ္ဆာဒိဋ္ဌိများပဲ ဖြစ်ပါတယ်။
သတ္တဝါ
တစ်ဦးဦးဟာ ဒီအယူဝါဒ တစ်ခုခုကို လက်ခံလိုက်နာ ကျင့်သုံးနေမယ်ဆိုရင် ဒါဟာ
အယူမှား မိစ္ဆာဒိဋ္ဌိ ဖြစ်နေတာဖြစ်ပြီး မှန်ကန်တဲ့အယူ သမ္မာဒိဋ္ဌိနဲ့ ဆန့်ကျင်ဘက်
ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အဲ…မှန်ကန်တဲ့ အယူ သမ္မာဒိဋ္ဌိ ဖြစ်အောင်ဆိုရင်တော့
ဒီအယူအမှားတွေကို ရှောင်ကြဉ်ပြီး သစ္စာလေးပါးကို အမှန်အတိုင်း
သိရှိနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အယူမှန်ခြင်း သမ္မာဒိဋ္ဌိဆိုတာ
ဆင်းရဲခြင်း အမှန်တရား၊ ဆင်းရဲဖြစ်ကြောင်း အမှန်တရား၊ ဆင်းရဲချုပ်ရာ
အမှန်တရား၊ ဆင်းရဲချုပ်ရာ လမ်းစဉ်အမှန်တရားကို ဆိုတာ ဖြစ်တဲ့အတွက်
သတ္တဝါတိုင်းဟာ သစ္စာတရားကို သိရှိအောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ သစ္စာကို
သိသွားပြီဆိုရင် အယူမှားခြင်း မိစ္ဆာဒိဋ္ဌိကိုလည်း ပယ်ပြီးဖြစ်တဲ့အတွက် ဒါဟာ
သတ္တဝါတိုင်း အရယူနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
ဆိုလိုတာက
လူဟာ အစွဲမကင်းတဲ့ အတ္တသမားများ ဖြစ်တဲ့အလျောက် ကိုယ်စွဲမိစွဲရာကို
အမှန်လို့ထင်နေတတ်ပြီး ကိုယ်နဲ့မတူတဲ့ အယူအဆအပေါ်မှာ အယူမှားလို့
ယူဆတတ်ကြတဲ့အတွက် ကိုယ့်အယူဝါဒကို အလွယ်တကူ စွန့်လွှတ်ဖို့ ခက်တတ်ကြောင်း၊
ပညာရှိ သတိရှိတဲ့ သူတွေကတော့ အဲဒီအယူအစွဲတွေက ရုန်းထွက်ပြီး မှန်ကန်တဲ့
အယူဝါဒကို လက်ခံလိုက်နာ ကျင့်သုံးနိုင်အောင် ကြိုးစားတတ်ကြောင်း၊
အယူမှန်တစ်ခုဟာ ဘယ်လိုပဲ ဆန်းစစ်ပါစေ ယုတ္တိကျပြီး မပြောင်းလဲဘဲ
ရှိနေတတ်တဲ့အတွက် ကိုယ့်အယူအဆကို သဘာဝ ဓမ္မနဲ့ ချိန်ထိုးကာ စိစစ်ဝေဘန်
လက်ခံကြည့်ကြရမှာ ဖြစ်ကြောင်း၊ အယူမှားကို ရှောင်ပြီး အမှန်သစ္စာကို
လက်ခံနိုင်မှသာ အယူမှန် သမ္မာဒိဋ္ဌိ ဖြစ်လာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ
ဖြစ်ပါတယ်။
ဒါကြောင့်
ဘယ်သူက ဘယ်ဘာသာကို ကိုးကွယ်ပြီး မိစ္ဆာဒိဋ္ဌိလို့ ဘယ်လိုပဲ ပြောနေပါစေ
အယူမှား မိစ္ဆာဒိဋ္ဌိဆိုတာ တကယ်မရှိတာကို အရှိလို့ထင်၊ ငါမဟုတ်တာကို
ငါလို့ထင်ပြီး ကိုယ့်ကံကိုယ် ပစ်နေကြတဲ့ လုပ်ရပ်များသာ ဖြစ်တဲ့အတွက်
လက်ရှိကိုယ်လက်ခံကျင့်သုံးနေတဲ့ အယူဝါဒကိုသာ သဘာဝဓမ္မ၊ ကမ္မနိယာမ၊ သစ္စဓမ္မ
ရှုထောင့်များနဲ့ ချိန်ထိုးပြီး မှန်ကန်တဲ့ အယူဝါဒဖြစ်အောင် ကြိုးစားကြရမှာ
ဖြစ်ပါတယ်။
No comments:
Post a Comment