ဗုဒ္ဓဘာသာဝင်တွေနဲ့
ရှစ်ပါးသီလနဲ့ဟာ မစိမ်းကြပါဘူး …. အခါကြီး ရက်ကြီးတွေမှာ ဥပုသ်သီလ
ဆောက်တည်ခြင်းဟာ မွန်မြတ်တဲ့ ကုသိုလ်တစ်ပါးပါပဲ ….။
ဒါ့ကြောင့် ဒီနှစ်သင်္ကြန်တွင်းကာလမှာ ကျွန်မလည်း တတ်နိုင်သလောက် ဥပုသ်သီလ
ဆောက်တည်ခဲ့ပါတယ် …. မှတ်မှတ်ရရ အဲဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ပါ
….. နှစ်ဆန်းတစ်ရက်နေ့ ၊ ညနေ
(၃)နာရီလောက်မှာ ရပ်ကွက်သူ ရပ်ကွက်သားတွေ စုပြီး ကောင်းမှုပြုတဲ့
စတုဒီသာအတွက် ရေစက်ချတရားနာ သွားပါတယ် … တရားနာက အပြန်မှာ
အသိအန်တီတစ်ယောက်က စကားစပြောပါတယ် …. ” ဘုန်းဘုန်းက ငါးပါးသီလတိုင်ပေးနေတာ
…. ကိုယ်တွေက ဥပုသ်စောင့်ထားတာဆိုတော့ လိုက်ဆိုလို့ မရဘူး” တဲ့ …..
“ဥပုသ်စောင့်ထားတဲ့ လူတစ်ယောက်က ငါးပါးသီလ ယူလို့ မရဘူးလား” ကျွန်မ
သေချာအောင် ထပ်မေးမိပါတယ် …. သူကလည်း သေသေချာချာ ထပ်ဖြေပါတယ် …. “ဟုတ်တယ်”
တဲ့ ….။ သူဖြေတဲ့အဖြေ မဟုတ်မှန်း သိပေမယ့် ကျွန်မအနေနဲ့ (စာဖတ်အား
နည်းတာကြောင့်) အကျိုးအကြောင်း သေချာအောင် ပြန်မပြောပြတတ်ခဲ့ပါဘူး …..
မဟုတ်သေးဘူးဆိုတဲ့ အတွေးလောက်နဲ့တင် ကျွန်မ ဆွံ့အနေခဲ့ပါတယ် …။
ဒါကြောင့် နောက်တစ်ချိန်မှာ အဲလိုအဖြစ်မျိုး ကြုံလာခဲ့ရင် သေသေချာချာအကျိုးနဲ့အကြောင်းနဲ့ ဖြေရှင်းနိုင်အောင် ဆိုပြီး ဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ စာနဲ့ မေးမြန်းလျှောက်ထား ခဲ့ပါတယ် …။
ဆရာတော်ရဲ့ ဖြေကြားချက်ကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ် ….။
မင်္ဂလာပါ
ဒကာမရေ…ဘုန်းဘုန်းနည်းနည်း အလုပ်များနေတာနဲ့ မေးထားတာလေးတွေကို အခုမှ
ပြန်ဖြေနိုင်တော့တယ်။သီလနဲ့ ပတ်သက်ပြီးတော့ သီလပျက်ခြင်း မပျက်ခြင်းဟာ
ကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းနဲ့ပဲ သက်ဆိုင်ပါတယ်။ ဘယ်လောက်ပဲ
ယူထားယူထား မကျင့်သုံးရင် ပျက်တာပါပဲ။ အဲဒီလိုပဲ မယူထားပေမယ့်
ကျင့်သုံးနေရင် သီလက တည်နေတာပါပဲ။ ရှစ်ပါးသီလဆိုပါစို့ သီလကို ဘုရားရှေ့မှာ
သံဃာတော်များရှေ့မှာ လက်တွေ့မယူဖြစ်ပေမယ့် အဲဒီရှစ်ပါးသီလရဲ့
သိက္ခာပုဒ်တွေကို ကိုယ့်အနေနဲ့ လိုက်နာကျင့်သုံးနေရင် ဒါဟာ သီလတည်နေတာပါပဲ။
ဆိုတော့က ယူခြင်းမယူခြင်းထက် ကျင့်ခြင်းမကျင့်ခြင်းက ပိုပြီးအဓိက ကျပါတယ်။
ယူပြီးမထိန်းသိမ်းရင် ဒါဟာသီလပျက်တာပါပဲ။ သီလကိုပျက်ပြီးစေတနာမြောက်
ကျူးလွန်မှုတွေ ရှိလာရင် ကံမြောက်ပါတယ်။ ကံမြောက်ရင် အကျိုးပေးပါတယ်။
တစ်ချို့က သီလပဲ ပျက်သွားတယ်၊ စေတနာမြောက် မကျူးလွန်မိတဲ့အတွက်
ကံမမြောက်လို့ အကျိုးသက်ရောက်မှု မရှိတဲ့ သဘောတွေလည်း အများကြီး ရှိပါတယ်။
နောက်တစ်ချက်
ရှစ်ပါးသီလကို ယူထားပြီး မပျက်သမျှ ကိုယ့်အဓိဋ္ဌာန်အတိုင်း
ကိုယ်မကျင့်တဲ့နေ့ဟာ ပျက်သွားတာပါပဲ။ ကျင့်နေသမျှတော့ သီလတည်နေပါတယ်။
ဒီနေ့ပျက်သွားပေမယ့် နောက်နေ့တွေမှာ ပြန်ပြီးကိုယ့်အဓိဋ္ဌာန်လေးနဲ့
ကျင့်သုံးမယ်ဆိုရင်လည်း မယူလည်း သီလကတည်နေမှာ ဖြစ်ပါတယ်။ အဓိကကတော့
ကျင့်ခြင်း မကျင့်ခြင်းနဲ့ ဆိုင်တာ ဖြစ်ပါတယ်။
စန္ဒာ
http://sandarthuriya.wordpress.com/ မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment