မေး။ ကိုယ့်ကိုယ်ကို
သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို
မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ
မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ
မြတ်စွာဘုရားဟောတာ ဟုတ်မဟုတ် သိချင်ပါတယ်။
အကယ်၍ မြတ်စွာဘုရားက အဲလို
ဟောခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်တဲ့လူဟာ ဘာဖြစ်လို့
ကိုယ့်ကိုယ်ကို သတ်သေရတာလဲ ဆိုတာသိချင်ပါတယ် အရှင်ဘုရား။ ပြီးတော့
မိမိကိုယ်မိမိ အချစ်ဆုံးပါဆိုတဲ့လူဟာ ဘာဖြစ်လို့ တစ်ခြားတစ်ယောက်အတွက်
အသက်ပေးပြီး အသေခံ ကြပါသလဲ။ ဥပမာ တိုက်ပွဲတစ်ခုခုမှာ ကိုယ်အရမ်းလေးစား
ချစ်ခင်ရတဲ့ ဗိုလ်ကြီးအတွက် အသက်ပေးပြီး အသေခံ ကာကွယ်တဲ့ရဲဘော်တို့၊ သားလေး
ကားတိုက်ခံရမှာကို သားကိုတွန်းပြီး အစားဝင် ကားအတိုက်ခံပြီး သားအစား
အသေဝင်ခံလိုက်တဲ့မိခင်တို့ အဲဒီအကြောင်းလေး တပည့်တော် သိချင်ပါတယ်
အရှင်ဘုရား ဖြေကြားပေးတော်မူပါ။
သက်နိုင်
ဖြေ။
အတ္တသမံ ပေမံ နတ္ထိ - မိမိထက် ပိုပြီး၊ ဘယ်သူ့ကိုမှ၊ မချစ်နိုင်၊
မိမိကိုယ်ကို မိမိအချစ်ဆုံး ဆိုတဲ့ဘုရား စကားတော်ရှိပါတယ်။ ဒီစကားက
ပုထုဇဉ်သတ္တဝါများ ဖြစ်တတ်တဲ့ သဘောကို ပြောထားတာ ဖြစ်ပါတယ်။
ပုထုဇဉ်သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ တရားများရဲ့ လွှမ်းမိုးမှုကြောင့်
ကိုယ့်ကိုယ်ကိုသာ အမြဲရှေးတန်းတင်ကာ ကိုယ့်ကိုယ်ကို ဦးစားပေးမှုတွေ
ရှိတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်နေတတ်တဲ့
သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတဏှာမာနစတဲ့ တရားတွေကြောင့်
မိမိရဲ့ရုပ်နာမ်တွေမှာ တဏှာနဲ့စွဲလမ်းချစ်ခင် တွယ်တာနေပြီး အဲဒီလို
မိမိကိုယ်ကို ချစ်ခင်မှုကြောင့်ပဲ မိမိနဲ့ပတ်သက်ရာ၊ မိမိချစ်ခင်မြတ်နိုး
လေးစားရာတွေမှာလည်း ချစ်ခင်တွယ်တာနေမိတော့တာ ဖြစ်ပါတယ်။ သတ္တဝါအများ
ချစ်လေ့ရှိတာက ငါဆိုတဲ့အတ္တကို ချစ်နေကြတာ ဖြစ်ပါတယ်။ ဘုရားဖြစ်စေချင်တဲ့
အချစ်က အတ္တကုန်ရာ၊ တဏှာကုန်ရာကို ချစ်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်
ဘုရားရှင်က မိမိကိုယ်ကို တကယ်ချစ်တယ်လို့ဆိုရင် ထိုမိမိကိုယ်ကို
ကောင်းစွာစောင့်ရှောက်ရာ၏လို့ မိန့်တော်မူထားတာ ဖြစ်ပါတယ်။ ဒီစကားတော်က
ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို မကောင်းမှု ဒုစရိုက်တွေက
ရှောင်ကြဉ်ပြီး အကျင့်သီလကို ကောင်းစွာစောင့်ထိန်းကာ ကိလေသာကုန်ရာကို
သုတ်သင်ကြဖို့ တိုက်တွန်းတော်မူထားတာ ဖြစ်ပါတယ်။
ဒါပေမယ့်
လောကသားတွေကတော့ တဏှာပေမစတဲ့ စွဲလမ်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို
အချစ်ဆုံးဖြစ်အောင် လုပ်နေကြတဲ့ သဘောရှိပါတယ်။ ရုပ်နာမ်ခန္ဓာကြီးကို
အချစ်ဆုံးဖြစ်အောင် လုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့စိတ်မှာ၊
ငါ့ခန္ဓာမှာ သောကတွေ ဒုက္ခတွေ ဖြစ်လာခဲ့ရင် မခံမရပ်နိုင်ဖြစ်ပြီး
မထူးပါဘူးကွာဆိုကာ နောက်ဆုံးကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အထိ ဖြစ်ကြခြင်း
ဖြစ်ပါတယ်။ ဒါဟာ ဒီခန္ဓာကြီးနဲ့ ဒီစိတ်ခံစားမှုကို ချစ်လွန်းလို့ ဖြစ်တာပါ။
သာမန်တွေးရင် ကိုယ့်ကိုယ်ကို ချစ်တဲ့သူက ဘာလို့ ကိုယ့်ကိုယ်ကို
သတ်သေမှာလဲလို့ တွေးစရာရှိပါတယ်။ ဒီလိုချစ်လို့လည်း ဒီရုပ်နာမ်မှာ
ဒီထက်ပိုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခတွေ မခံစားစေလို၊ မဖြစ်ပေါ်စေလိုလို့
ငါဆိုတဲ့တဏှာအစွဲ၊ ဒီရုပ်ဒီခန္ဓာပြတ်ရင် ပြီးတာပဲဆိုတဲ့
ဒိဋ္ဌိအစွဲစတာတွေကြောင့် ကိုယ့်ကိုယ်သတ်သေကြခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို
သတ်သေသွားသူ အတော်များများကို ကြည့်ရင်စိတ်ချမ်းသာလို့၊ ပျော်လို့၊
အယူအဆမှန်လို့ သတ်သေသွားကြတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခများလို့၊ အယူမှားလို့
ဖြစ်တာတွေပဲ များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ချစ်လို့မဟုတ်ပါဘူး။
မချစ်လို့ လုပ်ကြတာပါ။ တကယ်ချစ်ရင် ဒီဒုက္ခတွေဖြစ်စေတဲ့ တဏှာ၊ မာန၊
ဒိဋ္ဌိစတဲ့ တရားတွေကိုပဲ သတ်နိုင်အောင်ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ
ကိုယ့်ကိုယ်ကို တဏှာနဲ့ စွဲလမ်းမှုတင် မလုံလောက်ဘဲ ကိုယ်ချစ်ရတဲ့သူ၊
ကိုယ်လေးစားရတဲ့သူ စတာတွေအထိ ဆက်စပ်ကာ စွဲလန်းတတ်တာတွေလည်း ရှိပါတယ်။
ဒါကြောင့်
ဒီလိုငါစွဲလေးတွေကြောင့် ငါ့သားလေး တစ်ခုခုဖြစ်မှာကို စိုးရိမ်တာ၊ ငါ့ဆရာ
တစ်ခုခုဖြစ်မှာကို စိုးရိမ်တာတွေဖြစ်ပြီး သူတို့တွေဘာမှ မဖြစ်အောင်
ကာကွယ်လိုကြတာ ဖြစ်ပါတယ်။ ငါလေးတွေက ဦးစီးထားကြလို့ပဲဖြစ်ပါတယ်။
ကပ်ပြီးပြောကြေးဆိုရင် အဲဒီသူတွေ သူများသားသမီး အတွက်ဆို ကိုယ့်ကိုယ်ကို
အသေခံမလား၊ သူများက လေးစားကြည်ညိုရတဲ့ သူများဆရာသမားအတွက်ဆို ဒီလို
လုပ်နိုင်မလားဆိုတော့ ငါ့သားသမီးမှ မဟုတ်တာ၊ ငါ့ဆရာမှ မဟုတ်တာ စတာတွေ
ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ငါဆိုတဲ့ အတ္တကိုချစ်နေတဲ့ လွဲနေတဲ့
အချစ်လွဲကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ခုနပြောသလို
အကျင့်သီလကို ကောင်းအောင်လုပ်ပြီး ကိလေသာ တဏှာကုန်ရာကိုပဲ ကြိုးစားကြမှာ
ဖြစ်ပါတယ်။
No comments:
Post a Comment