သူဌေးသမီးကာဠီ။ ။ ရာဇဂြိုလ်မြို့၌ ကိုယ်ဝန်အရင့်အမာဖြင့်
ကာဠီမည်သော သူဌေးသမီးသည်
ဝါဆိုလပြည့်နေ့ဝယ်အာသဠှီနက္ခတ်ပွဲသဘင်ဆင်ယင်နေသောတမြို့လုံးကိုကြည့်လို၍သူတို့၏ပြာဿဒ်
အထပ်ထပ်သို့တက်ပြီးလျှင်လေသာတံခါး၌လေညှင်းခံလျက်မြို့၏သာယာပုံကိုကြည့်ရှုနေလေသည်၊
ထိုအချိန်၌ သာတာဂိရ ၊ ဟေမဝတမည်သော
နတ်စစ်သူကြီးနှစ်ယောက်တို့သည်နောက်ပါ အခြွေအရံ ငါးရာစီနှင့်အတူ
ထိုပြဿဒ်၏အထက် ကောင်းကင်ဝယ်ဆုံမိကြလေသည်။
နတ်စစ်သူကြီးများ၏ရှေးအဖြစ်။
။ ထိုနတ်စစ်သူကြီးနှစ်ယောက်တို့သည် ကဿပမြတ်စွာဘုရား
ပရိနိဗ္ဗာန်စံတော်မူပြီးသောအခါ ရဟန်းပြုကြ၍ ပိဋကကျွမ်းကျင်သော
ပညာရှိသူတော်ကောင်းကြီးများဖြစ်ခဲ့ကြလေသည်။ တပါးတပါးလျှင်
အခြွေအရံငါးရာစီရှိ၏။ ဝိနည်းဆုံးဖြတ်မူ၌ အလွန်ကျွမ်းကျင်တော်မူကြသည်။
တနေ့သ၌ကား- အဓမ္မဝါဒီ(မတရားပြောလေ့ရှိသော ရဟန်းတပါးသည်)သူ့မှာရှိသော
အမူတစ်ခုကြောင့် ထိုဆရာတော်တို့အထံသို့လာ၍ တပည့်ခံလေသည်။
အဓမ္မဝါဒီက
တောင်းပန်။ ။ ထိုရဟန်းသည် သူ့အမူကို အခြားရဟန်းက
တရားစွဲလျှင် သူရှုံးမည်ကိုမြင်၍ (ထိုတရားကိုအဆုံးအဖြတ်မပေးဖို့ရန်)
အဖန်ဖန်တောင်းပန်၏။ ဆရာတ်ာကြီးနှစ်ပါးလည်းပထမ၌ ထိုရဟန်းတောင်းပန်သည်ကို
လက်မခံကြပါ။ သို့သော် ထပ်ကာထပ်ကာ
တောင်းပန်သောကြောင့်တပည့်လည်းဖြစ်နေသောထိုရဟန်းကိုငဲ့ညှာသောအားဖြင့်
အခြားရဟန်းက
တရားဆွဲလာသောအခါ ထိုအမူကိုလက်မခံပဲ ရှောင်လွဲနေလိုက်ကြ၏။
ထိုအဂတိလိုက်မှုကြောင့် ဓမ္မဝါဒီ ရဟန်းကောင်းကလေးသည် "ယခုအခါမှ
သာသနာတော်ကြီးကွယ်ပါပေါ့" ဟုပြောဆိုငိုကြွေးရှာ၏။ ဆရာတော်ကြီး၂ပါးလည်း
ထိုအခါကျမှ နောင်တရ၍ စိတ်မချမ်းမသာဖြစ်ကြလေသည်။
ဆရာတော်ကြီးနှစ်ပါးယက္ခဖြစ်။
။ အချိန်ကျ၍ပြန်လွန်တော်မူကြသောအခါ သီလ သမာဓိ ပညာရှိပုံအတိုင်းဖြစ်ရလျှင်
အထက်နတ်ပြည်၌ဖြစ်နိုင်စရာရှိ၏။ သို့သော်
အဂတိလိုက်မှုအပြစ်ကြောင့်အထက်နတ်ပြည်၌မဖြစ်နိုင်ဘဲ ဆရာတော်တစ်ပါးသည် ဟိမဝန
္တာဝယ် ဟေမဝတတောင်၌ ယက္ခအမျိုးတွင် ပါဝင်သောနတ်စစ်သူကြီးဖြစ်၏။
ဆရာတော်တစ်ပါးကား မဇ္စိုမဒေသ၌ သာတတောင်ဝယ်
သာတာဂိရမည်သော
နတ်စစ်သူကြီးဖြစ်လေသည်။ သူတို့၏တပည့်များလည်း ဆရာကြီးများအပေါ်၌
သံယောဇဉ်ရှိကြသောကြောင့် ထိုနတ်စစ်သူကြီး၏အထံ၌ အခြွေအရံ
နတ်စစ်သားများဖြစ်ကြလေသည်။
တွေ့ဆုံကြခြင်း။ ။
ထိုနတ်စစ်သူကြီးနှစ်ယောက်တို့သည် ဟိမန္တာဝယ်စည်းဝေးနေကျဖြစ်သော
နတ်အစည်းအဝေး၌တွေ့ဆုံကြသောအခါ တစ်ယောက်ကတစ်ယောက်ကို မှတ်မိကြသဖြင့်
ကဿပဘုရားသာသနာတော်ဝယ် အနှစ်၂သောင်းကြာအောင် ရဟန်းဘဝ၌
တရားဖြင့်နေခဲ့ကြပါလျက် အောက်တန်းယက္ခမျိုးမှာဖြစ်ရပုံကို တွေးကာ
နှစ်ယောက်လုံးဆွေးရှာကြလေ၏။ ထို့နောက်"မိမိနေရာဒေသ၌ အထူးအဆန်းတွေ့ရလျှင်
အကြောင်းကြားကြစတမ်း" ဟုကတိထားလျက် အချင်းချင်း ကူးလူးဆက်ဆံရင်ပင် ငါတို့၏
ဘုရားရှင် လက်ထက်တော်သို့ ရောက်လာကြလေသည်။
ဆုံမိခြင်း၏အကြောင်း။
။ ဘုရားရှင်သည် ဝါဆိုလပြည့်နေ့၌ မိဂဒါဝုန်တောဝယ် ဓမ္မစကြာတရားကို
ဟောတော်မူ၏။ ထိုဟောတော်မူရာအရပ်သို့ ဟိမဝန္တာ၌ကား အခါတိုင်းထက်
ထူးခြားသောသာယာကြည်နူးဖွယ်တွေဖြစ်နေသောကြောင့် ဟေမဝတနတ်စစ်သူကြီးသည်
ထိုကြည်နူးဖွယ်ကို မိတ်ဆွေ သာတာဂိရနတ်အား ပြလိုသည့်အတွက်နောက်ပါ
အခြံအရံများနှင့်အတူ သာတာဂိရနတ်ဆီသို့ ထွက်ခဲ့လေသည်။ သာတာဂိရနတ်လည်း
ဘုရားရှင်၏ ဓမ္မစကြာတရားတော်ကို ကြားနာပြီးသောအခါ မိမိမိတ်ဆွေအား
ဘုရားရှင်၏အကြောင်းကို ပြောပြလိုသည့်အတွက် ဟေမဝတနတ်ရှိရာသို့
နောက်ပါနတ်များနှင့်အတူ
ခရီးထွက်ခဲ့လေသည်။ ထိုသို့အသီးသီး ကိုယ့်ရည်ရွယ်ချက်ဖြင့်
ခရီးထွက်လာခဲ့ကြစဉ် ကာဠီသူဌေးသမီးနေရာပြဿဒ်၏အထက်ကောင်းကင် အရပ်၌
ဆုံမိကြလေသည်။
ဘုရားဖူးခေါ်ခြင်း။ ။
တွေ့လျှင်တွေ့ခြင်း ဟေမ၀နတ်ကစ၍ ဟိမ၀န္တာ၌ထူးထူးခြားခြား
အံ့သြဖွယ်ဖြစ်နေသောကြောင့် မိတ်ဆွေအားမြင်စေလို၍ အခေါ်လာရကြောင်းကို
ပြောသောအခါ သာတဂိရနတ်ကပြန်၍
ပြောသည်မှာ....မိတ်ဆွေ.....ဟိမ၀န္တာတနေရာ၌သာထူးထူးခြားခြားဖြစ်နေသည် မဟုတ်ပါ
တစ်ကမ္ဘာလုံးတွင်ထူးထူးခြားခြား
အံ့သြဖွယ်တွေဖြစ်နေပါသည် လောက၍အလုံးစုံကိုအကုန်သိနိင်သော
ဗုဒ္ဓရှင်တော်ထွန်းပေါ်နေပါပြီ ယနေ့ဓမ္မစင်္ကြာတရားဦး
နေ့ထူးနေ့မြတ်ဖြစ်သောကြောင့်
လောကဓါတ်တစ်သောင်းလုံးဝယ် အံ့သြဖွယ်သာယာမှုတွေဖြစ်နေပါသည်။
အံ့သြဖွယ်တွေဖြစ်နေတုန်းဝယ် တရားနာဖို့လဲအကောင်းဆုံးဖြစ်သောလပြည့်နေမှာ
သမ္မာသမ္ဗုဒ္ဓဂေါတမ ဘုရားရှင်ကိုဖူးမြင်ဖို့ရာလိုက်ခဲ့ပါ...။
ချက်ခြင်းမလိုက် ။ ။ ဟေမ၀တနတ်သည်သာတာဂိရနတ်ထက်တန်ခိုးလဲကြီး၏ ပညာလဲထက်၏ထို့ကြောင့်သာတာဂီရနတ်ကဘုရားဖူးလိုက်ဖို့
ခေါ်သော်လဲချက်ခြင်းမလိုက်သေးဘဲ
လောက၍ဘုရားအတု တရားအတုတွေများသောကြောင့်
ဘုရားအတုကိုဖူးမိလျှင်မိမိပါရှက်စရာဖြစ်သောကြောင့်ဘုရားစစ်မစစ်ကိုသိရန်မေးခွန်းများစွာမေမြန်းလေသည်။
(နတ်စစ်သူကြီးနှစ်ပါး
မေးဖြေ သည့်အကြောင်းအရာများမှာ ဘုရားရှင်၏ ကောင်းခြင်းလက္ခဏာတော်များ၊
ဘုရားရှင်၏ဂုဏ်တော်များ၊ ကိလေသာဟူ၍မြူတမှုန်မျှပင်မရှိပုံ အာသဝေါ
ကင်းပုံတို့ဖြစ်ပါသည်၊
အသေးစိတ်မေးဖြေပုံများကိုတင်ပြလျှင်လွန်စွာရှည်လျှားမည်ဖြစ်သောကြောင့်အတိုချုပ်သာတင်ပြပါသည်။)။
စကားချပ် ။
သောတပန်တည်ကြခြင်း။
။ထိုသို့မေးဖြေပြီးသောအခါ ဗုဒ္ဓမြတ်စွာ၏ ကာယကံ ဝစီကံ မနောကံ
သုံးပါးလုံးသန့်ရှင်းစင်ကြယ်တော်မူပုံကိုလည်းကောင်း
ဝိဇ္ဇာစရဏနှင့်ပြည့်စုံတော်မူပုံကိုလည်းကောင်း
ကိလေသာအာသဝေါကုန်ခမ်း၍ရဟန္တာဖြစ်ပုံကိုလည်းကောင်း
သဗ္ဗညုတဥာဏ်စက္ခုဖြင့်အရာရာကိုကြည့်ရှုထင်ထင် သိမြင်တော်မူပုံကိုလည်းကောင်း
နောက်ထပ်ဖြစ်ဖို့ရာ ဘဝအသစ်မရှိပုံကိုလည်းကောင်းသိရသောကြောင့်
"သည်အတိုင်းပြည့်စုံလျှင် အသင်ချီးမွမ်းတာ မှန်ပါပေတယ်" ဟုဝန်ခံလေသည်။
ထို့နောက် ဘုရားအထံသို့ သွားကြ၍ တရားနာရသောအခါ
အခြွေအရံနတ်စစ်သားတစ်ထောင်နှင့်အတူသောတပန်တည်ကြလေသည်။
ကာဠီသောတပန်တည်ခြင်း။
။ ကာဠီအမျိုးသမီးသည် ထိုနတ်စစ်သူကြီးနှစ်ယောက်တို့၏ မေးကြ ဖြေကြရာဝယ်
ဘုရားဂုဏ်တော်များကို အစအဆုံးနားစိုက်နေ၏။ ထိုသို့နားထောင်ရင်း
နားထောင်ရင်းပင် "အော်... ဗုဒ္ဓဆိုတာ ဤမျှလောက် ထူးခြားသော
