ခရစ်ယာန်ဘာသာ မဟာမေဒင်ဘာသာတို့၌ သတ္တ၀ါတို့၏ ကောင်းကျိုးဆိုးကျိုးများကို
ထာဝရဘုရားသခင် စသည်တို့က ဖန်ဆင်းပေးသည်ဟု ဖန်ဆင်းပေးသူကို စွဲလမ်းကြပါသည်။
ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာဝင်တို့က “ကောင်းကျိုး၊ ဆိုးကျိုးကို ရှေးကပြုခဲ့သော ကံ(အပြုအမူ)
က စီမံပါ၏။ ဟု ရှေးကံကို စွဲလမ်းကြ၏။ ” အရာရာ၌ ကံကိုချည်း စွဲလမ်းသူများလည်း “ ပုဗ္ဗေ
ကတဟေတုဒိဌိ” ခေါ် မိစ္ဆာဒိဌိတစ်မျိုးမှ မလွတ်ကင်းဘဲ ရှိကြလေသည်။ ထိုဒိဌိ၏ ယူမှားပုံကား
“ယခု မျက်မြင် သတ္တ၀ါတွေသည် ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးသော အကြင်အကျိုးကို ခံ
စားရ၏။ ထို အကျိုးအားလုံးသည် ရှေးကပြုခဲ့သော ကံကြောင့်ချည်းသာ ဖြစ်၏။” ဟု ယူလေ၏။
မိစ္ဆာအယူကို စဉ်းစားလျှင် “မကောင်းလည်း ကံ၊ ကောင်းလည်း ကံ” ဟု ကံတစ်ခုကိုသာ
စွဲလမ်းကြသော ဗုဒ္ဓဘာသာဝင်တို့ကလည်း ထို ပုဗ္ဗေကတဟေတုဒိဌိမှ မလွတ်သည်ကို တွေ့ရ
ပေသည်။ ထို့ကြောင့် သမ္ပတ္တိ ၄ ပါး၊ ၀ိပတ္တိ ၄ ပါး တို့ကို စဉ်းစားပြီးလျှင် ငါတို့သန္တာန်၌ အကျိုး
မပေးရသေးသော ကုသိုလ်ကံ၊ အကုသိုလ်ကံများ အစဉ်တစိုက် လိုက်ပါနေသည်ကား မှန်၏။
သို့သော် ထိုကံတွင် အကုသိုလ်ကံတို့သည် ၀ိပတ္တိအမျိုးမျိုး ဆိုက်နေရာ အခါမှသာ အကျိုးပေး
ခွင့် ရကြ၏။ ကုသိုလ်ကံတို့လည်း သမ္ပတ္တိ အမျိုးမျိုးရှိမှသာ အကျိုးပေးခွင့် သာကြပေသည်ဟု
ယုံကြည်ကြရပါမည်။
အကုသိုလ်ကံ အကျိုးပေးဖို့ရာ (ကံဇာတာညံ့ခိုက်) ကြုံသော်လည်း သတိ၊ ၀ီရိယ၊ ဉာဏ်
ဟူသော ပယောဂ သမ္ပတ္တိ ရှိသူမှာ အကုသိုလ်များ မကောင်းကျိုး မပေးဘဲ ရှောင်လွဲရမည်သာ
တည်း။ အကယ်၍ ယခုဘ၀၌ သူတော်ကောင်းတရား ပါရမီများကို ကြိုးကြိုးစားစား ထူထောင်
လိုက်ပါလျှင် နောက်နောင် သံသရာဝယ် ကောင်းမြတ်သော “ဂတိ”ကို ဧကန် ရမည်သာတည်း။
ထိုသို့ ဂတိသမ္ပတ္တိ စသည်နှင့် အဆင့်ဆင့် ကြုံနေပါမူ ရှေးရှေးက ပြုခဲ့သော အကုသိုလ်ကံတို့
သည် နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင်ပင် အကျိုးပေးခွင့် မရနိုင်။
ထို့ကြောင့် မိမိမမြင်နိုင်သော ရှေးကံကို တွေးကြံကြောက်မနေဘဲ ယခုဘ၀၌လည်း စီး
ပွားရေး တန်းမြင့်၍ နောင် သံသရာ၌လည်း အဆင့်ဆင့် မြင့်မြတ်လေအောင် ယခုလက်ငင်း
ပြုပြင်၍ ရကောင်းသော ပယောဂသမ္ပတ္တိကိုသာ ထူးထူးခြားခြား ကြိုးစား၍ ပြုပြင်ကြရပါမည်။
တရားချစ်ခင် တရားကျင့်ကြံအားထုတ် နေကြတဲ့ ဓမ္မမိတ်ဆွေတို့ကလည်း ဤသို့ ပြုပြင်နိုင်ကာ
ဘ၀မြင့်မြတ်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။
{ အမရပူရမြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာကို
ကိုးကားရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment