Saturday, October 5, 2013

အကျိုးပေးသော စေတနာဒါန။

         စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို “ဒါန” ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု
၂ မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထု
များကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထို
စေတနာကို “စေတနာဒါန” ဟုခေါ်၏။ နောက်ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း
ကျောင်း စသော ၀တ္ထုဒါနများက အကျိုးပေးကြသည်မဟုတ်။ အတွင်းသန္တာန်၌ဖြစ်သော စေတ
နာဒါနများကသာ အကျိုးပေးကြသည်။ လှူဖွယ်ဝတ္ထုဒါနစုမှာ စေတနာဖြစ်ဖို့ရာ အာရုံတွေသာ
တည်း။ ထို့ကြောင့် လှူဖွယ်ဝတ္ထုက မွန်မြတ်လျှင် စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်၏။
         ဆွမ်းလှူရာ၌ ထိုဆွမ်းကို အာရုံပြု၍လည်းကောင်း၊ ဆွမ်းဘုဉ်းပေးကြသော သံဃာများ
ကို အာရုံပြု၍လည်းကောင်း၊ အတွင်းသန္တာန် စိတ်စေတနာတွေများစွာ ဆက်၍ ဖြစ်နေ၏။ ထိုစိတ်
စေတနာတွေသည် ဖြစ်ပြီးလျှင် ချုပ်ကြသော်လည်း တစ်ခါတည်း မျိုးပြုတ်အောင် ချုပ်ပျောက်
ကြသည် မဟုတ်ပါ။ နောင်အခါ အကျိုးပေးရန် မိမိတို့သတ္တိကို မြှုပ်နှံ၍ ချုပ်သွားကြပါသည်။
လက်ဖျောက်တစ်ချက်တီးအချိန်တွင် စိတ်ပေါင်း ကုဋေတစ်သိန်းမက ဖြစ်ပျက်နိုင်ပါသည်ဆိုလျှင်
ထိုဆွမ်းကျွေးမှု ကုသိုလ်ပြုရာ အချိန်သည် ၃ နာရီကြာလျှင် ထိုအတွင်း၌ စေတနာပေါင်း မည်
မျှများပြားမည်ကို မှန်းဆကြည့်ပါ။ စေတနာအကျိုးပေးလည်း များပြားပါမည်။
         တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း အလှူဒါနပြုကြရာဝယ် စိတ်စေတနာဒါန
သည် မွန်မြတ်ရန်လိုကြောင်း နားလည်သဘောပေါက်ကြပြီး လှူဒါန်းနိုင်ကြကာ မြတ်နိဗ္ဗာန်သို့
ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{အမရပူရမြို့၊ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်
 အဘိဓမ္မာမှ ကောက်နုတ်ရေးသားပါသည်။ ။}
   “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment