အမေး။
။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ
ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။(ဆလိုင်း ဟန်သာစန်း)
အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့
သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။
ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ
ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင်
သုဂတိဘုံရောက်တဲ့သဘောပါ။
ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ
အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့်
လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့
တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက
လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင်
ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။
ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား
စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။
ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။
ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။(၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။(၃)
စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး
ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။
ဦးကောဝိဒ (မြိတ်)
ဗုဒ္ဓ အရိပ်
No comments:
Post a Comment