Tuesday, May 3, 2016

အလှဆုံး အဆင်တန်ဆာ

ခေတ်ပေးအဆင်တန်ဆာတွေ ဘယ်လောက်ပဲ လှလှ၊ သီလ ဆိုတဲ့ အဆင်တန်ဆာကို မမီဘူး။

စံပယ်၊ မြတ်လေး၊ သရဖီပန်းရနံ့များနဲ့ ဂိုယာ၊ အော်ဒီကလုံး၊ ရေမွှေးပေါင်ဒါတို့ရဲ့ မွှေးရနံ့တို့ဟာ သင်းပျံ့ကြိုင်လှိုင်ပေမယ့် လေညာကို မဆန်နိုင်ကြဘူး။

သီလရဲ့ မွှေးရနံ့က နတ်ပြည် ဗြဟ္မာပြည်တိုင်အောင် သင်းပျံ့ကြိုင်လှိုင်တယ်။

သတ္တ၀ါတို့ကို ပူလောင်နေစေတဲ့ ကိလေသာ အပူတို့ကို ရေ၊ လေ၊ စန္ဒကူး၊ လရောင်၊ ပန်းစံပယ် စသည်တို့ရဲ့ အအေးဓာတ်နဲ့ မအေးစေနိုင်ဘူး၊ သီလ အအေးဓာတ်ဖြင့်သာ အေးစေနိုင်ပါတယ်။

သတ္တ၀ါတို့မှာ စွဲကပ်နေတဲ့ ရာဂစတဲ့ ကိလေသာအညစ်အကြေးတို့ကို ဘယ်မြစ်ရေနဲ့မှ ဆေကြောနိုင်ဘူး။ သီလရေစင်ဖြင့်သာ ဆေးကြောနိုင်ပါတယ်။

သုဂတိဘုံသို့ တက်လှမ်းဖို့ရာ သီလနဲ့တူတဲ့ စောင်းတန်း လှေကား ဆိုတာ မရှိဘူး။ နိဗ္ဗာန်ရွှေပြည်ကြီးသို့ ၀င်ရောက်ဖို့ရာ သီလနဲ့တူတဲ့ တံခါးပေါက်ဆိုတာ မရှိဘူး။

သာသနာမှာ အမျိုးကောင်းသားသမီးတို့အား သီလနဲ့ ကင်းပြီး ထောက်တည်ရာဆိုတာ မရှိဘူး။

“ရဟန်းတို့…သီလရှိတဲ့ ပုဂ္ဂိုလ်တို့အား မိမိတို့ရဲ့ စိတ်အလိုရှိတိုင်း တောင့်တတိုင်းဟာ ပြည့်စုံပြီးစီးတယ်။ ဘာကြောင့်လဲလို့ ဆိုရင် အကုသိုလ် အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်လို့ ဖြစ်ပါတယ်”

ငါးပါးသီလဟာ အရိယာသူတော်စင်တို့ နှစ်သက်မြတ်နိုးကြတဲ့ သီလ ဖြစ်ပါတယ်။

အလှပဆုံး အဖိုးတန်ဆုံး လောကအဆင်တန်ဆာလည်း ဖြစ်ပါတယ်။ ခါးဝတ်ပုဆိုးကဲ့သို့ အစဉ်သဖြင့် မြဲမြံအောင် ၀တ်ဆင်စောင့်ထိန်းအပ်တဲ့ “နိစ္စသီလ” လည်း ဖြစ်ပါတယ်။

အပါယ်သို့ မလားရော်ဘဲ အထက်တန်းကျကျ သံသရာကျင်လည်နိုင်ရေးအတွက် အထူးအလေး ဂရုပြုအပ်တဲ့ “ဂရုဓမ္မသီလ” လည်း ဖြစ်ပါတယ်။

ဒါကြောင့် ဆူးခင်းထားတဲ့လမ်း၊ ပန်းခင်းထားတဲ့လမ်း ဆိုတဲ့ အပါယ်သံသရာလမ်းနဲ့ သုဂတိသံသရာလမ်း နှစ်သွယ်မှာ အထက်တန်းကျကျ သံသရာကျင်လည်လိုသူတို့အတွက် ငါးပါးသီလကို မြတ်နိုးယုယစွာ စောင့် ထိန်းသင့်လှပေတယ်။

အလှပဆုံး သီလအဆင်တန်ဆာကို ၀တ်ဆင်ပြီး သီလမြေပေါ်မှာ ရပ်တည်ပြီးတော့ ဒါနပြုကြမယ်၊ ဘာဝနာပွားများကြမယ်ဆိုရင်ဖြင့် မြင့်သထက် မြင့်၊ မြတ်သထက် မြတ်ကာ အမြင့်မြတ်ဆုံးဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို လွယ်ကူလျင်မြန်စွာ ဧကန်မျက်မှောက်ပြုနိုင်ကြပေလိမ့်မယ်။

ဘ၀လမ်းနှစ်သွယ်မှာ အထက်တန်းကျတဲ့ သံသရာခရီးလမ်းကို လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နောက် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင် စိတ်ကိုထားခြင်းဖြင့် အမြင့်မြတ်ဆုံးချမ်းသာကို လှမ်းဆွတ် နိုင်ကြပါစေလို့ ။

No comments:

Post a Comment