Sunday, April 3, 2016

လှူဖွယ်ကိစ္စအ၀၀ သုတရှာမီကြ

၁။ ရှင်ပြုကိစ္စ
------------
ရှင်လောင်းတစ်ပါး ရှင်(ကိုရင်) ဖြစ်ဖို့ရန် အဓိက အင်္ဂါများမှာ-
၁။ခေါင်းရိတ် ဆံချခြင်း။
၂။မြတ်သင်္ကန်းကို ဆင်မြန်းခြင်း။
၃။ဆရာတပည့် သရဏဂုံကို ပီပြင်အောင် ရွတ်ဆိုခြင်း။
ဤအင်္ဂါသုံးပါး ပြည့်စုံလျှင် ရှင်(ကိုရင်)ဖြစ်ပေတော့သည်။ ရှင်ပြု ခြင်း၏ အနှစ်သာရသည် ဤသုံးပါးပင် ဖြစ်ပါသည်။

အနီးစခမ်းဆရာတော်ကြီးမိန့်ဘူးသည်။
"မဏ္ဍပ်ထိုးခြင်း။ ရှင်လောင်းလှည့်ခြင်း ရှင်လောင်းလှည့်ရာ၌ နောက်က တီးဝိုင်းဖြင့်ဖျော်ဖြေခြင်း စသည်တို့ကို အလုပ်ပိုဟု မဆိုသင့်။
မဏ္ဍပ်ထိုးခြင်းသည် ရှင်ပြုအလှူ ပွဲ တရားနာချိန်၌ တရားဟော တရားနာပြုလုပ်ရာ ယာယီကျောင်းအလှူ ဖြစ်သည်။
ဝိုင်းဝန်း၍မဏ္ဍပ်ထိုးခြင်းဖြင့် ရပ်ရွာအမျိုးသားများကို ညီညွတ်အောင် စည်းရုံးရာရောက်သည်။
ရှင်လောင်းလှည့်ခြင်းသည် သာမဏေတို့၏ မြင့်မြတ်လှစွာသော သီလသိက္ခာကို ဖြည့်ကျင့်တော့မည့် မောင်ရှင်လောင်းကို အများကြည်ညို ကြည့်ရှုနိုင်ရန် လှည့်လည်ခြင်းဖြစ်သည်။
ရှင်လောင်းလှည့်ရာ၌ နောက်မှတီးဝိုင်းလိုက်တီးခြင်းသည် မိမိတတ်သော အတတ်ပညာဖြင့် ဂုဏ်ပြု ခြင်းဖြစ်သည်။
ထိုကိစ္စများသည် အဓိပ္ပါယ်ရှိသော မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကိစ္စများ ဖြစ်ပေသည်" ဟု မိန့်တော်မူဘူးသည်။
၂။ အလှူ ရေစက်ချကိစ္စ
------------------------
အလှူ ဒါန၌
၁။ မလှူ ခင်ကတည်းက လှူ ဖို့ရန်ဖြစ်နေသောစေတနာ(ပုဗ္ဗစေတနာ)။
၂။ ဆွမ်းကပ်နေခြင်း။ သင်္ကန်းကပ်နေခြင်း။ အာဟာရဒါန ကျွေးနေခြင်း စသည်ဖြင့် လက်တွေ့ပေးကမ်းနေချိန်၌ဖြစ်နေသော စေတနာ (မုဉ္စစေတနာ)။
၃။ လှူ ပြီးနောက် ဝမ်းမြောက်ဝမ်းသာဖြစ်နေသော စေတနာ (အပရစေတနာ)။
ဤစေတနာ သုံးမျိုးတွင် နံပါတ် ၂ လက်တွေ့လှူ ဒါန်းနေချိန်ဖြစ်သော မုဉ္စစေတနာအခိုက်အတန့် အထမြောက်လျှင် ရေစက်ချသည်ဖြစ်စေ။ မချသည်ဖြစ်စေ ဒါနဟုခေါ်ဆိုနိုင်သည်။ ဒါနအထမြောက်သည်။
သို့သော် ရေစက်ချတာ အလုပ်ပိုသည်ဟု မယူဆ မပြောဆိုသင့်။
အဘယ့်ကြောင့်ဆိုသော် ရေစက်ချခြင်းသာဓကသည် နိပါတ်တော်တို့၌လည်း ပါရှိသည်။
ရေစက်ချခြင်းကြောင့် အလှူ့ ရှင်မှာ စိတ်ကြည်နူး၍ ကုသိုလ်တရား များစွာ တိုးပွါးရပေ၏။
အမျှဝေခြင်း သာဓုခေါ်ခြင်း ပတ္တိဒါန ပတ္တာနုမောဒနာကုသိုလ်များ ဆက်လက်၍ တိုးပွါးခွင့်ရပေ၏။
၃။ ချို့တဲ့သူများကို ထောက်ပံ့ခြင်းနှင့် ဆရာတော်ကြီးများကိုလှူ ဒါန်းခြင်းကိစ္စ
--------------------------------------------