ဂုဏ်တော်များနှင့် ပြည့်စုံတော်မူပါတကား" ဟုတွေးကာ လွန်စွာနှစ်သက်သော
ပီတိဖြစ်လာ၏။ ထိုဘုရားဂုဏ်တော်ကိုအာရုံပြုသောပီတိအဟုန်ကြောင့် သောတပန်တို့
ပယ်ထိုက်သော ကိလေသာ နီဝရဏတွေ ကင်းကွာ၍ ထိုနေရာ၌ပင်သောတပန်ဖြစ်ရပေသည်။
(မှတ်ချက်။
။ ဤကာဠီအမျိုးသမီးသည် ဘုရားရှင်ကို မမြင်ဖူးသေး၊ အနိစ္စ ဒုက္ခ အနတ္တ
ဟုရှုဖို့ရန် ဝိပဿနာကို သူ့ကိုယ်တိုင်ကြားနာဖို့မှာ သာ၍ဝေးသေး၏။ သို့ပါလျက်
ထိုနတ်စစ်သူကြီးတို့၏အမေးအဖြေစကား၌ဘုရားရှင်၏ ဂုဏ်တော်များကို
ကြားရရုံမျှဖြင့် ဗုဒ္ဓမြတ်စွာကိုမှန်း၍ကြည်ညိုကာ ရွှင်လန်းသော ပီတိဖြင့်
ကိလေသာ တချို့ကို ခွာ၍ အရိယာ ဥပါသိကာ ဖြစ်နိုင်သည်မှာထူးခြားသော
မှတ်သားဖွယ် ဖြစ်ပါပေသည်။)
သောတပန်ဖြစ်ခြင်း၏အကြောင်း။ ။
ဤကာဠီအမျိုးသမီး၏သောတပန်ဖြစ်ပုံနှင့်စပ်၍
သောတပန်ဖြစ်နိုင်ခြင်း၏အကြောင်းကိုလည်းသိထိုက်ပါသည်။ (၁)
သူတော်ကောင်းတို့ကို ဆည်းကပ်ရခြင်း၊{သပ္ပုရိယသံသေဝ} (၂)
သူတော်ကောင်းတရားတို့ကိုကြားနာရခြင်း {သဒ္ဓမ္မဿဝန} (၃) ကောင်းသော
နှလုံးသွင်းရှိခြင်း {ယောနိသောမနသိကာရ}
(၄)လောကုတ္တရာတရားနှင့်သင့်လျော်သောအကျင့်ကိုကျင့်ခြင်း{ဓမ္မာနုဓမ္မပ္ပဋိပတ္တိ}
ဤလေးပါးသည် သောတပန်ဖြစ်ခြင်း၏ အကြောင်းဖြစ်သော ဂုဏ်အင်္ဂါများဖြစ်သည်။
ကာဠီ၌ထိုဂုဏ်များရှိပုံ။
။ ကာဠီအမျိုးသမီးသည် ထိုညဥ့်အခါဝယ် (၁) ဗုဒ္ဓမြတ်စွာ၏အကြောင်းအရာကို
မေး-ဖြေမည့် နတ်စစ်သူကြီးများနှင့် အဆင်သင့်ကြုံကြိုက်၏။
ထိုသို့ကြုံကြိုက်ခြင်းသည်ပင်သူတော်ကောင်းနှင့်ပေါင်းမိခြင်းဖြစ်သည်။ (၂)
ဘုရားရှင်၏ဂုဏ်တော်များကိုကြားနာရခြင်းသည်
သူတော်ကောင်းတရားကိုနာရခြင်းပင်တည်း။ (၃) ထိုဂုဏ်တော်ကို
စိတ်စိုက်၍နားထောင်လိုခြင်းသည်ကောင်းသောနှလုံးသွင်းခြင်းဖြစ်၏။ (၄)
ထိုနှလုံးသွင်းအားလျှော်စွာ ဝမ်းမြောက်ဝမ်းသာဖြင့်
ရိုသေစွာနားစိုက်နေခြင်းသည် လောကုတ္တရာတရားနှင့် သင့်လျော်သောအကျင့်ကို
ကျင့်ခြင်းဖြစ်၏။ ဤသို့သောတပန်ဖြစ်ခြင်း၏
