ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား
တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့
စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ
လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို
ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့
အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊
ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင်
အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း
သူတို့လိုအခြေအနေဖြစ်နေတဲ့ မရှိဆင်းရဲသားများ ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊
ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို စာပေမှာလာတဲ့ အတိုင်းရှင်းလင်း
ဟောကြားပေးလိုက်ရဖူးပါတယ်။
တကယ်တော့
ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊
ဖြစ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့
ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။
ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို
လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး
လှူနိုင်မှ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး
မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများဖြင့် ကုသိုလ်ဖြစ်အောင်၊
ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊
တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော
ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက
ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ-
ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။
ဒီပုညကြိယာဝတ္ထုဆယ်ပါးကို
ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။
ဒီဆယ်ပါးထဲမှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့
အရာတွေအများကြီး ရှိပါတယ်။ လူတိုင်းစိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက
တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြမယ်ဆိုတာ
အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊
ငွေကြေးမပြည့်စုံလို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို
သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင်
လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး
ဝိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။
ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး
ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို
တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။
ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ပြောနိုင်ပါတယ်။ သေချာတာက ကုသိုလ်ရဖို့
လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု
ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက်
အသက်သိက္ခာဂုဏ်ကြီးသူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း
ရောက်လေရာအရပ်တွေမှာ သက်ကြီးရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ
လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်သွားစေပါတယ်။
ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား
အရိုအသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ
တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ
မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက်
လွယ်တာပါ။
ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့
ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့
ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့်
ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း
တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို
ဖြစ်စေပါတယ်။ အနီးစပ်ဆုံးကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊
တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး မလားစေနိုင်တဲ့ အချက်ပါ။
ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူတွေထက်
သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့
ဆိုတာပါ။ အနေစုက်ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့
ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ်လုံခြုံအောင်
ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ
မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ
မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူတတ်ရင် လွယ်ပါတယ်။ နေ့စဉ်
မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ
ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊
လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊
စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ
လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း
သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ
အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး
ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိကပ်နေထိုင်သွားမယ်ဆိုရင်
ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေမယ့်
သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့
လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ
လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊
ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါဘူး။
ထားပါတော့။
ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။
ငွေကြေးမတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး
ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို
အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ကုသိုလ်၊
တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို
မှန်ကန်စေတဲ့ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို
အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဘာမှမရင်းရဘဲ
ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့
အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး
အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊
လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊
လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့
ဒါတွေဟာ စိတ်ထားကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင်
သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊
ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ
ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း
အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန်
သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ်ဖြစ်ဖို့လွယ်သလောက်
ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင်
အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့
ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး
ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ
မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို
အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။
ဦးဝိစိတ္တ (ကိုရီးယား)
No comments:
Post a Comment