မပြည့်မစုံချို့တဲ့သူများကို ကူညီထောက်ပံ့ခြင်းသည် လိုအပ်သော နေရာကို ဖြည့်ပေးသော ကာလဒါနဖြစ်၍ ကောင်းမြတ်လှပေ၏။
သို့သော် မိမိက မပြည့်စုံသူကိုလှူ ဒါန်းတာ သဘောကျအားသန်တိုင်း ဆရာတော်ကြီးများအား လှူ ဒါန်းနေသူကို အပြစ်မဆိုသင့်။
အဘယ့်ကြောင့်ဆိုသော် ဆရာတော်ကြီးများ၏ သီလ သမာဓိ သိက္ခာများ ကြီးမြင့်ခြင်း။ ထိုအလှူ့ ရှင်၏ စိတ်ဓာတ်က ဆရာတော်ကြီးများအား လှူဒါန်းရခြင်းကို အားသန်နေခြင်းတို့ကြောင့်ဖြစ်သည်။
ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦး စိတ်ဓာတ်ချင်း မတူပေ။ အလိုဆန္ဒအဇ္ဈာသယချင်း မတူကြချေ။ 
ကိုယ်လုပ်စေချင်သလို သူမလုပ်တိုင်း အမှားအယွင်းဟု ယူဆလျှင် အစွန်းရောက်သော အယူအဆ တစ်ခုသာဖြစ်သည်။
မပြုလုပ်သင့်သောအလုပ်မျိုးမှာ အကုသိုလ်ဖြစ်သော အလုပ်မျိုးသာဖြစ်သည်။
ကုသိုလ်ဖြစ်သော အလုပ်မျိုးကား မလုပ်သင့်သောအလုပ် မရှိပေ။
ပိုအကျိုးရှိတာကို မိမိကစိတ်ဝင်စား၍ လုပ်စေချင်သော်လည်း တစ်ပါးသူစိတ်ဝင်စားသောအရာမျိုး ဟုတ်ချင်မှဟုတ်မည်။
၎။ သိက္ခာသုံးပါးနှင့် ဘုရားတည်ခြင်းကိစ္စ
----------------------------------------------
သီလ သမာဓိ ပညာ သိက္ခာသုံးပါး သတ္တဝါတို့သန္တာန်၌ တိုးပွါးအောင် ပြုလုပ်ခြင်းသည် သာသနာပြု ခြင်း အစစ်ဖြစ်ပေ၏။
သို့သော် ဘုရားတည်သူကို အပိုအလုပ် လုပ်သည်ဟု မဆိုသင့်။
အာဖဂန်နစ္စတန်က ဘုရားများ အဖြိုခံရသည်။ အဖျက်ခံရသည်။ စေတီပုထိုးများက သာသနာ အသက်ရှည်အောင်မပြု နိုင်ဟု တစ်ချို့က ဆိုကြသည်။
ဤကဲ့သို့သာ ပြောမည်ဆိုလျှင် ပုဂံမြို့ရှိစေတီပုထိုးများကြောင့် နှစ်ပေါင်းတစ်ထောင်ကျော်က ပုဂံပြည်၏ ယဉ်ကျေးမှုကို အကျွန်ုပ်တို့ အတိအကျ သိကြရသည်မဟုတ်ပါလား။
ဘုရားတည်ခြင်းကြောင့် ဘုရားဒါယကာမှာ ဒါနကုသိုလ်တရား များပြားစွာ ဖြစ်ရပေသည်။
ဘုရားရှင်က ဒါနကို မပြုကောင်းသောတရားဟု မဟောကြားပေ။ ပြုရမည့်တရားဟုသာ ဟောကြားတော်မူပါသည်။
ဘုရားတည်သူကြောင့် သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို ဘုရားဖူးပုဂ္ဂိုလ်တွေ များပြားစွာ ရရှိကြပေသည်။
ထို့ကြောင့် အရာရာတွင် အစွန်းရောက်သော အတွေးများ မဖြစ်ရအောင် သူ့ဘက် ကိုယ့်ဘက် အဖက်ဖက်မှ ချင့်ချိန်ပြီး အစွန်းလွတ်သော အတွေးများကို တွေးသင့် ပြောသင့်ပေသည်။ ဒါမှသာမှန်သည်။ တခြားဟာမမှန်ဟု မယူဆသင့်။
၁+၃=၄ မှန်သလို။
၂+၂=၄ လည်းမှန်ပေသည်။ မမှားပါ။
ပရိယတ္တိနယ်ပယ်၌ တကယ်တတ်ကျွမ်းတော်မူသော မင်းကွန်းတိပိဋကဆရာတော်ကြီးတို့ကား စကားကို အစွန်းမရောက်ရအောင် ချင့်ချိန်၍ ပြောဆိုသည်သာများပေသည်။
သတိပြုပါသူတော်ကောင်းတို့။
(အရှင်ပညာဇောတ)

No comments:

Post a Comment