အကြောင်းအင်္ဂါလေးပါးနှင့်ပြည့်စုံသောကြောင့်လည်းကောင်း
ရှေးရှေးကလည်းကမ္ဘာတစ်သိန်းမျှပါရမီဖြည့်ခဲ့ ဖူးသောကြောင့်လည်းကောင်း
ကာဠီအမျိုးသမီးသည် လွယ်ကူစွာဖြင့် သောတပန်ဖြစ်ရသေည်။
သောတပန်လက္ခဏာ။
။ "သောတပန်ဖြစ်သူ" ဟုအသိအမှတ်ပြုဖို့ရာ အင်္ဂါလက္ခဏာသည် (၁)
ဘုရားရှင်၌ဥာဏ်ဖြင့်သက်ဝင်၍ကြည့်ညိုခြင်း (၂) ဘုရားရှင်ဟောတော်မူအပ်သော
တရားတော်နှင့်မဂ်ဗိုလ်နိဗ္ဗာန်တရားတော်တို့၌ ဥာဏ်ဖြင့်သက်ဝင်၍ကြည်ညိုခြင်း။
(၃) အရိယာဖြစ်သော သံဃာတော်၌ ဥာဏ်ဖြင့်သက်ဝင်၍ ကြည်ညိုဖြင်း (၄)
ငါးပါးသီလမပြတ်မကျိုးမညှိုးဘဲ သမာဓိ၏ အခြေခံဖြစ်ခြင်း ဤ၄ပါးသည် သောတပန်၏
အင်္ဂါလက္ခဏာပင်တည်း။
ကာဠီ၏သောတပန်လက္ခဏာ။း ။
ကာဠီအမျိုးသမီး၌ ထိုလက္ခဏာ လေးပါးတွင် (၁) ဘုရားရှင်၌ဥာဏ်ဖြင့်သက်ဝင်၍
ကြည်ညိုခြင်းဟူသော ပထမလက္ခဏာပင်ဖြစ်သည်
ပီတိဖြစ်လောက်အောင်ကြည်ညိုခြင်းအားဖြင့် ထင်ရှား၏။ (၂)
သူ့ကိုယ်တိုင်သောတပန်ဖြစ်၍ နိဗ္ဗာန်မြင်ရသောကြောင့် တရားတော်၌
ဥာဏ်ဖြင့်သက်ဝင်၍ကြည်ညိုခြင်းလည်း ထင်ရှား၏။ (၃) ထိုအချိန်၌
အရိယာသံဃာတော်မရှိသေး၍ အရိယာသံဃာကို ကြည်ညိုမှု မထင်ရှားသေးသော်လည်း
အရိယာသံဃာတော်ကို ဖူးမျှော်ရသောအခါ ဥာဏ်ဖြင့် သက်ဝင်၍ ကြည်ညိုမည်သာ၊
သူ၏ကိုယ်ဝန်သည်ပင် ဖွားမြင်၍ ကြီးရင့်သောအခါ"အရှင်သောဏ" မည်သော ရဟန
္တာဖြစ်ပါလိမ့်မည်။
ကာဠီသည်ပင်ကိုယ်အားဖြင့်ငါးပါးသီလလုံခြုံနေသူဖြစ်၍သောတပန်ဖြစ်ပြီးသောအခါ၌ကား
သာ၍ပင် စင်ကြယ်မည်သာ၊ ထို့ကြောင့်ကာဠီ၌သောတပန်လက္ခဏာ
အပြည့်အစုံရှိပြီဟုမှတ်ပါ။
(ကျမ်းကိုး။ ။ မန္တလေးမြို့မစိုးရိမ်တိုက်၊
မဟာဂန္ဓာရုံဆရာတော်အရှင် ဇနကာဘိဝံသ ရေးသားစီရင်တော်မူသော ဗုဒ္ဓါနုဿတိဘာဝနာ
အမှတ်(၃၄)ကျမ်းစာ စာအုပ်မှကာဠီသဌေးသမီးဝတ္ထု
ကိုတင်ပြခြင်းဖြစ်ပါသည်၊အသေးစိတ် ကိုလဲ၎င်းစာအုပ်၌ ဖတ်ရှုလေ့လာနိင်ပါသည်...။)
ဆရာခင်ဗျား ဗုဒ္ဓဝင် အားအပြည့်အစုံ pdf အနေဖြင့်လေ့လာလိုပါသည် .downloadဆွဲ၍လေ့လာလိုပါသည် မည်သည့်Linkမှလေ့လာရမည်ကိုညွှန်ကြားပေးစေလိုပါ
ReplyDeleteသည်.